Saturday, 31 October 2009

A to Z

A Alarm လေ သိပ်မုန်းပါတယ် အိပ်ကောင်းနေတုံး (အိမ်မက်ထဲမှာ စားကောင်းနေပြီ) ဆိုမြည်ပြီ အညင်ကတ်လို့ ပြန်ပိတ်ပြီး အိပ်ပေါင်းလဲ များနေပြီ ဟဲဟဲ (အဲဒီလိုနဲ့ ၇နာရီခွဲ alarm ပေးထားရင် ၁၀ နာရီလောက်မှ ထ ဖြစ်ပါတယ် ဟီးးးးးး)

B Blog ပါ ပထမဆုံး ကွန်ပြူတာ ဖွင့်ရင် အရင်ဆုံး ဖွင့်တဲ့ဆိုဒ် အဲဒီမှာ ဘယ်သူတွေ အသစ်တင်လဲ ၁ လိုက်လုရတာ အမော (ဟောဟဲဟောဟဲ မောတယ် ဖွားကိ ပါးလုံး အိမ်ကျယ် တို့နဲ့ အပြိုင်လု ရတာ တခါတလေ ဖေသားကြီးတောင် ပါသေး အဟေးးးအဟေးးးး)

C Computing ဘာသာရပ်ကို သင်ကြားနေပါတယ် (ဘာမှလာမမေးပါနဲ့ ကွန်ပြူတာနဲ့ပတ်သက်ရင် ပိတ်တာဖွင့်တာလောက်ပဲ သိပါတယ်)

D Dream(မက်မက် မဟုတ်ဘူးနော်) အိမ်မက်တွေ ရှိတယ် အဲဒါတွေကို အကောင်အထည် ဖော်ချင်တယ် ဖြစ်လာမယ်လို့လဲ ယုံကြည်ပါတယ်

E Exam လေ ကျောင်းသားတိုင်း ကျောင်းသားတိုင်း အမုန်းဆုံးပေါ့ ဟုတ်တယ်မလား (စာမေးပွဲမဖြေပဲနဲ့ Grade ကောင်းကောင်းနဲ့ အောင်ချင်ပါတယ် ဟဲဟဲ)

F Food ပေါ့ ခါး တဲ့အစားအစာကလွဲလို့ အကုန်စားတယ် ဘာမှမရှောင်ဘူး ယောင်းချက်ကျွေးမယ့် ဂေါ်ဇီလာ ခြေသည်းနဲ့ ဦးလူထွေးရဲ့ ချေးပိုးထိုး တုတ်ထိုးပါ ဖြစ်နိုင်ရင် စားချင်တယ် (လောလောဆယ် ယောင်းဘာမှမချက်နိုင်ပါ)

G Gucci လို့ပြောတဲ့ ဟီးရိုးအင်းရေ ငါတော့မဝယ်နိုင်ဘူးဟယ် ဟဲဟဲ အလကားပေးရင်တော့ ယူမယ်လေ ဟီးးးးး(သိပ်လဲ အကောင်းမကြိုက်ရှာဘူး)

H Htoo Eain Thin ရဲ့ အမေ့အိမ် သီချင်းကို ကြိုက်ပါတယ်

I Internet လေ အဲဒါကြီးမရှိရင် မနေတတ်ဘူး တကယ်ပြောတာ (အယ် ရေးလိုက်တာ ဟီးရိုးအင်း နဲ့တူသွားပြီ တော်ပြီ ပြန်မပြင်တော့ဘူး အမှန်ရေးတာပဲ ဟာပဲဟာပဲဟာကို နော်)

J Job ကောင်းကောင်းလိုချင်တယ် ဗျာ (ဥပမာ တနာရီကို ပေါင် ၂၀ ရတဲ့အလုပ်မျိုးပေါ့ ဟိဟိ)

K Korea သွားချင်တယ် အဲဒီမှာ ရုပ်ရှင်မင်းသားတွေကို သွားငမ်း အဲလေ ဟုတ်ပါဘူး မင်းသမီး သွားလုပ်မလို့ ဟိဟိ လာအားပေးကြနော် အခွေ ထွက်ရင် သိလား (ကိုရီးယားကိုလာရင် ကြယ်က ဘောဒီဂတ်လုပ်မယ် ဆိုပဲ)

L Lottery ထိုးပါတယ် မပေါက်တာခက်တယ် (အယ် ပေါက်တဲ့ဟာ တခုတော့ရှိပါတယ် ပါးလုံး အိမ်ကျယ် မဖော်ကြေးနော် ဟီးဟီးးး)

M Myanmar တဲ့ သီချင်းတောင်ရှိသေးတယ် ဘာတဲ့ Beautiful Land Myanmar ဆိုပြီးလေ သိလား အဲဒါ မသိရင်လဲ ဝက် ဆိုတယ်ပဲထားလိုက်တော့ ဟားဟားးးးး

N No pain no gain တဲ့ အနာခံမှ အသာစံ တဲ့ အဲဒါလေးကို သဘောကျပါတယ်

O Olympic လေ ၂၀၁၂ မှာ ဒီမှာလုပ်မယ်တဲ့ အဟီးးး Nadal ကိုသွားအားပေးလိုက်ဦးမယ် (ကမ္ဘာကြီးရေ မပျက်နဲ့ဦးနော် သိလား ခဏလောက်အောင့်ထားဦးဟ)

P Pork ကြိုက်တယ်နော် JD ချက်တဲ့ ဝက်သား တအိုးလုံးလဲ စားမယ်နော် ဟိဟိ (ဦးလူထွေး ပြောတဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဘလော့ဂ်တန်ဆောင်ထဲကလေ)

Q Quality မကောင်းတဲ့ ပစ္စည်းဆိုရင် အလကားပေးတောင် မယူဘူး (အလဲ့ လေကလဲကျယ်ထှာနော်)

R Rush Hour ကားလေ Jackie Chan ပါတဲ့ကား အဲဒီကားလေး လဲ စီဘောကျလယ်ကွယ် အဲဒီအထဲက ကုလားက ရီရတယ်

S Squid ဆိုတဲ့ ပြည်ကြီးငါးကို ကြိုက်တယ် အစ်ကိုနဲ့ အပြိုင်စားတာ

T Thorn ဆူးများတဲ့ နှင်းဆီပန်းကို မကြိုက်ဘူး သိလား လာမပေးနဲ့နော် ဟီးးးးးးးးးးး

U Umbrella သီချင်းကို ကြိုက်တယ် Rihanna ကိုလဲ ကြိုက်တယ်

V Virus တွေအများကြီးထဲက HIV ကိုအကြောက်ဆုံးပဲ

W Wait ဆိုတဲ့ စောင့်ရတဲ့အလုပ်ကို သိပ်မုန်းတာပဲ သိလား

X Xylophone တီးဖူးတယ်သိလား ကျောင်းမှာလေ တလု တလု ထုံချမ်းချမ်း အဲဒါသိလား ဟိုလေ ဝန်ကြီးပဒေသရာဇာ ရေးတဲ့ ပန်ထျာတေရှင် ထင်တယ် အဲဒီသီချင်းလေ တီးပြီးဆိုရတာ မှတ်မိသေးတယ် (ငယ်ငယ်က သူငယ်ချင်းတွေ လွမ်းတွားပြီကွယ်)

Y Youth ငယ်ရွယ်မှု အပူအပင်ကင်းတဲ့ ကလေးလေးဘဝလေးကို တခါပြန်ပြီးရချင်သေးတယ် (ဟိဟိ သီချင်းဆိုကြည့်ထှာ ကောင်းလား)

Z Zzzz အိပ်ခြင်းဟာ အပြစ်ကင်းတော့ အလုပ်တခုပါပဲတဲ့ ညီမကတော့ တနေ့ကို ၁၀ နာရီလောက် အိပ်မှ အိပ်ရေးဝ သူပါ ဟားဟားးးးးးး

တဂ်ထားတဲ့ ဟီးရိုးအင်းရေ ငါ အရမ်းတောင်းပန်တယ်ဟာ ပြီးရင် ဇကောပန်မယ်နော် သိလား ငါ လုံးလုံးကို မအားလို့ဟာ နော် အိမ်လေးပြင်နေတာရယ် စာမေးပွဲရှိတာရောကြောင့်သိလား အားနာတယ် ဟာ တဂ်ထားတဲ့လူတောင် မေ့နေလောက်ပြီ so sorry ဟာနော် ဘိုင်းးးးးးးး(ချော်လဲတာဟုတ်ဘူးနော် တာ့တာ လုပ်တာ)
aww ဒါနဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမများ စိတ်ဆိုးတော် မမူကြပါကုန်ရန် လင့်ခ် တွေလိုက်ထည့်လို့မပြီးသေးလို့ပါနော် လင့်ခ် လေးတွေ တဆိတ်လောက် ချန်ထားပေးခဲ့ပါရန်.............

Saturday, 24 October 2009

ဒါတွေကိုယုံတယ်

ဗုဒ္ဓဘာသာ တယောက်အနေနဲ့ ကံကံရဲ့အကျိုးကို ယုံတယ်လေ ပြီးတော့ နောက်ဘဝ ရှိတယ် ဆိုတာယုံတယ် (သူများဘာသာရေးကို မထိခိုက်ပါဘူးနော် ကိုယ်ယုံတာကိုယ်ပြောတာနော်) ငရဲတိရစ္ဆာန် အသူရကယ် ရှိတာယုံတယ် နိဗ္ဗာန်ရှိတာ ယုံတယ် အင်း ပြောရရင်တော့ အများကြီးပါပဲ ဝဋ်တွေ ဘာတွေလဲ ယုံတယ် အဟဲ ပန်း ပြောသလို ဖူးစာ တို့ ရေစက်တို့လဲ ယုံတယ် အင်း ရေစက်တော့ ရေဘုံဘိုင် အောက်သွားခံရင် ရတာပဲနော့် ဟားဟားးးးး စ တာနော် အဲ နောက်တခု အချိန်မတိုင်သေးဘဲ ဘာမှမဖြစ်ဘူးဆိုတာလဲ ယုံတယ် အင်း ယုံကြည်မှု တွေပေါ့နော် ဆက်ပြီးပြောရင် ရိုးရာတွေ ဓလေ့ထုံတမ်းတွေပါ ပါလားမလားမသိဘူးနော် ဗေဒင် ယတြာတွေလဲ ယုံတာပဲ သူများတွေကတော့ ပြောတယ် အဲဒါကိုယ့်ဟာကို မယုံလို့ သူများတကာကို အားကိုးတာတဲ့ အင်း မသိတော့ဘူး ယုံတာတော့ ယုံတယ် နောက်လေ အောက်လမ်းတွေ အထက်လမ်းတွေလဲ ယုံတယ်သိလား မှော်တို့ စုန်းကဝေ တို့လဲ ယုံတယ် ဟီးးးးး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ကိုယ်ပြုလိုက်တဲ့ အလုပ်တွေ (ကံ) က ကိုယ့်နောက်ကို အရိပ်လို အမြဲလိုက်နေတာ တွေ အဲဒါတွေလဲ ယုံတယ
်
နောက်တခုကတော့ ကိုယ့်ဟာကို ယုံတယ် ကိုယ်က ဒီတခုကိုဖြစ်အောင် လုပ်မယ် ဆိုရင် ဖြစ်အောင်လုပ်တယ် မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲ ရှိတယ်ဆိုပြီး လုပ်တယ် အ စ ကတော့ Glasgow သွားဖို့ ကြောက်နေမိတယ် အန်တီ့သူငယ်ချင်းရဲ့ တူကို အကူအညီ တောင်းမယ် လို့ စဉ်းစားထားတယ် ပါးလုံးကိုပြောတော့ ပါးလုံးက နင် အကူအညီရရင် နောက်လဲလိုချင်ဦးမှာ ကိုယ့်ဟာကို သွားတဲ့ ဒါနဲ့ အင်း ငါ ဖြစ်အောင် လုပ်မယ် ဆိုပြီး ကိုယ့်ဟာကို တယောက်တည်း သွားခဲ့တာပဲလေ အခုလဲ ဖြစ်တာပဲဟာနော့်(ကျေးဇူးနော် ပါးလုံး)

ငယ်ငယ်ကတည်းက အိမ်က အကုန်လိုက်လုပ်ပေးတော့ ဘာမှမလုပ်တတ် မသွားတတ်မလာပေါ့နော် အဲလိုက နေ နောက် ဒီကိုရောက်လာရော ဒီရောက်တော့လဲ ဘာထူးလဲ အန်တီက သူ့တူမကို ဥ ထားတာလေ ကျောင်းနဲ့ အိမ်နဲ့ပဲ ကျောင်းကို လိုက်ပို့ပေးတယ် ပြန်ကြိုတယ် အလုပ်လုပ်မယ် ပြောတော့ လုပ်လေဆိုပြီး တကယ်တန်းကျတော့လဲ ဟိုဟာက မကောင်းပါဘူး ပင်ပန်းတယ် ဒီဟာကဖြင့် သမီးရယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး အဲလိုလုပ်တော့ လူက ဘာမှမလုပ်တတ်တော့ဘူးလေ တော်သေးရဲ့ အခု ဒီကောလိပ်ကို ရောက်လာတော့မှ ကိုယ့်လက်ကိုယ့်ခြေ အကုန် အဲတော့မှပဲ ကိုယ့်ဟာကို အားကိုးပြီး လုပ်နေရတာလေ ဒီနိုင်ငံတွေမှာက DIY လေ Do It Yourself ဒီတော့ ဘာဖြစ်ဖြစ်ကိုယ့်ဟာကိုယ် လုပ်ပဲ

နောက်ဆုံး တခု ပေါ့နော် တနေ့နေ့ကျရင် မြန်မာကို ကမ္ဘာကသိလာစေရမယ် ဆိုတာလဲ ရဲရဲကြီး ယုံပါတယ် လို့ပြောရင်း တဂ်ထားတဲ့ ပန်းရေ ကျေနပ်မယ်လို့ထင်ပါတယ်နော်

