Thursday, 31 March 2011

မမျှော်လင့်ခဲ့သော ....

“ထွတ်ခေါင် မင်း မလုပ်ပါနဲ့ကွာ ကောင်မလေးက မင်း ကို သိပ်ချစ်ရှာတာ ” လို့ ပြောလာသူက သူငယ်ချင်း ကျော်ကြီး

“ ငါ အစကတည်းကမှ သူ့ကိုမှ မချစ်ခဲ့ဘဲ လွမ်းလောက်စရာမရှိပါဘူး ကွာ” ထွတ်ခေါင် ပေါ့ပေါ့ပင်ပြန်ပြောလေသည်။

“ ဒါဆိုလဲ မင်း ဘာလို့ ဇာတ်လမ်း သွား စ ခဲ့သေးလဲ ” ပြန်မေးခွန်း ထုတ်လိုက်သူက ရာဇာ

“ ခက်တယ် မင်းတို့ကောင်တွေ ကြောင့် ငါစကားတခွန်းကို အထပ်ထပ် အခါခါ ပြောနေရတာ ငါ့အကြောင်းမင်းတို့ကို ပြောပြထားပြီးသားလေကွာ ” ထွတ်ခေါင် စိတ်မရှည်သလို ပြန်ပြောလေသည် ။

“ဟုတ်တာတော့ ဟုတ်ပါတယ် ကွာ ဒါက မင်းနဲ့ မသိခင်တုံးကလေ ခုတော့ မင်းကောင်မလေးက မင်းကို ဒီလောက်ချစ်နေတာကွာ မလုပ်သင့်ဘူး” ရာဇာက ထပ်၍ စေဒက တက်လိုက်လေသည်

“ သူ့ကို ယောက်ျားတွေက ဘယ်လိုမျိုးလဲ အထင်မသေးသင့်ဘူး ဆိုတာ သိအောင် တော့ လုပ်ရလိမ့်မယ် ငါ အဲဒါပဲသိတယ် ” ဟု ထွတ်ခေါင်က အေးဆေးပဲ ပြန်ပြောလေသည်။

“ မင်းကွာ ယောက်ျားတန်မဲ့ အငြိုးမထားသင့်ဘူးလေ” ကျော်ကြီးက ဝင်၍ပြောလေသည် ။

“ ယောက်ျားတွေ အငြိုးမထားရဘူးလို့ ဘယ်သူပြောခဲ့လဲ ဘယ်ပညာရှိပြောခဲ့လဲ ငါ့ကို ပြောကြလေ ” ထွတ်ခေါင် တလုံးမကျန်ပင် ပြန်၍ပြောလေသည်။

“ မင်းကွာ ... အဲဒီလောက်ကြီးတော့ မရက်စက်သင့်ဘူး မင်း ကောင်မလေးက မင်းကို တော်တော်ချစ်ရှာတာ ငါတို့အားလုံးလဲ အသိပဲ မင်းကွာ...” ဟုသာ ကျော်ကြီးက ပြောလေသည်။

“ ဟေ့ရောင်ရေ... မင်းလုပ်ချင်တာ သာ လုပ်တော့ တားမရဘူးဆိုတာလဲ ငါတို့သိတယ် အစကတည်းက မလုပ်ပါနဲ့လို့ တားတာလဲ ငါတို့ပဲ မင်းပဲ ဖြစ်အောင် လုပ်ခဲ့တာ ခုလဲ .... အေးကွာ မင်းကြိုက်တာသာလုပ်တော့” ဟု ရာဇာက စိတ်မရှည်သလို ဝင်ပြောလေသည်။

“ မင်းကို မင်းအချစ်ဦးက အသည်းခွဲသွားတာနဲ့များ မင်းက ကမ္ဘာပေါ်မှာ ရှိရှိသမျှ မိန်းမတွေရဲ့ အသည်းကို လိုက်ခွဲတော့မှာလား အဲဒါရော တရားသလား ” ဟု ကျော်ကြီးက ထပ်မေးလေသည်။