နောက်ထပ်တဂ်မယ် တယောက်တည်းပဲ သီးသန့် တဂ်မှာ သိလား အရမ်းချစ်လို့လေ ဟိဟိ
ယောင်းရေ (မြူးသျှီရီ) ရေးပေးနော် ယောင်းတယောက်တည်းကိုပဲ သီးသန့် တဂ်တာသိလား အာဘွားးးးးးးးရှလူးးးးးးးးးးး ယောင်းက သူ့ဆီမလာလို့တဲ့ မဟုတ်ရပါတယ် ယောင်းရယ် ဟယ်လီကော်ပတာကြီးလေ ပျက်သွားလို့သိလား အဲဒါ ခဏ ပြင်ထားတာနဲ့ ဘယ်မှသွားနိုင်ဖြစ်နေတာ ယောင်းရေ ရေးပေးဦးနော် ဟီးးးးးးးးးးး

Wednesday, 21 October 2009

Glasgow သို့ တခေါက်

၂၀.၁၀.၀၉
Glasgow ကိုသွားလည်တယ်လို့တော့ မထင်လိုက်နဲ့နော် မသွားမဖြစ်လို့သာ သွားရတာ သွားချင်တာမဟုတ်ဘူး တခါတခါသွားရင် ပိုက်ဆံကုန်တာကိုး ဒီတော့ သွားချင်ဖူးရယ် အဟီးးးး ဘာသွားလုပ်တာလဲ ဟုတ်လား မေးမှမေးရက်တယ် visa ကိစ္စလေ သက်တမ်းသွားတိုးတာ လက်ဗွေနှိပ် ဓာတ်ပုံရိုက်ပေါ့လေ ဒီမှာ မရှိလို့ အနီးဆုံးရှိတဲ့ Border Agency ကို ဒိုးရတာပေါ့
Physics ထဲမှာ သင်ရသလိုပဲ energy သုံးမှ အလုပ်ပြီးမြောက်တယ်တဲ့ ကဲ နဲနဲလေးပြင်ချင်တယ်နော့် ပိုက်ဆံကုန်မှာ အလုပ်ပြီးမြောက်တယ်လို့ ဟက်
ဟုတ်တယ် ကုန်တယ် ပြောရင်လဲ ညည်းတယ် ဖြစ်ဦးမယ် နဲနဲတော့ ပြောမယ်နော် အကုန်တော့မပြောဘူး ဟိဟိ Bus car ခက အသွားအပြန် return ticket ဝယ်တယ်လေ ၈ ပေါင်နဲ့ ၉၀ ပေးရတယ် တွေ့လား စ ရွေ့လိုက်တာနဲ့ ကုန်ပေါက်ပဲလေ

ခရီးစဉ် စ ပါပြီ
ချိန်းထားတာက ၁ နာရီ ငါ ရှာရဦးမှာ ရထားစီးရမှာ ဘာညာနဲ့ တွက်ပြီးတော့ ၇နာရီ ၁၅ လောက်အိမ်က ထွက်သွားလိုက်တယ် ကားဂိတ်ရောက်တော့ ၇နာရီခွဲ Glasgow သွားမယ့်လက်မှတ်ဝယ်ပြီး ကားထွက်တော့ ၇နာရီ ၄၅ ဟိုကိုရောက်ဖို့ ၁ နာရီ ၂၀ မိနစ်ကားမောင်းတယ် ကားပေါ်မှာ ဘုရားစာရွတ် ဟိုတွေးဒီတွေးနဲ့ ခဏနေတော့ အိပ်ငိုက်လာရော မငိုက်ပဲနေမလား မနက်အစောကြီးထ ရတာကိုး ဒါနဲ့ အိပ်ပျော်သွားပါရောပေါ့ ဟိဟိ စိတ်မပူပါနဲ့ Glasgow မရောက်ခင်နိုးပါတယ် ဟီးးးး
အဲဒီ Glasgow ကားဂိတ်ကနေ ဘူတာရုံကို လမ်းလျှောက် (ဟိုမေးဒီစမ်းပေါ့လေ သိတယ်မလား ပါးစပ်ပါရင် ရွာရောက်တယ်လေ) ဘူတာရုံရောက်တော့ လက်မှတ်ဝယ်
တောသူမအကြောင်း ပြောပြမယ် ဟီးးး ရီချင်လိုက်တာ ကိုယ့်ဟာကိုလဲ
ကိုယ်က ဘယ်သိမှာလဲ ရထားလက်မှတ်က ရထားပေါ်မှာ လိုက်စစ်မယ် မှတ်တာကိုး ဂိတ်ပေါက်ဝလဲ ဖြတ်ရော သွားလို့မရဘူး ဟိုးအတန်းကြီးက တားထားတယ် (ရထားစီးတဲ့လူတွေသိမှာပါ) အယ် ဆက်တိုးလို့မရဘူး ငါ့ဘာလို့တားလဲ တိုးတယ် မရဘူး အင် ဘာများမှားသလဲပေါ့ နောက်ဘေးနားက တယောက်ကလက်မှတ်လေးကို ထည့်ပြီး ဟိုဘက်ကနေ ပြန်ထွက်လာတော့မှ အော် ဒီလိုလုပ်ရပါလား ဆိုပြီး အဲလိုလုပ်မှ အတန်းလေး ဖွင့်ပေးတယ် ဟားဟားးးး ရီလိုက်ရတာ အော် တောသူမရယ် ဒါတောင်မသိဘူးလား ဆိုပြီး ဘယ်သိမှာလဲလို့ တခါမှ ရထားမှ မစီးဖူးတာကိုး

ဒါနဲ့ သွားရမယ့် Cessnock ဘူတာကို ရောက်ဖို့ outer circle ကိုစီးရတယ် တဲ့ စီးလာလိုက်တယ်



Cessnock ဘူတာပေါ့

Cessnock ဘူတာကိုရောက်တော့ ၉နာရီ ခွဲ ဒါနဲ့ Border Agency ကိုလိုက်ရှာတယ် မြေပုံတရွက်ရယ် ဟိုလူ့မေး ဒီလူ့မေးနဲ့ ရှာလိုက်တာ တွေ့ပါပြီ ဒါနဲ့ သွားတာပေါ့ ငါ appointment လုပ်ထားလို့ ၁ နာရီ ဆိုတော့ ဟာ စောနေတယ် နင် ၁၂ လောက်မှ ပြန်လာခဲ့ ဆိုတာနဲ့ ဟိုနား ဒီနားလျှောက်သွားပြီး အချိန်ဖြုန်းနေလိုက်တယ် သိပ်ဝေးဝေး လံလံလဲမသွားရဘူး တော်နေ လမ်းပျောက်သွားရင် ဂွိ နေမှာစိုးလို့
ရာသီဥတုက အေးတာကိုး ဒါနဲ့ ရှူးရှူးပေါက်ချင်လာရော public toilet လိုက်ရှာတယ် မရှိဘူး ဒွက်ခ ဆိုင်တဆိုင်ဝင်ပြီးမေးတော့ ဒီနားမှာမရှိဘူး တဲ့ ဟိုးးးထောင့်နားမှာ ကော်ဖီဆိုင်ရှိတယ် အဲဒီမှာ သွားလို့တော့ရတယ် ဒါပေမယ့် နင် သူတို့ဆီက ကော်ဖီ ဝယ်သောက်ရမယ် တဲ့ မတတ်နိုင်ဘူးလေ ဝယ် ဆိုလဲဝယ်တာပေါ့ ဆိုင်ထဲဝင်ပြီးတော့ ကြည့်တယ် ဘာရမလဲပေါ့ ကော်ဖီတော့ ကိုယ်က မကြိုက်တော့ မသောက်ချင်ဘူး ဒါနဲ့ Hot chocolate ရတယ်ဆိုတာနဲ့ ဝယ်သောက်ပြီး အိမ်သာထဲဝင်လိုက်ရတယ် ဟီးးးး

အချိန်လဲဖြုန်းပြီးသွားတော့ ၁၂ လောက်ကျတော့ Border Agency ကိုသွားတာပေါ့ ဟိုရောက်တော့ လက်ဗွေနှိပ် ဓာတ်ပုံရိုက်ပြီး ပြန်လာရတာပါပဲ
အပြန်မှာ ဇာတ်လမ်း စ ပြီလေ ကိုယ့်ဟာကိုယ်လဲသိတယ် အသွားတော့ လမ်းမှားမှာမဟုတ်ဘူး စိတ်ဆောင်နေတာဆိုတော့ လေ အပြန်ကျတော့ အကုန်လုံးလဲ ပြီးပြီဆိုပြီး အေးဆေး စိတ်ကိုလဲလွှတ်ပြီး လုပ်ချင်တာလုပ်တာလေ ရထားပြန်စီးတော့ အင်း ငါ outer circle စီးရမှာပဲဆိုပြီး မြေပုံလဲကြည့်လိုက်ရော အင် Buchanan street လဲမပါ ပါ့လားဆိုပြီး ဟိုဘက် inner circle ကိုကြည့်လိုက်တော့ဟိဟိ Buchanan street ဆိုမှ inner circle ကိုပြန်စီးခဲ့တယ် သိမှမသိဘဲကို သူတို့လဲ ဘတ်စ်ကားတွေလိုပဲနော် အသွားကျရင် ဒီဘက် အပြန်ကျတော့ ဟိုဘက်နော် ဟားဟားးးးး



inner circle တွေ outer circle တွေ နဲ့ရှုပ်နေတာပဲ ဟွင်းးး

နောက်ရှိသေးတယ် လမ်းတွေ မှားကုန်တာလေ ဘူတာရုံက ထွက်ပြီးတော့ ကားဂိတ်ကိုပြန်မရောက်တော့ဘူး ဒါနဲ့မဖြစ်ချေတော့ဘူး ဆိုပြီး မြေပုံထုတ် တွေ့တဲ့လူကို ဘယ်လိုသွားရလဲ လိုက်မေး လူကြီးတယောက်က တော်တော်သဘောကောင်းတယ်သိလား သူ့ကိုပြောတာပေါ့ ငါ ဘတ်စ်ကားဂိတ် သွားချင်တယ် ဆိုပြီး မြေပုံပြတော့ (အဲဒီမြေပုံက ဘတ်စ်ကား ဂိတ်ကနေယူလာတဲ့ Glasgow မြေပုံလေ) သူက ငါတို့ ဒီနားကို ရောက်နေတာ တွေ့လား မြေပုံကို ဒီလိုကိုင် ဒီလိုမကိုင်နဲ့ လို့လဲပြောတယ် ဟီးးးး ဟိုမှာ church ကျောင်းတွေ့လား ဟိုးမှာမြင်နေရတဲ့ ဆိုင်းဘုတ် အပြာရောင်တွေ့လား အဲဒီကိုရောက်ရင် ဘယ်ကွေ့ အဲဒါဆိုရင် ရောက်ပြီတဲ့ သေချာရှင်းပြပေးတယ် ကျေးဇူးလို့ ပြောတော့ ကံကောင်းပါစေ ဆိုပြီး ထွက်သွားတယ်
ဘာရမလဲ သူပြောတဲ့ church ပုံလဲ ဓာတ်ပုံရိုက်လာခဲ့တယ် ဆိုင်းဘုတ် အပြာကြီးလဲ ဓာတ်ပုံရိုက်လာခဲ့တယ်






လူကြီးပြောတဲ့ church ကျောင်းနဲ့ ဆိုင်းဘုတ် အပြာလေ

သူပြောတဲ့ ဆိုင်းဘုတ် အပြာရောင်ကိုရောက်ပြီး ဘယ်လဲကွေ့ပြီးရော အမလေး များလိုက်တဲ့လူတွေ ရှုပ်ရှက်ကိုခတ်နေတာပဲ လူလဲ ဘယ်ကိုကွေ့လို့ ကွေ့ရမယ်မှန်းမသိတော့ဘူး မထူးဘူး မေးမယ် ဆိုပြီး အလှူခံနေတဲ့ အဘိုးကြီး ၂ ယောက်ကိုမေးတယ် သူတို့က ပြောပြတယ် အလှူထည့်ခဲ့တယ် သူတို့ကိုလဲဓာတ်ပုံရိုက်ခဲ့တယ် အဘိုးကြီးတွေက ပြုံးလို့ အဟီးးး အားကြီးချစ်ဖို့ကောင်းတယ်





အလှူခံအဘိုးကြီး ၂ ယောက်ပေါ့

လျှောက် လျှောက် ရောက်အောင်လျှောက် ဝေးးးး Buchanan Bus station ကိုတွေ့ပြီကွ အဲဒီတော့မှပဲ ဝမ်းသာသွားတယ် ငါ ပြန်ရောက်ပြီဆိုပြီး ဓာတ်ပုံတွေလဲ မလွတ်တမ်းရိုက်ခဲ့လိုက်တယ်




ဒါကတော့ bus car ဂိတ်



ဒီပုံကတော့ Buchanan ကားဂိတ်ထဲက



ဟဲ့ဖယ်လေ ငါ ဒီမှာ ဓာတ်ပုံရိုက်နေတယ် အယ် ကိုယ်တော်က ပို့စ်တောင် ပေးလိုက်သေးတယ် ဟားဟားးးး(တကယ်တော့ အဲလိုဖယ်ပါ မပြောဖြစ်ပါဘူး ဒါပေမယ့် သိရမှာပေါ့လို့ ဒီမှာ သူများက ဓာတ်ပုံရိုက်နေတဲ့ဟာကို အလိုက်ကန်းဆိုးကို မသိတဲ့ဟာကြီး) ဘတ်စ်ကား ဂိတ်မျက်နှာချင်းဆိုင်က နာရီပေါ့



Holloween နီးပြီလေ ဒါကြောင့် ဒီလိုပြင်ထားတယ်



ဝင်ဝယ်တယ်လို့ထင်နဲ့နော် (မထင်မှန်းလဲသိပါတယ်) အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့တာ ဟားဟားးးးး



အဲဒါကြီးရှေ့မှာ ဓာတ်ပုံရိုက်ထားသေးတယ် ကိုယ့်ပုံပါနေတော့ တင်တော့ဘူးရယ် ဟီးးးးး (မလှလို့)

ဒီလိုနဲ့ အိမ်ကိုပြန်ရောက်ခဲ့ပါတယ်

လတ်တလော အခြေအနေ : ခြေထောက်နာနေပါတယ် နာနေရင်းတန်းလန်း နဲ့ပဲ ဒီနေ့ အိမ်သွားရှာလိုက်သေးတယ် အိမ်ရှင်နဲ့လဲသွားတွေ့လိုက်ပါသေးတယ် ဟီးးး ခြေထောက်က တော်တော် နာတာပဲ မနေ့ကလေ တချိန်လုံးခြေထောက်ကိုကွေးထားရတာကိုး ဒါကြောင့် ဒါကြောင့်
ခြေထောက်နာနေသောကြောင့် ဝက် တကောင်မသောင်းကျန်းနိုင်ပါ ဟားဟားးးးးးး