“သိပ်မများပါဘူး ကွာ ပန်းနုနဲ့မှဆို ၅ ယောက်ပဲရှိပါသေးတယ်” ဟု ထွတ်ခေါင်က လက်ငါးချောင်းကို ထောင်ပြလေသည်။

“အရင် ကောင်မလေးတွေကို ငါမပြောဘူး ဟေ့ရောင် ဒီကောင်မလေးကတော့ အရင်ဟာလေးတွေနဲ့မတူဘူးနော် မင်းကို အရင်ဟာတွေထက် ပိုဂရုစိုက်တယ်ဆိုတာ မင်းသိထားသင့်တယ်” ဟု ကျော်ကြီး ထပ်၍ စောဒက တက်လိုက်လေသည်။ ရာဇာကတော့ ဒီကောင်ပြောမရပါဘူး ဆိုတဲ့ အကြည့်ဖြင့် ဘာမျှဝင်မပြောတော့ဘဲ နှုတ်ဆိတ်လျက်သာ နေတော့သည်။

“ သူ့ရဲ့အပြုအမူတွေကြောင့်ကို သူက ငါ့ရဲ့ တားဂတ်ဖြစ်သွားတာလေကွာ ငါမရည်ရွယ်ပါဘူး” ဟု ထွတ်ခေါင်က ခပ်ထေ့ထေ့ ပြုံး၍ပြောလေသည်။

*************************************************************************************************

ဖြစ်ပုံ။ ။

ထွတ်ခေါင်သည် အချစ်ဦးနဲ့ လွဲပြီးသည့်နောက်တွင် စိတ်အနာကြီးနာကာ “အချစ်အကြောင်းဆွေးနွေးကြမယ်” ဆိုသည့် forum တွင် member ဝင်ထားခဲ့သူဖြစ်သည်။ မန်ဘာတွေ တင်လာသမျှပို့စ်တွေကို အပြန်အလှန် ပျော်ရွှင်စွာ ဆွေးနွေးခဲ့လေသည်။ သူ့ရဲ့ nick က “အချစ်ကိုရှာဖွေနေသူ” တဲ့။ တနေ့တွင် “ပန်းနု” ဆိုသော ကောင်မလေး တယောက် မန်ဘာ အသစ်ဝင်လာသည်ကို သူ သိလိုက်ရသည် ။ စစဝင်ချင်းတွင် မန်ဘာ တယောက်တင်ထားသော ပို့စ်တွင်

“ ရှင်တို့ယောက်ျားတွေက အဖြစ်ကို မရှိတာပါ အသည်းလေး တခါကွဲရုံလောက်နဲ့ ဘဝမပျက်ပါဘူး သိပ်ပြီးလဲ ပိုမနေကြပါနဲ့ ဒါကြောင့်လဲ မိန်းကလေး လှည့်စားတာ ခံရတာပေါ့ ကျွန်မ ကတော့ ဘယ်ယောကျာ်းမှကို အထင်မကြီးတာ ” ဟူသည့် comment ကို ထွတ်ခေါင် တွေ့လိုက်ရသည် ။

“ ဟာ.. ဘလိုင်းကြီးပါလား စော်စော်ကားကား ငါတို့ယောက်ျားတွေ ” တဲ့ ဆိုပြီး စိတ်ထဲတွင် ချဉ်သွားလေသည်။ ဒီလိုနဲ့ ပန်းနုကို ထွတ်ခေါင် စ သိခဲ့လေသည်။ ထွတ်ခေါင်က