Monday, 19 October 2009

လည်လည်သွားသည်

အဲဒီ ရုပ်ရှင်ရုံကို bus car ဖြတ်တိုင်း အမြဲတွေ့တယ် စိတ်ဝင်စားတာကတော့ ကုလားအုပ်ကြီး ၂ ကောင်ကိုပါ ဓာတ်ပုံလဲ သိပ်ရိုက်ချင် တယ် သွားမယ် လုပ်တိုင်းလဲ တခုမဟုတ် တခု ကြောင့် အစီအစဉ်ပျက်ပြီးမသွားဖြစ်ဘူး ဟိုးးးနေ့(ဘယ်နေ့လဲမမှတ်မိပါ) ကမှသွားဖြစ်တယ်





ဒါကတော့ ခြေထောက်ကြီးပေါ့ ဘာအတွက် ဘာလုပ်ဖို့ ဘာကြောင့် အဲလိုလုပ်ထားလဲ မသိဘူး ထူးဆန်းလို့ ရိုက်လာခဲ့တယ် ဟီးးးး တော်တော်လေးလဲတိကျတယ်နော် ဘာတွေ ချည်းပဲ ဟားဟားးးးးး



ဒါကတော့ လက် ပေါ့ နော် သိပါတယ် ကြည့်တာနဲ့ ဟက် (တယောက်တည်းပျင်းလို့ မေးလိုက်ဖြေလိုက်လုပ်နေပါတယ် ဟီးးးး)



ရုပ်ရှင်ရုံကိုသွားလည်တာပါ မကြည့်ဖြစ်ဘူးလေ တယောက်တည်းမကြည့်တတ်တာရော ပိုက်ဆံကုန်မှာစိုးလို့ရော ဟဲဟဲ ဒါကြောင့် ဒါကြောင့် ဓာတ်ပုံပဲရိုက်လာခဲ့တယ်

ဒါကတော့ လက်မှတ်ဝယ်တဲ့ နေရာထင်တယ် သူတို့တွေ လက်မှတ်ဝယ်နေကြတယ်လေ



ရုပ်ရှင်ရုံသွားပြီးတော့ လမ်းဆက်လျှောက်လာတော့ No1 chinese ဆိုပဲ အင်းးး ကိုယ်လဲ စဉ်းစားတယ် နောက်ကျရင် No1 Burma ဆိုပြီး ဖွင့်ရင် ကောင်းမလားလို့ လာအားပေးကြနော် သိလား စားသောက်ဆိုင်ပေါ့လေ မြူးကို ဟင်းချက်ခိုင်းရမယ် ဦးလူထွေးကို ၂ လုံးပြူးကိုင်ခိုင်းပြီး ဆိုင်ထိုင်ခိုင်းရမယ် ဟားဟားးးးးးးး



ဓာတ်ပုံဆိုဒ်တွေ အရမ်းသေးတယ် ကြည့်ရတာ အားမရဘူး မချိန်လိုက်မိဘူး လေတယ် ဂယ်ပဲ ဂယ်ပဲ

မနက်ဖြန် Glasgow သွားမယ် ပြီးရင် ဓာတ်ပုံတွေ တင်ဦးမယ် ငွားငွားးးးးးးးး

လည်လည်လာသူများ ကျေးဇူးအထူး တင်ရှိပါတယ်လို့ပြောရင်း တာ့တာ

Tuesday, 13 October 2009

သီချင်းများနဲ့ ကမ္ဘာ

မျက်လုံးချင်း မင်းနဲ့တွေ့ဆုံခိုက် အချစ်များနဲ့ အားလုံးကို သိမ်းပိုက်
ဒီဘဝ ကို ပုံအပ်လိုက်မယ် ယုံထားလိုက်ကွယ်
ဒီတယောက်သာ ကြင်နာမှာ
ကိုယ့်ဘေးနားမင်းလေး လှမ်းလာလိုက်
လက်ကလေးအား ဆွဲလို့ကိုယ်ထွေးပိုက်
ဘယ်တော့မှ ထွက်မသွားဘူးကွယ် ဒါနောက်ဆုံး ရင်ခွင်ပါ
အာဇာနည်ရဲ့ နောက်ဆုံးရင်ခွင်

သန်းခေါင်ယံညထဲ မင်းပါ ကလေးရယ်
ဘာမဆိုကိုယ်အမြဲ စွန့်လွှတ်ရဲတယ် တိုင်တည်ပြီးထားခဲ့
ဒီည ကိုယ်အတောင်ပံများကို ဖြန့်ရင်း မျှော်လင့်ချက်များစွာနဲ့
အလိုချင်ဆုံး ဆန္ဒ တောင်းတဖို့ မလွယ်ဘူး အချစ်ရယ် ကြယ်စုများ ဆီမှာ အိုးးးးးး ဒါအလွမ်းရဲ့ည
l လွန်းဝါရဲ့ အလွမ်းရဲ့ည

ဒီအချိန်မှာမင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တခုမှာ ပျော်မြူးလို့နေလဲ
မင်းလေး မရှိတဲ့ ဒီရင်မှာ တယောက်တည်းပါ
နာကျင်လွယ်တဲ့ နှလုံးသားတထောင့်မှာ ဒဏ်ရာများစွာ ထားရက်ခဲ့လည်း
မမြင်နိုင်တဲ့ အဝေးဆုံးကို ထွက်သွားပါရစေ ငါ ဟာမင်းမရှိတဲ့အဝေးမှာ ....
တော်ပြီ ဆက်သာ ဆိုလိုက်ကြတော့ လက်ညောင်းတယ်
ဒါကတော့ ခန့်ဖြိုးရဲ့ မျောက်ဖြစ်ချင်တယ်

နောက်ပြီး ပါးစပ်ထဲတွေ့တဲ့ သီချင်းလဲ ညည်းတတ်ပါတယ် ဥပမာ ဒီလိုမျိုးပေါ့
ရောင်စုံဘောလုံး တလုံး ငါးပြား
ကြိုက်တဲ့အရောင်ရွေးပါ ကြိုက်တဲ့အရောင် ရွေးပါ
တလုံးငါးပြား တလုံးငါးပြား ဆိုတဲ့ဟာမျိုးပေါ့ နောက်ရှိသေးတယ် ထပ်ပြောရင် သူငယ်နာမစင်ဘူးလား မေးခံရမှာစိုးလို့ ဂလောက်ပဲ ကျေနပ်ကြပါကုန်ရန်

အပေါ်က သီချင်းတွေ နားထောင်ချင်ရင်တော့ youtube သာသွားကြတော့နော် ဟီးးးးး
ဟဲဟဲ တဂ်ထားတဲ့ နှင်း ရေ ကျေနပ်တော့နော်

Monday, 12 October 2009

အတွေ့အကြုံ

အတွေ့အကြုံပဲ ပြောမလား ဘာပဲပြောမလဲတော့ မသိဘူး fire alarm မြည်တာ ဒါပါနဲ့ဆို ၂ခိရှာ ၂ ခါရှိပြီ မြည်တိုင်းလဲ ချမ်းချမ်းစီးစီးနဲ့ အပြင်ထွက်နေရတယ်
ပထမ တခါပေါ့ ညကြီးမင်းကြီး ၇ နာရီ ၈ နာလောက်ထင်တယ် alarm ထမြည်ရော ဒါနဲ့ ဘာသံလဲ နားထောင်နေတာ ခဏနေတော့ ဘေးအခန်းကကောင်မလေးကို မေးကြည့်တော့ သူက Sky ဒါ alarm မြည်နေတာ ငါတို့အပြင်ထွက်ဖို့ လိုပြီ တဲ့ ဒါနဲ့လူလဲ ဖုံးကောက်ထည့်ပြီးတော့ ပိုက်ဆံအိတ်ယူ ပြီး အပြင်ထွက်လာလိုက်တယ် ကျန်တဲ့ ပစ္စည်းတွေတော့ ထားခဲ့တာပေါ့ သူ့သူ ဘာဖြစ်ဖြစ်ဆိုပြီးတော့ပေါ့လေ ဒါနဲ့ အပြင်မှာ တော်တော်လေး စောင့်လိုက်ရတယ် ချမ်းကလဲ ချမ်း ကိုယ်ကလဲ အထာမသိတော့ အပေါ်အင်္ကျီကို ပါးပါးလေးပဲ ဝတ်လာတာကိုး ပြီးတော့ အိမ်မှာဝတ်တဲ့ ဂါဝန် နဲ့ထွက်လာတော့ အမလေး လူကို လှုပ်နေရတယ် ချမ်းလို့ အဟီးးး ဖြစ်ပုံများ ပြောချင်ဘူး တော်တော်လေးကြာမှာ လူကြီးတယောက်ရောက်လာပြီး ဘာဖြစ်တာလဲ ဘာညာ ကြည့်ပြီး လုပ်ပေးလိုက်တော့ alarm တိတ်သွားရော တော်တော် နားညီးတာပဲ အဲကျတော့ အားလုံးက ဟေးးးးးးးးး ဆိုပြီး ဝိုင်းအော်ကြတယ် မြန်မာနိုင်ငံမှာ မီး ပြန်လာတာကျနေတာပဲ ဟက် ဒါနဲ့ ကိုယ့်အခန်းကိုယ်ဝင်ကြတာပေါ့
ဒါနဲ့ ပြီးမလား မှတ်တယ်မပြီးသေးဘူးနော် တနင်္ဂနွေနေ့ တရက်ပေါ့ အိပ်ယာ ထကလဲ နောက်ကျ တာနဲ့ မနက်စာနဲ့ နေ့လည်စာပေါင်းစားပြီး ဘလော့ဂ် လိုက်ဖတ်နေ ပြီးတော့ ဖွားကိ ရဲ့ တဂ်ပို့စ်လေး ရေးနေတုံး ပဲရှိသေးတယ် alarm ထမြည်ရော ဒီတခါတော့ မှတ်သွားပြီလေ ဘာလုပ်လဲ သိလား စာကို ပြီးအောင် ရေးလိုက်တယ် ပြီးတော့ ကမန်းကတန်း အဝတ်အစားလဲ ကျောပိုးအိတ် လွယ် ပြီး ထွက်လာခဲ့လိုက်တယ် အဟီးးးးး သေစရာရှိရင်တော့ သေပြီးတာ ကြာပြီနော် ဟက် အပြင်ရောက်တော့ လားလား နဲတဲ့လူအုပ်ကြီးမဟုတ်ဘူး ရပ်နေကြတာ ဒါနဲ့ ကိုယ်လဲ သူတို့နား သွားရပ်လိုက်တာပေါ့ ခဏနေတော့ ရဲတွေ ရောက်လာတယ် ပြီးတော့ ဘာဖြစ်လဲ ဘာလဲ ညာလဲ ကြည့်တယ်နေမှာပေါ့ နဲနဲကြာတော့ ရပြီ အားလုံး အထဲ ဝင်လို့ရပြီ ဆိုတာနဲ့ ဝင်လာခဲ့လိုက်တယ် ဘာမှန်းကိုမသိဘူး အားအားနဲ့ယားယား အဲဒီ alarm ကလဲ မြည်ပဲမြည်နေတယ် စိတ်ရှုပ်ဖို့ကောင်းတယ် ဘာရမလဲ ဒီတခါတော့ ဓာတ်ပုံရိုက်မယ် ဆိုပြီး ရိုက်လိုက်တယ် စောင့်ရတာ အကျိုးရှိအောင်လေ ဟက်
ပထမ တခါဖြစ်တုံးကတော့ ကိုဇော် က ပြောတယ် ပို့စ်အနေနဲ့ ရေးပေါ့တဲ့ ဟင့်အင်း ရေးချင်ပါဘူး လို့ ပြောပြီး ဒုတိယ တခါဖြစ်တော့ ဓာတ်ပုံလဲ ရိုက်ပြီးသားရှိတာနဲ့ တင်လိုက်တာ
ဒုတိယ တခါကတော့ ပြောမနေနဲ့ စားနေတဲ့ ထမင်းကိုလဲ သံယောဇဉ်ဖြတ် ကွန်ပြူတာကြီးပါ ထားခဲ့ရတာ သိလား တကယ်မီးလောင်ပြီးပါသွားရင်တော့ ငိုမှာနော် ဒါလေးပဲရှိတာ အပျင်းဖြေစရာဆိုလို့နော် ဟုတ်ဘူးလား ဟီးးဟီးးးး ကျန်တာတွေ စိတ်မဝင်စားဘူး ကွန်ပြူတာပဲ မီးထဲပါသွားလို့ကတော့ ရူးမှာ သိလား



မြန်မာအခေါ် ဘဲဥ ပေါ့ ရုရှားအခေါ် အမှိုက်ပေါ့ အဲ သူတို့ ၂ ယောက် အလုပ်ရှုပ်နေပုံလေးပေါ့



စောင့်နေကြတဲ့လူအုပ်ကြီးပေါ့ ဓာတ်ပုံရိုက်မှန်းတောင် သိရဲ့လားမသိပါဘူး လေ



ဘယ်နေရာမှာ error တက်နေလဲ ပြတဲ့ နေရာလေးပေါ့






အဲဒီဟာကြီးပေါ့ မီးတွေ တလင်းလင်းနဲ့ အချက်ပေး alarm မြည်တဲ့ဟာကြီး အခုကျတော့လဲ သူမဟုတ်သလိုပဲ လူဇိုးးးးးးးးး

နက်ဖြန် ကျမှ နှင်းရဲ့ တဂ်ပို့စ်ရေးမယ် အဟီးးး ခုတော့ အားသေးဘူး ဓာတ်ပုံလျှောက်ရိုက်လိုက်ဦးမယ် ဘိုင် တာ့တာ သွားပြီဗျိုးးးးးးးး ခေါ်နဲ့တော့ ရှိတော့ဘူးနော် ဟက်

Sunday, 11 October 2009

ခေါင်းကိုက်တယ် သူ့ကြောင့်

1.What is your name : Kelly (အင်္ဂလိပ်နံမည်ပါ)
2.K four Letter Word : kill (ရုတ်ရုတ် လာမလုပ်နဲ့ အားလုံးကို သတ်ပစ်မယ် ဘာမှတ်လဲကွ ဟွင်းးးး)
3.A boy's Name : Ko Luu Htwe (ဟိဟိ စိတ်ချိုးနဲ့နော် ဂျစ်လို့ စ တာသိရားးး :P)
4. A girl's Name : Ki Ki (ဒီတဂ်ကိုရေးခိုင်းသူပေါ့ များက အင်္ဂလိပ်လို ရေးချင်ပါဘူး ချိုမှ အဲလေ အားပါဘူး ရှုတင်တွေ ဆက်နေပါတယ် ဆိုမှ ဟွန်းးးးး)
5. an occupation : kindergarten teacher (တကယ်တော့ ဟုတ်ဘူးပေါ့နော် ကလေးတွေကိုချစ်လို့ အဲလို ဆရာမတော့ လုပ်ချင်တယ် ဟီးးးး)
6. color : kelly green
7. Something you'll wear : kimono (ဟိုဂျပန်မတွေ ဝတ်သလိုတော့ ဟုတ်ဘူးရယ် အဲဒီ အစ ကိုကြိုက်လို့ စကတ် ချုပ်ဝတ်တာ ဟီးးးး)
8. food: kiwi
9. place : kuala lumpar (အဲဒီနေရာလေးကို သွားချင်ပါတယ် ဟဲဟဲ)
10.movie title :
kungfu panda (မကြည့်ဖူးဘူးနော် ကြော်ငြာပဲ ကြည့်ဖူးတာ လာမပြောနဲ့ အဲဒီအထဲက ပန်ဒါက ညီမနဲ့တူတယ်ဆိုပဲ ဟက်)
11. Something you drink :
Kirsch brandy (တကယ်သောက်တာဟုတ်ဘူးနော် wi ki ကနေရှာလိုက်တာ အဲဒါလေးတွေ့လို့ လူရှိန်မလားဆိုပြီးရေးလိုက် တာနော်)
12. A musical group : korn (သိပါဘူး သူတို့အဖွဲ့ကိုဘယ်ကလဲ လာမမေးနဲ့)
13. animal : koala (သြစတေးလျ ရှိ ဝက်ဝံငယ်တဲ့ ဟီးးး မသိမှာစိုးလို့ ဆရာလုပ်ထှာ)
14. street name :
Kennington St. (ဒီလမ်းလဲသိဘူး ဝီကိ ကောင်းမှုလေ)
15. type of car : kia
16. The title of a song: kabul shit by Lily Allen (လူအထင်ကြီးအောင် Lily Allen သီချင်းကိုပြောထားပေးတယ်နော် သိရား)
17.verb : know
(ငါ အကုန်သိတယ် ငါ မသိတာ ဘာမှမရှိ )

တချို့ဟာလေးတွေ ဖြုတ်ထားပါတယ် စဉ်းစားမရပါသောကြောင့် ဟီးးးးး ခွေးလွှတ် dictionary တအုပ်နဲ့ အလုပ်ရှုပ်ကာ ကွန်ပြူတာမှာပါရှာလိုက်ရသောကြောင့် ဒီတဂ်ပိုင်ရှင် ဖွားကိ ကို သိပ်မကျေနပ်ချင်ပါ ဟွန်းးး ခေါင်းကိုက်တယ် ဒါဗြဲ လူကအလိုလိုနေရင်းကို အင်္ဂလိပ်စာမြင်ရင် ခေါင်းကိုက်ပါတယ် ဆိုမှ ဟွန်းးးး
ဟိဟိ စ တာနော် မကိ ရေ.......

ဒီလိုပြီးလို့ရရိုးလားနော် မပြီးသေးဘူး
M fro maecoe တဲ့ ဟက် မမကိုးရေ ထိပ်ဆုံးကကို ပါသွားပြီသိလား
M fro mae တဲ့ မမ ဓာတ်ပုံတွေ ခဏ ထားလိုက်ဦး ဒါလေးရေးပေးနော် ဟီးးးးးးး
M fro malay (မေလေးလွင်)
M for moemoestar (ရေးပေးနော်)
ကိုဇော်လဲ ပါတယ် နော် ငါ့များ တဂ် တဂ်ဆိုပြီး ဖွားကိ ကိုမြှောက်ပေးတာလေ ဟွင်းး
ယောင်းလဲ မမေ့ပါဘူးနော် ရေးပေးပါ (မြူးသျှီရီ)
R for Rose of Sharon (ရှလွတ်နှင်းဆီ)
S for Sein ဟဲဟဲ စိမ်းလေးရေ
က for ကာရံဆူး တဲ့ ဟိဟိ
ကဲ ဂလောက် ဆိုတော်လောက်ရောပေါ့နော် လူများတွေတောင် ရေးပြီးသွားပြီ ကဲကဲ မြန်မြန်လေး ရေးပေးလိုက်ကြပါဦးလို့နော် ဟီးးးးးးးးးးး
ပန်းရေ ကျေနပ်မယ်လို့ထင်ပါတယ်နော်

fire alarm မြည်နေလို့ တာ့တာ အားလုံး နောက်မှတွေ့မယ် ဘိုင်

Friday, 9 October 2009

***သူ့ ရင်ထဲက သူမ***


ချစ်ရသူရေ
ရင်တွေကွဲအက်လို့ 
နွေတမျှပူပါစေ...နင့် ကိုငါလွမ်းမယ်...
နှစ်ကိုယ်ကြင်နီးစေဖို့ စိတ်ကူးနဲ့ 
ရင်ခုန်ခြင်းတွေ
နင့် မျက်နှာလှလှ ပေါ်
ဖွဖွလေး နမ်းခဲ့ ချင်ပါရဲ့ .....
နင့်အတွက်ဆို
ငါ့ အချစ်တွေ
အမြဲတမ်းတောက်ပသစ်လွင်နေမှာ
နင် မြင်လှည့် စေချင်တယ်...


...သားငယ်....

Tuesday, 6 October 2009

ဘောလုံး ဖူးစာ

ကျောင်းဆင်း ခေါင်းလောင်းထိုးသံနှင့်အတူ ကျော်ကျော်တို့ အုပ်စု ပြေးထွက်သွားတော့ ကိုယ်က
" ဟဲ့ ဘယ်သွားမလို့လဲဒါက "
" အင် ဘောလုံးသွားကန်မယ်လေ "
" ထမင်းမစားတော့ဘူးလား "
" စားပြီးပြီ ငါတို့အဖွဲ့က ကျောင်းမဆင်းခင်ကတည်းက ခိုးစားထားတာ ဟ သွားမယ် တာ့တာ " ဆိုပြီး ထွက်သွားတယ် ကိုယ်လဲ ထမင်းစားပြီးတော့ မုန့်ဈေးတန်းသွားကာ အချိုရည်လေးဝယ်လာခဲ့လိုက်တယ် သူထိုင်တဲ့နေရာလေးမှာ ချိတ်ထားပေးလိုက်တယ် ကျောင်းပြန်တက်တော့ မောကြီးပန်းကြီးနဲ့ သူတို့ အဖွဲ့ပြန်လာကြတယ် ကိုယ့်နေရာ ကိုယ်ရောက်တော့ ချိတ်ထားတဲ့အချိုရည်ကိုတွေ့တော့ သူက ကိုယ့်ကို လှည့်ကြည့်လိုက်တယ် ကိုယ်က ပြုံးပြီးတော့ ခေါင်းညိမ့်ပြလိုက်တယ် သူက ကျေးဇူး ဆိုတဲ့အမူအရာနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ကိုယ်ဝယ်ပေးထားတဲ့ အချိုရည်ကို သောက်လို့နေခဲ့တယ်
ဒီလိုနဲ့ ကိုယ်လေ သူ့ကို နေ့တိုင်း အချိုရည်ဝယ်တိုက်ခဲ့တယ် သူက ဘောလုံးသိပ်ဝါသနာပါတာ ဘောလုံးနဲ့ပတ်သက်တာမှန်သမျှ သူအကုန်သိတယ် ကိုယ်ကတော့ ဘာဆိုဘာမှစိတ်မဝင်စားပါ ကိုယ့်လိုင်းမှမဟုတ်တာ အားကစားဆိုလဲ ကိုယ်ကကြက်တောင်လောက်သာ စိတ်ဝင်စားတာ ဒါတောင် ဖြစ်မြောက်တာမဟုတ်ဘူး လေ

ဒီလိုနဲ့ အားကစားရာသီရောက်တော့ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကြီး စ လို့လာပါပြီ ထုံးစံအတိုင်းကျော်ကျော်တို့အဖွဲ့ကတော့ ဘောလုံးဝင်ကန်ကြတယ် အခုမှသိတယ် အတန်းထဲက ယောက်ျားလေးတွေ တော်တော် အားကစားလိုက်စားပါလားဆိုတာ အတန်းထဲမှာ ယောက်ျားလေး တယောက်မှ မကျန်တော့ပါ ပြေးခုန်ပစ် ဘောလီဘော စသည်ဖြင့် အသီးသီး ဝင်ပြိုင်ကြတယ် မိန်းကလေး တချို့တဝက်လဲ ဝင်ပြိုင်ကြတယ် ကိုယ်သာ စိတ်မဝင်စားလို့ ဝင်မပြိုင်ဖြစ်ခဲ့ပါ
" ဟဲ့ နင် ဘာအားကစားမှ ဝင်မပါဘူးလား "
" ဟင့်အင်း ငါ နင်တို့တွေကို အားပေးမယ်လေ "
" အေးကောင်းသားပဲ "

ပြိုင်ပွဲဝင်ခါနီး ၃ ရက်အလို
" စိတ်ညစ်တယ် ဟာ မြင့်နိုင်တယောက် အူအတက်ပေါက်လို့တဲ့ ဆေးရုံတင်ထားရတယ် ဒီကောင်ကလဲ အရေးရယ် အကြောင်းရယ် ဖြစ်ပြီ ဘောလုံးသမားဆိုတော်သေးရဲ့အခုဟာက ဂိုးဖမ်းသမားဖြစ်နေတယ် ဘယ်လိုလုပ်ရပါ့မလဲမသိပါဘူးဟာ " ကိုယ်လဲ သူ့ကိုတချက်ကြည့်ပြီးတော့
" ငါ သူ့အစားလုပ်ပေးလို့ဖြစ်မလား " ဘယ်ကနေ ဘယ်လိုပြောထွက်သွားတဲ့ စကားလဲ ကိုယ်လဲမသိလိုက်ဘူး သူ ကိုယ့်ကိုတချက်ကြည့်လိုက်တယ်
" နင်တကယ်လား "
" အင်း " လို့ခေါင်းငြိမ့်ပြလိုက်တယ် သူ တချက်တွေသွားတယ် ပြီးတော့
" ဒါဆိုရင် ငါတို့နည်းပြ ကိုပြောပေးမယ် " ပြောသာပြောလိုက်ရတယ် ကိုယ်က ဘောလုံးအကြောင်းလဲ နားလည်တာလဲမဟုတ်ဘူး အဆင်မှပြေပါ့မလား စိတ်ပူနေမိတယ် ကိုယ်သူ့ကို အဆင်ပြေစေချင်တာသာသိတာ လေ
သူတို့နည်းပြက ကိုယ့်ကို ခေါ်တွေ့တယ်
" သမီး တကယ်ကူမှာလား "
" ဟုတ်ကဲ့ "
" အင်းလေ ဘယ်လိုမှမဖြစ်လို့ပါ သိတဲ့အတိုင်းယောက်ျားလေးတွေကလဲ သူတို့ပြိုင်ပွဲနဲ့သူတို့ လူပိုကိုမရှိတာ ကူမယ်ဆိုတော့ ကျေးဇူးတင်ပါတယ် "

ဒီလိုနဲ့ ပြိုင်ပွဲနေ့
ကိုယ်စိတ်တွေ လှုပ်ရှားနေတယ် ကိုယ်တခါမှ ကစားဖူးတာလဲမဟုတ် သူ့ကို ကူညီချင်လွန်းလို့သာ သူစိတ်ချမ်းသာပါစေ ဆိုပြီး ကိုယ် ပြောခဲ့မိတာ အခန်းထဲမှာ လူအကုန်လုံးရှိနေခိုက် နည်းပြက
" အားလုံး ကြိုးစားကြနော် " ဆိုပြီးပြောတယ် ပြီးတော့ ကိုယ့်ဘက်ကို လှည့်ပြီးတော့
" သမီး ဘာမှစိတ်မလှုပ်ရှားနဲ့သိလား ဘာမှမဖြစ်ဘူးနော် ဂိုးပေါက်စောင့်ပေးရုံပဲ မိရင်လဲ ဖမ်းလိုက် မမိတော့လဲ ထားပေါ့နော် " ဆိုပြီး အားပေးတယ် သူငယ်ချင်းတွေကလဲ ကိုယ်စိတ်လှုပ်ရှားနေတာကိုကြည့်ပြီး
" ဟဲ့ ဒါကဘာမှမဟုတ်ဘူးသိလား သိပ်ပြီးတော့ stress မထားနဲ့ " ဆိုပြီးပြောတယ် ကိုယ်လဲ ရင်ခုန်စွာ သက်ပြင်းတချက် မှုတ်ထုတ်ပြီး
" အေး " လို့ ပြန်ပြောလိုက်တယ်
ဒီလိုနဲ့ ကွင်းထဲကို ကိုယ်တို့တွေ ဆင်းခဲ့ကြတယ်
လူတွေ အများကြီး ကိုယ်ရင်ခုန်လိုက်တာလေ ပြောမနေနဲ့ ခေါင်းကိုငုံ့ကာ ဂိုးပေါက်ဆီသို့လျှောက်သွားလိုက်တယ် လူတွေကြည့်နေလားမကြည့်နေလားလဲ ကိုယ်မသိဘူး စိတ်ထဲမှာ ကြောက်နေတာပဲ ကိုယ်သိတယ်
" ဟဲ့ နင့်ဂိုးက ဟိုးဘက်မှာ ဒါ ငါ့ဂိုးပေါက် "
" အင် " ဆိုပြီး ကြည့်လိုက်တော့ လက်ညိုးထိုးပြီးပြောနေတဲ့ တဖက်အသင်းက ဂိုးသမားကို တွေ့လိုက်ရတယ် စိတ်ညစ်ပါတယ် အရေးထဲမှ ဂိုးပေါက်လာမှားနေရတယ်လို့ ကိုယ်လဲ ရှက်ရှက်နဲ့ သူ့ကို သွားလေးဖြီးပြပြီး ကိုယ့်ဂိုးပေါက် ဆီသို့ ပြေးသွားခဲ့တယ်