“ ဒီမယ် အမိ ယောကျာ်းတွေ အားလုံးလို့ မပြောသင့်ပါဘူး ပြန်ပြင်ပြောလိုက်ပါ အသုံးမကျတဲ့ ယောက်ျားရှိသလို အသုံးကျတဲ့ ယောက်ျားတွေလဲရှိတာပဲလေ မိန်းမတွေ သစ္စာမရှိတာလဲ ထည့်ပြောသင့်တယ် ” ဟု ပြန်ပြီး မန့်ခဲ့သည်။ ပန်းနု မန့်သည့်အထဲတွင် ယောက်ျားတွေကို မှိုချိုးမျှစ်ချိုး ပယ်ပယ်နှယ်နှယ် ဖဲ့ထားခဲ့လေသည်။ ပန်းနုသည် ယောက်ျားတွေကို အထင်သေးနေပုံရသည်။ ထိုအရာသည် ထွတ်ခေါင် ရဲ့ ဒေါသနဲ့ မခံချင်စိတ်ကို ဆွ ပေးလိုက်သလို ထို့အတွက်ကြောင့် ထွတ်ခေါင်သည် ပန်းနုကို တေးထားခဲ့လေသည်။

“တနေ့ကျ ပန်းနုအသည်းကို ရ အောင်ခွဲမယ် အဲဒီကျတော့မှ အသည်းကွဲတဲ့အရသာကို ဒင်း ကောင်းကောင်းကြီးသဘောပေါက်မယ် အဲဒီတော့စာနာတတ် လာမယ် အဲဒီအခါအချိန်ကျရင် ယောက်ျားတွေ အဖြစ်ရှိလား မရှိလား ဆိုတာကြည့်ကြသေးတာပေါ့” ဟု ကြိမ်းဝါးခဲ့လေသည်။

ထို့အတွက် ထွတ်ခေါင်သည် နောက်ထပ် nick အသစ်တခုဖြင့် forum ထဲသို့ ဝင်လာခဲ့လေသည် ။ ထို nick နံမည်က “လူရိုးလေး” ဖြစ်လေသည်။ ပန်းနုကို ချည်းကပ်ခဲ့သည်။ G talk တွင် invite လုပ်ခဲ့သည်။ ထို့နောက် စကားတွေ ပြောခဲ့ကြသည်။ အပြင်တွင် တွေ့ချင်သည်ဟု ဆိုကာ ချိန်းတွေ့ခဲ့သည်။ ဒီလိုဖြင့် တဖြေးဖြေး ပန်းနုနဲ့ အနေနီးအောင် ကြိုးစားခဲ့သည်။ ခင်မင်ရင်းနှီးမှု ၂ လ ပြည့်တွင် ပန်းနုကို ရည်းစားစကား ပြောခဲ့လေသည်။ ပန်းနုက ချက်ချင်းပင် ခေါင်းငြိမ့်၍ အဖြေပေးခဲ့သည်။ ထို့ကြောင့် ထို့ကြောင့် ပန်းနုနှင့် ထွတ်ခေါင်သည် သမီးရည်းစား အဖြစ်သို့ရောက်ရှိခဲ့လေသည်။ ပန်းနုသည် ထွတ်ခေါင်ဆီသို့ မနက်အိပ်ယာနိုးတိုင်း အိပ်ယာဝင်ခါနီးတိုင်း ဖုံးဆက်ခဲ့သည်။ သူငယ်ချင်းများရှေ့တွင်လဲ ထွတ်ခေါင်ကို မျက်နှာသာပေးခဲ့လေသည်။ “မောင်” ဟု ခေါ်ကာ ထွတ်ခေါင်ကို တော်တော်လေး ချစ်ခဲ့လေသည်။ ထွတ်ခေါင်ကိုလဲ အရမ်းဂရုစိုက်ကာ ထွတ်ခေါင်အကြိုက်မှန်သမျှ အားလုံးကို သိခဲ့လေသည်။ ထွတ်ခေါင်ကတော့ ဟန်ဆောင်ကာ ပန်းနုကို ချစ်ခဲ့သည်။ ပန်းနုအသည်းကို ခွဲမယ် ဆိုသည့်ရည်ရွယ်ချက်နဲ့ပေါ့။

ချစ်သူ သက်တမ်း ၅ လ ကျော်ကြာ ၆ လ လောက်ရောက်တော့မှ ဖြတ်ပစ်မည်ဟု စိတ်ကူးထားခဲ့သည်။ အခု ထွတ်ခေါင် စိတ်ကူးထားခဲ့သည့် နေ့ရက်ကို ရောက်လာခဲ့လေသည်။ ပန်းနုမျက်နှာကို စေ့စေ့ကြည့်ကာ စကားလုံး တလုံးချင်းစီဖြင့် ပန်းနုအသည်းနှလုံးကို ဓားဖြင့်မွှန်းရန် ........ ပန်းနုရဲ့ ငိုရှိုက်နေမည့် မျက်နှာကို မြင်ယောင်ရင်း ထွတ်ခေါင်သည် ပန်းနုကို တွေ့နေကြနေရာတွင် ချိန်းဆိုခဲ့လေသည်။

*************************************************************************************************

“မောင်... ရောက်နေတာကြာပြီလား ဟင်” ပန်းနုမေးလိုက်သောအခါ ထွတ်ခေါင် တယောက် တွေးနေသော အတွေးစ တို့ ပြတ်သွားလေသည်။

“ အင်း... မကြာသေးပါဘူး ပန်း”

“ ဆော်ရီးနော် ကားတွေ အရမ်းကျပ်နေလို့ ” ဟု ဆိုကာ ထွတ်ခေါင် မျက်နှာကို ပန်းနု အကဲခတ်လိုက်လေသည်။

“ မောင် မျက်နှာလဲ မကောင်းပါလား ဘာလဲ ပန်း နောက်ကျလို့ စိတ်ကောက်နေတာလား”

“မဟုတ်ပါဘူး ပန်း ရယ် ... ”

“ ဒါဆို ဘာလို့လဲ မောင်”

“ပန်း ကို မောင် ပြောစရာ တခုရှိတယ် သေသေချာချာ နားထောင်နော်”

“ အင်း...” ဟု ဆိုကာ ပန်းနုက ခေါင်းငြိမ့်ပြလေသည်။

“ မောင်နဲ့ ပန်း နဲ့ လမ်းခွဲကြရအောင်လား” ဟု ထွတ်ခေါင်က တလုံးချင်း ပြောလိုက်လေသည်။

ထို့နောက် ပန်းနု ဖြစ်သွားမယ့် မျက်နှာကို သေချာ ကြည့်နေလေသည်။ ပန်းနုသည် အံ့သြဟန်လဲ မပြ။ သို့ပေမယ့် မျက်မှောင်ကြုတ်ကာ နဲနဲစဉ်းစားလိုက်လေသည်။ ထို့နောက်..

“ ဒီနေ့က ဧပြီ ၁ ရက်နေ့လဲ မဟုတ်ပါဘူး ဒါဆိုရင် .... မောင် တကယ်ပြောနေတာလား ” ဟု ပြန်မေးသည်။

“ တကယ်ပေါ့ မောင် က ပန်းကိုမှ မချစ်ခဲ့ဘဲ အပျော်သဘောပဲ တွဲခဲ့တာပဲ” ဟု ထွတ်ခေါင်က ခပ်ထေ့ထေ့ ပြောလေသည်။ မိန်းကလေးတယောက် ဒီလိုပြောခံရတယ်ဆိုရင် ဒေါသတွေထွက်ကာ ပေါက်ကွဲပြီးတော့ အော်ဟစ်နေခဲ့ရမှာမဟုတ်ဘူးလား။ အရင်ကောင်မလေးတွေတုံးကဆို ငိုယိုကာ လမ်းမခွဲဖို့ တောင်းပန်လေသည်။ ပန်းနုလဲ ဒီလိုပဲ လာလိမ့်မည်ဟု ထွတ်ခေါင် တွေးထင်ထားခဲ့သည်။ သို့ပေမယ့်ပန်းနု တယောက်ကတော့ ငြိမ်သက်နေသည်။ ထွတ်ခေါင်သည် ပန်းနုကို ကြည့်ကာ သူဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ ဆိုတာ ဖြေရှင်းဖို့ ပါးစပ် ဟ လိုက်စဉ် .....