ရွှီးးးးး ခရာသံနဲ့အတူ ဘောလုံးပွဲ စ ခဲ့ပါပြီ
ကိုယ် ဘောလုံးသမားခြေထောက်တွေ လိုက်ကြည့်ပြီး ခေါင်းမူးနေခဲ့တယ် ခြေရှုပ်တယ်ဆိုတာ ဒါမျိုးလားဆိုပြီး မဆီမဆိုင်လဲ တွေးနေမိခဲ့တယ် ရုတ်ရက်အနောက်တန်းကို ရောက်လာတဲ့ တဖက်အသင်းက ဘောလုံးသမားကြောင့် ကိုယ့်မျက်စိတွေ ပြာဝေလို့နေခဲ့တယ် ဖြေးဖြေးလေးကန်ပြီးသွင်းလိုက်တဲ့ သူ့ရဲ့ဘောလုံးကြောင့် ကိုယ်ဘာလုပ်ရမယ်မှန်းမသိခင်မှာတင် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကိုယ် ဝပ်ချလိုက်တယ် ဟေးးးးးး ဆိုတဲ့အသံကြီးနဲ့အတူ ကိုယ် အရမ်းလန့်သွားတယ် ဘောလုံးများ ဂိုးသွားပြီလားပေါ့ နောက်တော့မှ ကိုယ်တို့ကျောင်းက မဂိုးလို့ အားပေးတဲ့အသံ သေတော့မှာပဲ ကိုယ်လဲ သက်ပြင်းကို ဟင်းးးးးးး ခနဲ ချလိုက်ပြီး ဘောလုံးကို ပိုက်ကာရပ်နေမိတယ် ရဲနိုင်က
" ဟဲ့ ကန်လိုက်လေ ဒီဘက်ကို ကန်လိုက် " လို့ ကိုယ့်ကိုပြောမှ
" ဟေ " ဆိုတဲ့ အသိနဲ့အတူ ဘောလုံးကို သူတို့ ဘက်ကိုကန်ပေးခဲ့တယ် ငါ ဒီလိုသာ ခဏ ခဏ ဆိုလို့ကတော့ နှလုံးရောဂါရပြီးသေမှာပဲလို့ တွေးနေမိတယ် no 1 goalkeeper Edwin van der Sar တော့ ဘယ်လိုအတွေးရှိလဲမသိဘူး ငါတော့ကြာရင် ရူးတော့မှာပဲ အတွေးကောင်းနေစဉ်မှာတင် ဟေးးးးးးးးး ဆိုတဲ့အားပေးသံကြီး ကြားလိုက်ရတော့ ဘာများဖြစ်ပြီလဲလို့ ရုတ်တရက်ကြည့်လိုက်တော့ ကိုယ်တို့ကျောင်းက ကောင်တွေ လက်သီးလက်မောင်းတန်းကာ အားပေးတာကိုတွေ့လိုက်ရတော့ ဝမ်းသာသွားတယ် ကိုယ်တို့ဘက်က ဟိုဘက်အသင်းကို တဂိုးသွင်းလိုက်နိုင်ခဲ့တာကိုး

၄၅ မိနစ် ပြီးတော့ ခဏနားကြတယ် နည်းပြ က
" သမီးတော်တယ် " လို့ကိုယ့်ကိုချီးကျူးတယ် သူငယ်ချင်းတွေကလဲ
" နင်ဟယ် ငါတို့ကစိုးရိမ်လိုက်ရတာ " ဆိုပြီး ကိုယ့်ကို ဝိုင်းပြောကြတော့ ကိုယ်မနေတတ်အောင်ပဲ သူကတော့
" ငါတို့ အသင်းကို နိုင်အောင်တော့ လုပ်ပေးနော် " လို့ ပြောခဲ့တယ် သူ့ရဲ့စကားကြောင့်ပဲ ကိုယ် အားသစ်တွေရခဲ့တယ်

ဒုတိယပိုင်း ကစားတော့ ဟိုဘက်အသင်းက ပိုပြီး သဲကြီးမည်းကြီး ကစားခဲ့တယ် ဘာလို့လဲဆိုတော့ ကိုယ်တို့အသင်းက တဂိုးသွင်းထားပြီးပြီကိုး ကိုယ်လဲ ပိုပြီး ဂရုစိုက်ဖို့လိုလာပြီလေ ဘောလုံးသမား ရန်ပိုင်လို အရပ်ရှည်ရှည်နဲ့ ကောင်က ဘောလုံးကို ဆွဲလာပြီး ဂိုးပေါက်နားထိ ရောက်လာခဲ့တယ် ဒီတခါလဲ သေချာမှဖြစ်တော့မယ် ကိုယ်ဘာလုပ်ရမလဲ ဦးနှောက်ကနေ စဉ်းစားလိုက်တယ် လျှပ်တပြက်အတွင်းမှာတင် ကိုယ်ကိုယ်တိုင် မသိလိုက်ခင်မှာပဲ ကိုယ်ရဲ့ခန္ဓာကိုယ်က မြောက်တက်သွားပြီးတော့ ဘောလုံးကို ပုတ်ထုတ်ခဲ့တယ် မင်သက်ရှုမောနေတဲ့ ကိုယ်တို့ကျောင်းက အားပေးနေတဲ့ သူငယ်ချင်းတွေ အခုချိန်မှာပဲ ဟေးးးးးးး ခနဲ ထ အော်လိုက်သံကို ကြားလိုက်ရတယ် ကိုယ်လဲ အရမ်းပီတိ တွေဖြစ်သွားခဲ့တယ် သူက တော့ ကိုယ့်ကို သွားကြီးဖြီးကာ ပြုံးပြခဲ့တယ်
ဒုတိယပိုင်း ပြီးခါနီးမှာတင် လွင်ဦး သွင်းလိုက်တဲ့ ဂိုးကြောင့် ကိုယ်တို့ရဲ့အသင်း semi final ကိုတက်သွားခဲ့တယ်

" ထ ၂ ထ ၂ " လို့ အော်တဲ့ ကျောင်းသားတွေကိုကြည့်ပြီးတော့ ကိုယ် အရမ်းပျော်နေခဲ့တယ် နည်းပြကလဲ အရမ်းဝမ်းသာစွာ ကိုယ်တို့တွေကို အားပေးခဲ့တယ် အားလုံးသူငယ်ချင်းတွေက ကိုယ့်ကို ချီးကျူးကြတယ်
" နင် လေ သိပ်တော်တာပဲ မဟုတ်ရင် သရေ ဖြစ်မှာ အဲကျရင် ပင်နယ်တီ ကန်ရမှာ " တဲ့ ကိုယ်ကလဲ
" မဟုတ်တာ နင်တို့ တွေလဲ တော်ပါတယ် " အဲဒီနေ့က ကိုယ်တို့ စားပွဲလေး တခုလုပ်ဖြစ်ကြတယ်
ကိုယ်က
" semi final လောက်ဆိုရင် မြင့်နိုင်တယောက် ပြန်ကောင်းလောက်ပြီ ထင်ပါတယ် နော် " ဆိုတော့ သူက
" မြင့်နိုင်မလာနိုင်လဲ နင်ရှိတာပဲ နော် ဆရာ " ဆိုတော့ အားလုံးက
" အေး ဟုတ်တယ် " လို့ တညီတညာတည်းထောက်ခံကြတယ်
" မလုပ်ပါနဲ့ဟယ် ငါ နောက်တပွဲဆိုရင် နှလုံးရောဂါရလိမ့် မယ် " ဆိုတော့ အားလုံး တဟားဟားးးးး နဲ့ ကိုယ့်အဖြစ်ကို ဝိုင်းရယ်ကြတယ်
အဲဒီ ညက ကိုယ် ပျော်လွန်းလို့ အိပ်မပျော်ခဲ့ဘူး

ကံကောင်းထောက်မစွာ မြင့်နိုင်ပြန်ပြီး ကစားနိုင်ခဲ့တဲ့အတွက် ကိုယ် ကတော့ အားပေးသူသက်သက်ပဲ ဖြစ်ခဲ့တယ် ကျော်ကျော်တို့ အသင်း semi final ကနေ တဆင့် final တက်ကာ နောက်ဆုံးမှာ ဒုတိယ ဆုရခဲ့တယ် ကျောင်းအတွက် ဂုဏ်ရှိတာပေါ့ ကိုယ်တို့ အားပေးသူတွေလဲ အားပေးရကျိုးနပ်တာပေါ့ ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ်အကောင်းဘက်ကနေပဲ လှည့်တွေးဖြစ်ခဲ့တယ်
" နင်တို့တွေ တကယ် တော်တယ်ဟာ " လို့ ကိုယ်သူ့ကိုပြောတော့ သူက
" နင်သာ final ထိပါလာရင် ငါတို့အသင်း ပထမ ဆုရမှာ " လို့ပြောတဲ့ သူ့စကားကြောင့် ကိုယ့်ရင်ထဲ တော်တော်လေးကြည်နူးသွားခဲ့တယ်

ဒီလိုနဲ့ ဒီလိုနဲ့ ကိုယ်တို့တတွေ ချစ်သူဖြစ်သွားခဲ့ကြတယ် (ဘာလဲလို့တော့လာမမေးပါနဲ့ ဒါကတော့ မြုပ်ကွက်ပေါ့)
သူအမြဲတမ်းပြောတဲ့စကားလေး
" နင် နော် ငါ့ကို ဘောလုံးတသင်းထောင်နိုင်အောင် ကလေး မွေးပေးရမယ်နော် " တဲ့ ကိုယ် သူ့ကို မျက်စောင်းထိုးကာ ကျောကုန်းကို ထုတော့ သူက
" အေးလေ နင်မလုပ်ပေးလဲနေပေါ့ ငါ နောက်ထပ် ၂ ယောက် ၃ ယောက်လောက် ထပ်ယူလိုက်ရင် သူ့သူ အလိုလိုဘောလုံးအသင်းထောင်ပြီးသားတဲ့ ဟားဟားးးးး " တဲ့ ဗိုက်ခေါက်ကို အားရပါးရ လိမ်ဆွဲတော့
" အမလေးဗျ မလုပ်ပါနဲ့ " ဟုဆိုကာ ကိုယ့်ကို သူ့ရင်ခွင်ထဲ ထည့်ထားတော့တယ်
ကိုယ်လဲ စိတ်ကူးယဉ်မိပါတယ် ကလေးတွေ အများကြီးနဲ့...........

ကြည့်ခဲ့ဖူးတဲ့ shaolin soccer ကားလေးကို အခြေခံ၍ အမှားပါရင်လဲ ခွင့်လွှတ်ပါလို့..........

Monday, 5 October 2009

*** သီတင်းကျွတ် သို့ အလွမ်းများ ***

သီတင်းကျွတ်၍ ကင်းလွတ် မိုးလေ
သာသည့် ကာလ ရာသီလှတည်း။ ။

သုံးပင်ရှင်လူ မှီခိုအားထား
မြတ်ဘုရား နှင့်  မုနိ စေတီ
စိတ်ဝယ်ရည်၍ ကောင်းရာအမူ့ 
ပြုကြ သည်ရက် ကြည်ရွင် လန်းပြ
နေ့ အလှတည်း။ ။

လပြည့် ချိန်ရက် နေ့ ထူးရက်မို့ 
မောင်တို့ လွမ်းသည် ဋ္ဌာနီမွေးရပ်
ဝေး၍ ကွာသည် တပြည်ရပ်ခြား
အလုပ်များကြောင့် ။ ။

မနီးမနား ဝေးကာခြားသည်
ကျောင်း ၊ကန် ၊ဘုရား ၊ ရှင်မြတ်တို့ အား
စိတ်နှလုံးဖြင့်  ဦးညွတ်ဝတ်တွား ကုသိုလ်များ ကာ
ပူဇော်ရသည့်  လွမ်းရရက် များတိုးသောကြောင့်  ။ ။

မောင်တို့ မှာလဲ ပြုရာအပေါင်းကုသိုလ်ကောင်းအား
တည်မျှအချေ ပြုပါလေ၍
ဘုရားမြတ်ထံ တောင်းဆုပန်သည်
နှစ်ဖြာ မိဘ ဘိုး၊ဘွား အများတို့ 
ကြည်သာရွင်ပျ လှသည့် နှလုံး
ပြုံးသည်အမြဲ အဖြစ် စွဲနှင့်  မမေ့ တရားပွားများနှိင်ကြောင်း
ကောင်းမျှ ထိုထို ရှိစေလို၏ ။ ။

ကျွမ်းရာငယ်ပေါင်း ဆွေကောင်းတို့လဲ
အလိုပြည့်  ၍ ကျက်သရေအပေါင်း
ကောင်းသမျှ နှင့်  သစ္စာ တရား တွေ့ ကောင်းသည်သာရှိပါစေ ။ ။

မြတ်နိုးရသူ သူ့ အတွက်မူလဲ
လှသည်ဝန်းကျင် ရွှင်သည်စိတ်ဝမ်း
မယ့် စခန်းလည်း အေးချမ်းသာယာဖြစ်ပါစေ ။ ။

မယ်လေးကောင်းမူ့ ပြုသည့် ဆုတောင်း
ဤအကြောင်းဖြင့်  မယ်ချစ်ရသူ မောင့် ကိုယ်မူလဲ
ကိုယ်ရောစိတ်ပါ သာကောင်းမွန်မြတ် ရှိအပ်ပါသည် ။ ။

ချစ်ခင် သနား သစ္စာထား၍
မယ်လေး သူ့ တို့ ပျော်ပါစေကြောင်း ဆုချွေတောင်း သည်
အဝေး လွမ်းအိမ်မက်ရှည် ကြာရတုန်းမို့ ။ ။

( သားငယ် )