“ အတော်ပဲပေါ့ဟာ .... နင့်ဆီက ဒီလိုစကားကြားရတာ ဝမ်းသာပါတယ် ” ဟု ပန်းနုက ပြန်ပြောခဲ့သည်။

“မောင်” ဆိုတဲ့ အသုံးနှုန်းတောင် မသုံးတော့ပါလား ဟု ထွတ်ခေါင်စိတ်ထဲ တွေးလိုက်သည်။ ပန်းနုက ဆက်၍

“ အမှန်က ငါ့မှာ ချစ်သူရှိတယ်ဟ ငါ့ချစ်သူက အမေရိကားမှာ အလုပ်သွားလုပ်တယ် ငါလဲ သူ့နောက်လိုက်ဖို့ကြိုးစားနေတာ ဒီကြားထဲ နင်နဲ့ တွေ့တာပဲလေ ငါက နင့်ကို အပျော်သဘောတွဲဖို့လောက်ပဲ ရည်ရွယ်ခဲ့တာကိုး ငါတကယ် ချစ်တာ ငါ့ချစ်သူကိုပါ ငါ့ချစ်သူကိုပဲ လက်ထပ်ဖို့ စိတ်ကူးထားတာ အင်းလေ နင်က ငါ့လိုပဲ အပျော်တွဲတာဆိုတော့ ဘဲစားဘဲချေပေါ့ဟာ မဟုတ်ဘူးလား ကောင်းပါတယ် ငါလဲ နင့်ကို ဘယ်လိုအဆက်သွယ် ဖြတ်ရမလဲ ဆိုတာ စဉ်းစားနေတာ နင့်ကိုလဲ အားနာနေတာပေါ့ ခုတော့ အားလုံးအေးဆေးပဲပေါ့ဟာ နောက်တလ လောက်ကျရင်တော့ ငါ အမေရိကားကို လိုက်သွားဖြစ်မယ်ဟ အားလုံးအဆင်သင့်ဖြစ်နေပြီလေ နင် လဲ ကံကောင်းပါစေ ” ဟု သူပြောချင်တာ ပြောဆိုကာ ပန်းနုက ထွတ်ခေါင်ရှေ့ကနေ ကျော့ကျော့လေးထွက်သွားလေသည်။

ကိုယ့်ကိုယ်ကို လည်လှပါပြီဟု ဆိုသော ထွတ်ခေါင်တယောက် ဘာစကားမျှပင် မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားဖြင့် ပန်းနု နောက်ကျောကို စိုက်ကြည့်နေမိပါတော့သည်။

မှတ်ချက်။ ။ ယောက်ျားများ ကိုယ့်ကိုယ်ကို အထင်မကြီးသင့် ။ မိန်းကလေးများကိုလဲ အထင်မသေးသင့် ။


Facebook မှာ တင်ထားပြီး blog ပေါ်မတင်တော့ဘယ်ကောင်းမလဲနော် ... ဘက်လိုက်သလိုဖြစ်မှာပေါ့နော့် ဒါနဲ့ တင်လိုက်ပါတယ် ဟိ

5 comments:

ဒါရိုက်တာကွက်စ် said...

မာယာတွေများတဲ့ လောကကြီးပါလားနော်..။
ဒါမျိုးတွေ မဆုံဖို့ ဆုတောင်းရမယ်ထင်တယ်း)

ကိုဇော် said...

အဟဲ . .ဘာမှ ထပ်မပြောတော့ဘူးနော်။

ခြင် said...

လာလည်တွားတယ်... ဂျစ်ဝက်.... :))

မျက်မှန်လေး said...

nice , nicer , nicest...

kyit ya tar ...york kyar twae a htar ti pe tar htin tel hey...dote wat ga tot..:D

စံပယ်ချို said...

မမျှော်လင့်ခဲ့သော ....
ကိုမျော်လင့်ချက်တွေနဲ့ဖတ်သွားပါတယ်ရှင်။
ချမ်းမြေ့ပါစေ။