Sunday, 4 October 2009

၃.၁၀.၀၉

ဒီနေ့က ကောင်လေးငယ် ရဲ့ ၂၃ နှစ်ပြည့်မွေးနေ့လေ သူက မလုပ်တော့ ဝံလေးက လုပ်ပေးရတာပေါ့လို့ နော် ဟုတ်လား ကောင်လေး မွေးနေ့မှာပျော်ရွှင်ပါစေနော်

ကြွရောက်လာတဲ့ မောင်နှမများကို ဧည့်ခံပါတယ်နော် သုံးဆောင်ကြပါရှင်




ကြက်စွပ်ပြုပ် ကိုငါးဆုပ်နဲ့ အရွက်လေးထည့်ပြီး ဟင်းချိုလုပ်ထားတယ် မြူးလေး ကိုယ်တိုင်လုပ်ပေးတာ နော် သိလား ဟိဟိ



ဒါလေးကတော့ ဖက်စပ် ခေါက်ဆွဲတဲ့ ဒါလဲယောင်းမြူးလေး ကိုယ်တိုင် လုပ်ပေးထားတာ အားရပါးရ စားသွားကြနော် ဟိဟိ

တော်ပြီ သူများဆီက ကော်ပီလုပ်ရတာ အောက်တယ် မလုပ်တော့ဘူး ကိုယ့်ဟာကိုပဲ google က ရှာ အဲလေ ကိတ်မုန့် ဖုတ်တော့မယ် ဟိဟိ


အီသွားပြီလား စားရတာ ဂလိုဆိုလဲ သောက်လိုက်ကြဦးပေါ့ နော့်



တော်ပြီ ပြန်ကြတော့ အဲလေ အဲလို မောင်းမထုတ်ပါဘူး စိတ်ကြိုက်စားကြနော် ဟိဟိ

အပြန်လက်ဆောင်ယူသွားကြနော် အားမနာ လျှာမကျိုးပေးနေတယ်သိလား ယူသွားနော် ပြီးရင် မုန့်ဝယ်စားကြ ဟိဟိ

Thursday, 1 October 2009

ပြာပုံ စခန်းမှ လွမ်းကျိန်စာ



ကျန်စစ်သားမင်းကြီး လက်ထက်တွင် ဗန့်ကျည်တိုက ယင်းမာပင်မြို့နယ်အတွင်းရှိ ပြောင်းပြာရွာကြီးသည် စီးပွားရေးကောင်း ကြသောကြောင့် လူချမ်းသာ လူရတတ်ရများ ပေါများသည့် အပြင်အမှုထမ်း အရာထမ်းများသည် ရှိကြသောကြေင့် ပုဂံမင်း နေပြည်နှင့်လည်း အသွားအလာ အဆက်အဆံရှိခဲ့ကြသည်

ထိုပြောင်ရွာကြီးတွင် မိဘများမရှိတော့သော်လည်း အလွန်ချစ်ခင်ကြသည့် မောင်နှမနှစ်ယောက်ရှိသည် အစ်မအမည်မှာ မမယ်ကောင်းဖြစ်သည် မမယ်ကေင်းသည် အပျိုကြီးဖြစ်သည် သူ့မောင်ဖြစ်သူက အိမ်ထောင်ပြုသွားသောကြောင့် ပြောင်းပြရွာကြီးနှင့် အလှမ်းဝေးလှသည့် လက်တောင်း ဟူသော ရွာကလေားမှာ နေသည်

တစ်နေ့တွင် ပြောင်းပြရွာကြီး တစ်ရွာလုံး ထိတ်လန့် အံ့သြကုန်အောင် သတင်းတစ်ခု ထွက်လာသည် မမယ်ကောင်း တစ်ယောက် လင်မရှိဘဲ ဗိုက်ကြီးနေတယ် ဟူသော သတင်းဖြစ်၏

အလွန်အနေအထိုင် သိမ်မွေ့ပိရိသော သူကြွယ်မျိုးရိုးဖြစ်သော မမယ်ကောင်း၏ မကောင်းသတင်းကြောင့် သက်ကြီးရွယ်အို မိန်းမများက မမယ်ကောင်းရဲ့ ကာယကံရှင် ဘယ်သူများလဲအေ ကျော်မကောင်းကြားမကောင်း ဖြစ်ရတယ်လို့ ဒါမှမဟုတ် ညည်း အစော်ကားခံရသလား ဟုပွင့်လင်းစွာပဲ ဆွေရင်းးမျိုးပမာ လာမေးကြသည်

" ဘယ်သူမှ ကျွန်မကို မစော်ကားပါဘူး "
" ဒါဖြင့် ဒီဗိုက်က ဘယ်လိုပူလာရတာလဲ "
" မသိဘူး ဒိလိုပဲ နေရင်း သူ့ဘာသာသူ ပူပူလာတာပဲ စောစောကတော့ လူပြုစားတလား ဒါမှမဟုတ် ဝေဒနာ တစ်ခုခိ ဖြစ်သလားအထင်နဲ့ ဟိုမေး ဒီမေး မေးပါသေးတယ် စိတ်လဲ သိပ်ညစ်သွားတယ် အဲသလိုနဲ့ တစ်ညတော့ အိမ်မက်မက်တယ် "
" အဲ အဲ ဟုတ်ပြီ ဘယ်လိုအိမ်မက်လဲ "
" အိမ်မက်က သိပ်ထူးဆန်းတာပဲ မိန်းမလှလေးတစ်ယောက် သူ့မှာ လက်ဝတ်ရတနာတွေ အပြည့်ဝတ်လို့ အဝတ်အစား ကလဲ ဘုရင့် သမီးတော်တွေ ဝတ်သလိုဝတ်ထားပြီး ဒီအိမ်မျာအမေနဲ့အတူ ကျွန်မလာနေပါရစေလို့ ခွင့်တောင်းတယ် ကျွန်မသိပ်ဝမ်းသာသွားတယ် ကျွန်မ နေရတစ်ယောက်တည်းမို့ အဖော်ရတာပဲ အဖော်ကလဲ မိန်းမလှကလေး ဆိုတော့ နေခွင့်ပြုလိုက်တယ် ဒီတော့ သူက ဒီမှာသူနေရမယ်ဆိုရင် ဟောဒါလေးသောက်လိုက်ပါတဲ့ ဘာရေလဲ မသိဘူး ရွှေဖလားတစ်လုံးနဲ့ ထည့်လာတာကို တိုက်တယ်
ကျွန်မက ယူသောက်လိုက်တယ် နဲနဲလေးပါ ဘာအရသာမှလဲမရှိဘူး သောက်ပြီးမှ မေးလိုက်တယ် အဲဒါဘာအရေလဲလို့ သူကပြောတယ် ကျင်နက်ရေ တဲ့ (ခါချဉ်နက်ရေ) အဲဒီတော့မှ ပါးစပ်ထဲမှာ ချဉ်သလိုဖြစ်လာတုန်း အိပ်နေရက ဖျတ်ခနဲ လန့်နိုးလာတယ် "
" ဟယ် ထူးလှချည်လား "
" ဟုတ်တယ် ထူးတာတော့ အမှန်ပဲ အိပ်ရာက နိုးနိုးချင်း သတိပြုလိုက်မိတာကလဲ ပါးစပ်ထဲမှာ ချဉ်နေတယ် "

ထူးဆန်းသော မမယ်ကောင်း၏ အိမ်မက်နှင့် မမယ်ကောင်း၏ ကိုယ်ဝန်သတင်းကြောင့် မမယ်ကောင်း၏ မောင်ဖြစ်သူမှာလည်း အစ်မအတွက် ရှက်လှချည်ရဲ့ဟုဆိုကာ ပြောင်းပြာရွာသို့ ခြေဦးမလှည့်တော့ပဲ မမယ်ကောင်းကို သေခန်းဖြတ်လိုက်သည်

မမယ်ကောင်း၏ ကိုယ်ဝန်လည်း လရင့်လာသောအခါမှ ထုံးစံအတိုင်း သမီးကလေးတစ်ယောက် မွေးလေသည် ထိုသမီးလေးကို ပြောင်းပြာရွာရှိ မိန်မကြီးများက လာရောက်ကြည့်ရှုကြပြီးသည့်အခါမှာ
" ကလေးက လှလိုက်တာတော် မမယ်ကောင်းလို ဝဝတုတ်တုတ် ညိုညိုမည်းမည်း မဟုတ်ဘူး အသားကလေးကလဲ ဝါဂွမ်းဖြူလို နုအိညက်နေတာပဲ " ဟု သတင်းလွှင့်ကြသည်

ကလေးအသက် တစ်လပြည့်လျှင် မမယ်ကောင်းက သူကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းသို့ ကလေးကို ခေါ်သွားကာ နာမည်တောင်းသည် ဘုန်းတော်ကြီးက ကလေးဇာတာကို တွက်ချက်ကြည့်သည်
" ကလေးက စိတ်သဘောထားကောင်းတယ် နှလုံးသားလဲ ဖြူစင်တယ် ဒါကြောင့် ကလေးနံမည်ကို ရှင်မယ်ဖြူ " လို့ ခေါ်ကြဟု မိန့်တော်မူလိုက်၏

ရှင်မယ်ဖြူ နံမည်ပေး မင်္ဂလာကို မမယ်ကောင်းက ခမ်းနားစွာ ကျင်းပသည် ဘုန်းတော်ကြီးများကို ပင့်ကာ ဆွမ်းကပ်လှူသည် ပြောင်းပြာရွာ တစ်ရွာလုံး အကုန်ဖိတ်ကာ ကျွေးမွေးဧည့်ခံသည် လက်တောင်းရွာမှာနေသည့် မောင်ဖြစ်သူနှင့် သူ၏မိသားစုကိုလည်း ဖိတ်သည် သို့သော် မောင်ဖြစ်သူက လုံးဝမလာ မမယ်ကောင်းသည် သူ့မောင်ကြိုက်နှစ်သက်တတ်သည့် မုန့်များကိုအထူးပြုလုပ်ထားသည်ဖြစ်ရာ မောင်က မလာသောအခါမှာ စိတ်မကောင်းသောကြောင့် ထိုမုန့်များကို ပြောင်းပြရွာနှင့် တစ်ခေါ်လောက်ဝေးသော ချောင်းထဲသို့ ပစ်ချလိုက်သည် (ထိုချောင်းကို ယခုအထိ မုန့်ပစ်ချောင်း ဟုခေါ်ကြသည် မုန့်များသည် ချောင်းထဲတွင် ပုံစံမပျက် ကျောက်တုံး ကျောက်ခဲများ ဖြစ်လျက် မပျက်စီးဘဲ တည်ရှိဆဲဖြစ်၏)

ရှင်မယ်ဖြူ အရွယ်ရောက်လာလျှင် ကိုယ်လက်အင်္ဂါပြေပြစ်စွာ မြင်သူငေးလောက်သည့် အလှပဂေး တစ်ယောက်ဖြစ်လာကာ အဝေးအနီးဝန်းကျင်တွင် ရှင်ဖြူမယ်၏ အချောအလှ သတင်းများ ပျံ့လွင့်လာသည် ထိုသတင်းကို မမယ်ကောင်း၏မောင် ကြားသိသောအခါ ရှင်မယ်ဖြူကို ကြည့်လိုသောကြောင့် မမယ်ကောင်းအိမ်သို့ လာသည် ထို့နောက် သူ့သားနှင့် ရှင်မယ်ဖြူကို ထိမ်းမြားခွင့်ပြုပါဟု ခွင့်တောင်း၏

မမယ်ကောင်းက ခေါင်းခါသည် ရှင်မယ်ဖြူကို မည်သူနှင့်မျှ ထိမ်းမြားပေးမည် မဟုတ် သူ့လိုပဲ အပျိုကြီးလုပ်ခိုင်းမည် ရှင်မယ်ဖြူနှင့် သူ မခွဲနိုင်ဟု ဆိုလျှင် မမယ်ကောင်းမောင်သည် သူ့အစ်မကို မကျေနပ်၍ သူ့သမီးနှင့် ကွဲအောင်ခွဲမည်ဟု ကြံစည်ကာ ပြောင်းပြာရွာမှာ ရုပ်အဆင်းလက္ခဏာနှင့် ပြည့်စုံသော မိန်းမလှတစ်ဦးပေါ်သည် ဟု ပုဂံနန်းသို့ ရောက်သည်အထိ သတင်းပို့လိုက်သည်

ကျန်စစ်သားမင်းကြီးသည် ဤသတင်းကိုသိလျှင် လက္ခဏာဖတ် ပုဏ္ဏားတော်များနှင့် မှူးမတ်ကြီးများကို စေကာ ကြည့်ခိုင်း၏ ပုဏ္ဏားတော်များလည်း ရှင်မယ်ဖြူကို မြင်တွေ့ရလျှင် မိဖုရားဖြစ်ထိုက်သော ရုပ်အဆင်းနှင့် အပြစ်ကင်းစင်သော မိန်းမလှဖြစ်သည် ဟု ဆုံးဖြစ်ကာ မမယ်ကောင်းအိမ်ရှေ့တွင် ပန်းတုံးစိုက် ရာဇမတ် ကာလျက် တော်ကောက်ကြောင်း ကြေညာလိုက်သည်

မမယ်ကောင်း ငိုရတော့သည် သမီးကို ရှင်ဘုရင်သော မင်းသော ဘယ်သူနှင့်မျှ မပေးစားနိုင်ဟု ဆိုကာ ရှင်မယ်ဖြူကို သူ့အနားသို့ ခေါ်ယူပြီးလျှင် ရှင်မယ်ဖြူ၏ လက်သန်းကလေးကို ဆတ်ခနဲကိုက်ဖြတ်လိုက်သည် လက်သန်းကလေး ပြတ်ထွက်သွားပြီးလျှင် သွေးများကျလာသောအခါ ရှင်မယ်ဖြူသည် နာလည်းနာ သူ့အမေ ဘာကြောင့် ယခုကဲ့သို့ရက်စက်စွာ ပြုမူသည်ကိုလည်း နားမလည်သောကြောင့်
" အမေရယ် ရက်စက်လိုက်တာ သမီးလက်သန်းကို ဘာဖြစ်လို့ ကိုက်ဖြတ်လိုက်ရတာလဲ " ဟု ငိုရှိုက်ရင်းမေးသည်

" သမီးရှင်မယ်ဖြူ သမီးဘာမှမသိဘူးနော် သမီးကို ကျန်စစ်သားမင်းကြီးက မိဖုရားမြှောက်မယ်လို့ အခုတော်ကောက်သွားပြီမဟုတ်လော အမေသမီးကို မခွဲနိုင်ဘူး မင်းသောဘာသော ဘယ်သူနဲ့မှ မပေးစားချင်လို့ သမီးလက်ကလေးကို ကိုက်ဖြတ်လိုက်ရတာ မင်းဆိုတာ ခြေလက်အင်္ဂါ မပြည့်စုံသူကို ဘယ်လောက်ပဲ လှလှ မိဖုရား မမြှောက်တော့ဘူးကွယ့် သမီးရဲ့ ပြီးတော့ မိဖုရား တွေ အများကြီးရှိနေတဲ့ ရှင်ဘုရင်နဲ့ နေရတာ သမီးကလေး စိတ်ညစ်နေရှာမှာပေါ့ "

မမယ်ကောင်းသည် ရှင်မယ်ဖြူ၏ လက်ကိုဆေးထည့် ဆေးလိမ်းဖြင့် အမြန်ဆုံး အနာကျက်စေရန် ဆေးဆရာများနှင့် ကုသပေး၏ အနာပျောက်သွားသောအခါ ရှင်မယ်ဖြူ လက်သန်းကလေး လက်သည်းမရှိတော့ တုံးတိတိကလေး ဖြစ်နေလေပြီ

ကျန်စစ်သားမင်းကြီးသည် မမယ်ကောင်းပြောသကဲ့သို့ မိဖုရားများးလှ၏ မိဖုရားကြီး အပယ်ရတနာ နှင့် ဥဿမင်းသမီးခင်ဦး ထီးလှိုင်ရွာသူကြီးသမီး ခင်တန် မထီးတူမ သမ္ဘူလ စသည်ဖြင့် နန်းရမိဖုရားလေးပါးအပြင် ကိုယ်လုပ်တော် နှင့် မောင်းမငယ်များ လည်းရှိလိမ့်မည်ဟု ထီးနန်းနှင့် မဝေးလှသော မမယ်ကောင်းစိတ်မှာ ထင်ထားပေမည်

သို့သော် ရှင်မယ်ဖြူကို တော်ကောက်သွားသော မှူးမတ်များသည် သတ်မှတ်ထားသောနေ့တွင် ပြောင်းပြာရွာသို့ ရောက်လာကြသည် လက္ခဏာကြန်အင် ကြည့်ရှုစစ်ဆေးပြီးဖြစ်သည့်အတွက် ထပ်မံစစ်ဆေးခြင်းမပြုတော့ဘဲ အဆောင်အယောင်နှင့် တကွ ရှင်မယ်ဖြူကို ပုဂံနန်းတွင်းသို့ ခေါ်သွားကြလေတော့သည်

နန်းတွင်းရောက်၍ ကျန်စစ်သားမင်းကြီးသည် ဆက်သသော အခါသို့ရောက်မှပဲ ရှင်မယ်ဖြူတွင် လက်သန်းကလေး ပြတ်နေသည်ကို မင်းကြီးကိုယ်တိုင် တွေ့မြင်ရှုစားမိကာ ရှင်မယ်ဖြူကို မိဖုရားမမြှောက်တော့ဘဲ မောင်းမငယ်အဖြစ်နှင့်သာ အနောက်ဆောင်သို့ ပို့ထားစေလိုက်သည်

ကျန်စစ်သားမင်းကြီးသည် ဤအချိန်တွင် သက်တော် ခုနစ်ဆယ်ခန့်ရှိကာ နန်းစည်းစိမ် ဆယ်နှစ်ခန့်သာ ရှိသေးသည်ဖြစ်၍ ပုထိုးစည်းခုံ အများအပြားကို တည်ရှိခြင်းစသည့် အလုပ်များကို စိတ်ဝင်စားတော်မူနေချိန်ဖြစ်၏

ထို့ကြောင့် ရှင်မယ်ဖြူသည်လည်း အချိန်ရလျှင် ရသလိုကွမ်းရေတော်သားဖြစ်နေသည့် ပြောင်းပြာရွာသား မောင်ငုံနှင့် ဆယ်သွယ်ရင်းနှီးမှုရကာ အချင်းချင်းရည်ငံလာကြသည် ရည်ငံရာမှ တစ်ဆင့် လွပ်လပ်စွာ အတူနေလိုသော ဆန္ဒဖြင့် ပုဂံနန်းတွင်းမှ ထွက်ပြေးလာကြတော့၏

ပြောင်းပြရွာသို့ ပြေးလာကြခြင်းဖြစ်၍ အမေ မမယ်ကောင်းနှင့် တွေ့ကြသည် အမေက ပြောင်းပြာရွာတွင် လုံခြုံမှုမရှိ ယင်းမာ ပင် မှ တဆင့်း လယ်ငေါက်တောင်လမ်းနှင့် တောင်ကြောကို ဖြတ်ကာ ခေါက်လောက်တောင် မဟူတောင်နှင့် ပြာပုံတောင်များသို့ အရောက်သွားနိုင်မှ ပုန်းအောင်းနိုင်လျှင်ကောင်းမည် ပြာပုံတောင်မှာ စားသောက်ဖွယ်ရာ သစ်သီးဝလံလည်း ပေါသည် စိမ့်စမ်းလျှိုမြောင်တို့လည်း များသည်ဟု အကြံပေး၏

ထို့ကြောင့် ရှင်မယ်ဖြူတို့နှစ်ယောက်သည် သူတစ်ပါး မြင်လျှင် မှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် နွမ်းပါးသော ဆင်းရဲသားများ အသွင်ရုပ်ဖျက်ကာ တောတက် သစ်သီးခူးကြမယ့်ဟန်ဖြင့် ပြာပုံတောင်ရှိရာသို့ ဦးတည်ထွက်ပြေးလာကြသည်

ယမတိုင် လယ်ငေါက် ဆင်ဆွယ် အင်းတော စသည် ရွာများကို ရွာပြင်မှနေ၍ တစ်ရွာပြီးတစ်ရွာ အပင်ပန်းခံပြီး ဖြတ်လာကြသည်

အမေလုပ်ပေးလိုက်သည့် ကောက်ညှင်းမုန့် ဆန်မုန့်များကိုစားပြီး ဖြစ်သလိုအိပ် ဖြစ်သလိုစားရင်းဖြင့် ပြာပုံတောင်ခြေနားသို့ ရောက်လာသည်

နေထိပန်းလို နွမ်းနေရှာသည့် ချစ်သူကို မောင်ငုံက အားပေးသည် ယောက်ျားသားဖြစ်သူ မောင်ငုံသည်ပင် ဤစခန်းဤလမ်းကို ဖြတ်သန်းရာမှာ မောဟိုက်လာသည် ရှင်မယ်ဖြူအတွက်တော့ ပြောဖွယ်မရှိ သြော သူ့ခမျာ ငါ့ကို ချစ်ရှာလွန်းလို့ စွန့်စားလိုက်လာရရှာပါကလား ဟု များစွာသနားမိသည် ထိုအခိုက် ရှင်မယ်ဖြူသည် တောင်ကမ်းပါးယံကြီးကို မှီငြမ်းအိပ်နေရာမှ လူးလဲထကာ မောင်ငုံကို လှမ်းပြောသည်

ကိုမောင်ငုံရေ လူသံတွေ ကြားရသလိုပဲ နန်းတွင်းကလိုက်လာကြသလား မသိဘူး မယ်ဖြူကို ပြေးရဦးမယ်ထင်တယ်

မောင်ငုံကတောင်အောက်သို့ လှမ်းမြှော်ကြည့်ရင်း နားစွင့် နေသည် မဟူတောင်ဆီမှ လွင့်လာသည့် လူသံများကိုကြားရ၏ သည်တစ်ခါတော့ ပြေး၍လွတ်နိုင်မည် မဟုတ် သူသည်လည်း မောလွန်း၍ လှုပ်ပင်မလှုပ်ချင်တော့ပေ ရှင်မယ်ဖြူမှာတော့ ပြောဖွယ်ရာမရှိပြီ လျှိုစောင်းမှာ ပေါက်နေကြသည့် တောင်သလဲပင် တောထဲသို့ ရှင်မယ်ဖြူကိုပါ တွဲခေါ်ပြီး နှစ်ယောက်အတူ ပုန်းနေလိုက်သည်

မဟူတောင်မှ တက်လာကြသည့် ရဲမက်များကို ရှင်မယ်ဖြူမြင်လိုက်သည် သူတို့လာရန် ဘာမျှမဝေးတော့၍ ပြေးမလွတ်တော့ဟု သိလိုက်ပြီ

" ကိုမောင်ငုံဘယ်လိုလုပ်ကြမလဲ "

မောင်ငုံကိုမေးတော့ သူသည်လည်း မျက်နှာပျက်နေပြီ မတတ်နိုင်တော့ အဖမ်းခံကြရတော့မည် သူတို့နှစ်ဦးကွဲကြရတော့မည်ဟု ရှင်မယ်ဖြူသည် မောင်ငုံကိုဖက်ကာ ငိုတော့၏ ရဲမက်အားလုံးခြောက်ယောက် သူတို့ပုန်းနေသည့် တောင်သလဲပင်အနား သို့ရောက်လာကြသည် ဟိုကြည့် ဒီကြည့် ကြည့်ကြသည်

ထူးဆန်းသည့်အဖြစ် သူတို့နှစ်ယောက်လုံးက ရဲမက်တွေကိုမြင်သည် ရဲမက်တွေက သူတို့နှစ်ယောက်ကိုလုံးဝ မတွေ့ ရဲမက်များသည် သူတို့အနားမှာပဲ ကွမ်းတစ်ယာညက်ခန့်ကြာအောင် ထိုင်သွားကြပြီးမှ လက်လျှော့ကာ တောင်အောက်သို့ ပြန်ဆင်းသွားကြသည်ကို မြင်လိုက်ရသောအခါမှာ ဝမ်းသာဖွယ်ကောင်းလှသည့် အဖြစ်ဟု ပုန်းအောင်းနေကြသည်မှ ထွက်လာရင်း မောင်ငုံက ပြောသည်

" မယ်ဖြူရေ တို့ကို နတ်မတာပဲ သူတို့ပြန်သွားကြပြီ ဒီအန္တရာယ် ကတော့ လွတ်ကြပြီပေါ့ ဒီတော့ ကိုမောင်ငုံတို့ ဘယ်ကို ခရီးဆက်ကြမလဲ "
" မယ်ဖြူတော့ ဒီလျှိုထဲမှာပဲ နေချင်တယ် ဒီနေရာက တောအုပ်ကောင်းတဲ့အပြင် စားသောက်စရာ သစ်သီးဝလံ တွေက ရာသီအလိုက်သိပ်ပေါတာမို့ ဒီမှာပဲ နေလို့ ဖြစ်ပါလိမ့်မယ် "

ပြာပုံတောင်မှာရှိသည့် မြေသားများက ပြာလိုနူးညံ့အိစက်နေသည် မြေသားအရောင်ကလည်း ထူးထူးခြားခြား ပြာလိုမွဲခြောက်ခြောက် ပြာနှမ်းနှမ်း အရောင်ဖြစ်နေသောကြောင့် မောင်ငုံက သူ့စိတ်ထဲမှာ ထူးဆန်းနေသည် ထို့ပြင် ပြာပုံတောင်တစ်တောင်တည်းကသာ ဒီအနားတဝိုက်တွင် မြေသားအရောင် ပြောင်းလဲ ထူးခြားနေသည်ကို သတိပြုမိသောကြောင့်
" မယ်ဖြူရေ ဒီတောင်နံမည်ကို ဘယ်လိုခေါ်သလဲ " လို့ မေးလိုက်သည် ရှင်မယ်ဖြူက ဖြတ်ခနဲ မျက်နှာပျက်သွားရာမှ
" အို.. ဘာလို့ မေးရတာလဲ မမေးနဲ့ ကိုမောင်ငုံ " ဟု လေသံပြတ်ပြတ်နှင့်ပြောကာ မောင်ငုံကို ကျောခိုင်းလိုက်သည် မောင်ငုံကလည်း တောင်နံမည်မေးတာနဲ့ မယ်ဖြူက မျက်နှာဘာဖြစ်လို့ ပျက်သွားရပါလိမ့် ဟု တွေးကာ
" တောင်နံမည်သိချင်လို့မေးတာ မယ်ဖြူကဘာဖြစ်သွားတာလဲ ကွယ် " ဟု ထပ်ပြောလိုက်သည်

" ဒီလောက် သိချင်ရင်ပြောပြမယ် ကိုမောင်ငုံ ဟောဒီ လက်ဝဲဘက်က တောင်က အိုဘဲ့ တောင်အို လင်လို တဲ့ ဟိုဘက် လက်ယာအစွန်က တောင်နံမည်ကတော့ အိုဘဲ့ တောင်မ လင်မရ လို့ ခေါ်တယ် " ဟု ရှင်မယ်ဖြူ ရှင်းပြနေစဉ်မှာပဲ မောင်ငုံသည် အကောင်းသားပကတိမှ မြေပြင်ပေါ်သို့ စန့်စန့်ကြီးလဲကျကာ သေဆုံးသွားသည်ကို ရှင်မယ်ဖြူ မြင်လိုက်ရသည် ကြောက်လန့်အားငယ်မိသည်မှာ ပြောဖွယ်မရှိ ဒီတော ဒီတောင်ကြီးထဲမှာ အဖော်မပါ တစ်ကိုယ်တည်း ဘဝဖြင့် ဘယ်လိုနေရပါမည်နည်း ကိုမောင်ငုံအလောင်းကို ဘယ်လိုလုပ်ရပါမည်နည်းဟု တွေးတောကာ အားရပါးရ ငိုမိသည် အမေ့ကိုလည်းသတိရသည် အမေသာ အနားမှာရှိလျှင် အကြံဥာဏ် ပေးနိုင်လိမ့်မည် ခုတော့ ဘယ်လိုလုပ်ရမည်နည်း

" ကိုမောင်ငုံရေ မယ်ဖြူဘယ်လိုလုပ်ရပါ့မလဲ မယ်ဖြူကိုပါ လာခေါ်သွားပါ ကိုမောင်ငုံရယ် " ပြောရင်း ရှင်မယ်ဖြူ မိန်းမောလဲကျ သတိမရဖြစ်သွားရှာလေတော့သည်

သမီးရှင်မယ်ဖြူတို့ ထွက်ပြေးသွားကြသည်မှာ ဆယ်ရက်ကျော်ပြီ အန္တရာယ် အပေါင်းမှ လွတ်မြောက်ပါစေဟု မမယ်ကောင်း မှာ နေ့စဉ်ဆုတောင်းနေရသည် သမီးလေး ပြောင်းပြာရွာမှ မောင်ငုံနှင့် အတူ ပြာပုံတောင်သို့ ထွက်ပြေးသည့် နေ့တွင် ရဲမက်များ ရောက်လာကြသည် မမယ်ကောင်းကို စစ်ဆေးကြသည် ပြောင်းပြာရွာသားတစ်ချို့က မောင်ငုံနှင့် ရှင်မယ်ဖြူတို့ ပြာပုံတောင်သို့ တက်သွားကြသည်ကို မြင်သည်ဟု သတင်ပေးသူက ပေးသည်

ဤသို့ဖြင့် မမယ်ကောင်းသည် သမီးအတွက် ရင်မအေးစွာဖြင့် ခံစားနေစဉ် ညက အိမ်မက်မြင်သည် အိမ်မက်ထဲတွက် ရှင်မယ်ဖြူသည် ဆံပင်ကို ဖားလျားချထားသည် ခေါင်းမှာ ရှာပန်းထည်အနီကို စည်းနှောင်ထားသည် မမယ်ကောင်းက
" သမီးဘယ်လိုဖြစ်တာလဲ " မေးတော့ ငိုသည်
" အမေ ကိုမောင်ငုံရော သမီးပါ သေပြီ " ဟုပြောသည်
" ဘာဖြစ်လို့ သေတာလဲ ရဲမက်တွေ ဖမ်းလို့ အသတ်ခံရတာလား " ဟု မမယ်ကောင်းက မေးသည်
" မဟုတ်ဘူး သမီးပြောပြမယ် သမီးတို့နှစ်ယောက်စလုံး ကို သမီးရဲ့ဘဝဟောင်းက အစ်မဖြစ်ခဲ့ဖူးတဲ့ပြာပုံတောင် ရှင်မက သတ်လိုက်တာ " ဟု ဘဝဟောင်း အကြောင်းကိုရှင်းပြသည်

ပြာပုံတောင်မှာ တောင်အိုနှင့် တာင်မဟူ၍ တောင်နှစ်လုံးရှိသည် တောင်အိုမှာ အစ်မနတ်သမီး တောင်မမှာ ညီမနတ်သမီးတို့က တောင်စောင့် နတ်သမီးများအဖြစ် စောင့်ရှောက်ကြသည် တောင်စောင့် နတ်ဘဝဖြင့် အနေကြာသောအခါမှာ ညီမဖြစ်သူက လူ့ဘဝကို ခဏသွားချင်ကြောင့် အစ်မကို ပူဆာသည် ထိုအခါ အစ်မဖြစ်သူက လူ့ဘဝမှာ ပျော်သလို နေခွင့်ကိုတော့ ပြုသည် သို့သော် ချစ်သူလုံးဝ မရှိစေရ အိမ်ထောင်လုံးဝ မပြုရဟု တားမြစ်လျှင် ညီမက ကတိပေးသည် ထို့ကြောင့် အစ်မဖြစ်သူသည် မမယ်ကောင်း၏ဝမ်းမှာ သန့်ရှင်းစွာ သန္ဓေတည်စေနိုင်ရန် အတွက် စိတ်တိုင်းကျ စီစဉ်ပေးလိုက်သည်

ရှင်မယ်ဖြူအဖြစ်နှင့် ပြာပုံတောင်သို့ ရောက်လာသောအခါ မှာ ရဲမက်များရှာမတွေ့နိုင်အောင် အစ်မဖြစ်သူ တောင်စောင့်နတ်သမီးက သူ့ညီမကို ဝှက်ထားပေးသည် ရဲမက်တို့ တောင်ပေါ်မှ ဆင်းသွားသောအခါမှ ရှင်မယ်ဖြူသည် သူ့စကားကို နားမထောင်ရုံမျှမက သူယူထားသော လင်ဖြစ်သူကိုပါ မလေးမစား သူရှိရာ အိုဘဲတောင်အို လင်မလို ဟု အမည်ပေးထားသည့် တောင်ပေါ်ကိုမှ ခေါ်ယူလာခဲ့ရမလား ဟူသော ဒေါသစိတ်ဖြင့် လည်ကိုညှစ်ကာ သတ်လိုက်သည် ရှင်မယ်ဖြူကိုလည်း အိုဘဲ့တောင်မ လင်မရ တောင်ကို ပြန်လာ၍ စောင့်စေဟု ဇီဝိန်နုတ်ယူကာ ပြာပုံတောင် ရှင်မနတ်အမည်ဖြင့် တောင်တစ်ခုလုံးကို စောင့်ရှောက်ခိုင်းလိုက်သည် သူကိုယ်တိုင်မူကား ကျွတ်လွတ်သွားလေပြီတည်း

မမယ်ကောင်းသည် အိမ်မက်ထဲတွင် မြင်ရသည့် သမီးရှင်မယ်ဖြူ ပြောစကားများကို အားလုံးကြားပြီးသည်နှင့် အိပ်ရာထဲမှ ဖျက်ခနဲ နိုးလာသည် ဘာကိုမျှမတတ်နိုင်တော့ အားလုံး ဆုံးရှုံးကုန်ပြီဟု စိတ်ကိုထိန်းကာ မောင်ငုံနှင့် သမီးကို ရည်စူးပြီး ဆွမ်းကပ်လှူသည် အမျှဝေသည် သမီးရှင်ဖြူ ပြာပုံရှင်မနတ်ဘဝမှ အမြန်ဆုံး ကျွတ်လွတ်ကာ ဟိုတစ်ခါလိုပဲ လူ့ဘဝသို့ ပြန်ရောက်လာပါစေဟု ဆုတောင်းသည်

သို့သော် ရှင်မယ်ဖြူ အနေနှင့်ကား ပြောင်းပြာရွာကို စိတ်နာသည် ပြောင်းပြာရွာသွားများလမ်းညွှန်လိုက်၍ ပြာပုံတောင်သို့ ရဲမက်များ ရောက်လာကြသည်ဟု ပြောင်းပြာရွာသည် မည်မျှပင်ပန်းကြီးစွာ စိုက်ပျိုးရှာဖွေပါသော်လည်း ဆင်းရဲမွဲတေသော ဘဝမှ မလွတ်မြောက်ကြပါစေနှင့် ပြောင်းပြာရွာတွင် ပေါ်ထွက်သမျှ မိန်းမလှမှန်သမျှသည်လည်း အရွယ်ရောက်သည်နှင့် ကိုယ်လက် ပျက်စီးကြပါစေသတည်း ဟု ကျိန်စာတိုက်သည် (ဤကျိန်စာသည် နှစ်ပေါင်း နှစ်ရာခန့်အထိ စူးရှထိရောက်ခဲ့၏)

သက္ကရာဇ် ၅၃၆ ခုနှစ် ပုဂံနရပတိစည်သူမင်း လက်ထက်တွင် မင်းနှင့်တကွ ပြည်သူများပါ ကိုးကွယ်ကြသည့် ကဿပ ဘွဲ့တော်ရှိ ရဟန်းတစ်ပါး ပေါ်ထွက်လာသည် ပေါင်လောင်လူမျိုးများကလည်း အလွန်ရိုသေဆည်းကပ်ကြသော ကြောင့် ဤအရှင်ကို ပေါင်လောင်ရှင် ကဿပ ဟုလည်း ဘွဲတော်တွင်သည် ပေါင်လောင်ရှင် ကဿပ အရှင်မြတ်သည် တောရဆောက်တည်ရင်းဖြင့် ပုဂံပုံညားနှင့် မဟူတောင်ကြားတွင် ပျံလွန်တော်မူသည်

ထိုအချိန်မှ စ၍ ကဿပ အလောင်းတော် မြှုပ်နှံထားသည့် တောင်ဖြစ်သည်ဟု အလောင်းတော်ကဿပ တောင်ဟူ၍ နာမည်သတင်းကြီးလာသည် အလောင်းတော် ကသဿပတောင်တွင် ပြာပုံတောင်သည် စခန်းတစ်ခု ဖြစ်လာသောအခါ ပြာပုံတောင်စောင့် ရှင်မနတ်ကွန်းကို တည်ဆောက်ကိုးကွယ်လာကြသည် တောလမ်းခရီးသွားလာလုပ်ကိုင်ရှာဖွေ စားသောက်သူများ ကို စောင့်ရှောက်ပါဟု နတ်ကွန်းရှေ့သို့ရောက်လျှင် စားဦးစားဖျား ပန်းဆီမီးတို့ဖြင့် တင်မြှောက် ပူဇော်ကြ၏

ပြာပုံရှင်မနတ် ရှင်မယ်ဖြူသည် တခါတရံ သူ့ပုံရိပ်ကို မထင်မရှားပြသည် တခါတရံ ကြေကွဲဝမ်းနည်းနေသည့် အသံဖြင့် ကိုမောင်ငုံရေ စံနန်းမှာ ဖြေမရွှင်နိုင် ဟု သူ့ချစ်သူမောင်ငုံကို လွမ်းဆွတ်တမ်းတစွာ ငိုသလို ပြောနေသံများကိုလည်း ကြားရတတ်သည်ဟု ဒေသခံများက ပြောကြသည်

ချစ်သူနှင့် ကွဲကွာနေရသော ပြာပုံရှင်မနတ်သည် သူ့နတ်ကွန်းရှေ့သို့ ချစ်သူ သို့မဟုတ် ဇနီးမောင်နှံစုံတွဲများ ဖြတ်သန်းသွားမိလျှင် မကြိုက်သောကြောင့် ချက်ချင်းမူးမေ့သတိလစ်သွားအောင် ပြုလုပ်လေ့ရှိသည်ဟု သူ့နတ်ကွန်းရှေ့သို့ ယခုတိုင် ယောက်ျားနှင့် မိန်းမ အတူယှဉ်တွဲ သွားလာခြင်းများကို မလုပ်ကြပါဟု ဒေသခံများက ပြောပြသည်

ထို့အပြင် လက်ဝတ်ရတနာ ရွှေငွေများဝတ်ဆင်၍ သူ့ နတ်ကွန်းရှေ့ဘယ်သူမှ ဖြတ်သန်းသွားလာခွင့်မပြုဝံ့ပါ ပြာပုံတောင်ရှင်မက မကြိုက်ဟု ဆိုကာ ဝတ်လာသော ရွှေငွေများကို ချွတ်၍နတ်ကွန်းရှေ့မှ လွန်သွားမှသာ ပြန်လည်ဝတ်ဆင်ကြသည် ပြာပုံရှင်မနတ်၏ သက်တမ်းသည် ကျန်စစ်သားမင်းကြီး နတ်ရွာစံသည့် သက္ကရာဇ် ၄၅၀ ခုနှစ်မှစ၍ တွက်လျှင် သက်တမ်း ၉၁၀ နှစ် ရှိလေပြီ သို့သော် ဒေသခံများသည် ယခုတိုင် ပြာပုံတောင် ရှင်မနတ်ကွန်းရှေ့သို့ရောက်လျှင် အစဉ်အလာအတိုင်း ဆက်လက်ရိုသေကြသည် မလေးမစားမလုပ်ဝံ့ကြ

သို့သော် သတ္တမမြောက် ကျောက်အောင်စံထား ဆရာတော် ရှင်ဝါယမာဘိဝံသ (အမရပူရ) ၏ ၁၉၅၄ ခုနှစ်မှာ ရေးခဲ့သည့် အလောင်းတောင်ကဿပ မှတ်တမ်းတွင် ဖော်ပြထားသည့် ဆရာတော်၏ ကိုယ်တွေ့များကို အလျင်းသင့်၍ ဤနေရာတွေ ဖော်ပြလိုက်ပါသည်

ဆရာတော် ၁၃၁၆ ခု တပို့တွဲလဆန်း ၁ ရက် တနင်္လာနေ့တွင် အလောင်းတော် ကဿပတောင်သို့ တက်သောအခါ ခြေလျင်ခရီးဖြစ်၍ ညနေ သုံးနာရီလောက်တွင် ပြာပုံတောင်ရှင်မ နတ်ကွန်းရှေ့သို့ ရောက်သည် ထိုအခါ အသက် သုံးဆယ့်ငါးနှစ် အရွယ်ခန့် ဒါယိကာမ တစ်ဦး တောထဲမှထွက်လာပြီး
" ကိုယ်တော် ဘယ်ကြွမှာလဲ " ဟု လျှောက်သည် ဆရာတော်သည် တောနက်ထဲဖြစ်နေ၍ ထိုမိန်းမကို အကဲခတ်သည် မျက်တောင်လည်းလုံးဝ မခတ် လက်ဖဝါး ခြေဖဝါး တို့လည်းနီသည် ဧကန္တကြားဖူးထားသည့် ပြာပုံတောင်ရှင်မ ဆိုတာများ ဖြစ်နေမလား ဟု တွေးသည် သို့သော် ထိုဒါယိကာမ မေးသည်ကိုတော့
" အလောင်းတောင် ကဿပတောင်ကို ကြွမလို့ " ဟုဖြေလိုက်သည်
" အဲသလိုဆိုရင် တည့်တော်မ လိုက်ပို့ပါ့မယ် " ဟုပြောကာ လိုက်ပို့ပေးသည် နတ်စင်နေရာနှင့် ကိုက် ၁၅၀ ခန့်ဝေးမည် နေရာမှစ၍ ဆရာတော်ကို သူလိုက်ပို့သည်မှာ ဘုရားစခန်းဝ အထိဖြစ်သည် လမ်းမှာ နှစ်နာရီ နီးပါးခန်း ဆရာတော်က ရှေ့သူကနောက်မှ လိုက်ကာ လျှေက်ခဲ့ကြရာ ဆရာတော်က နာမည်မေးသည် သူက သူ့နံမည် ရှင်မယ်ဖြူ ပါ ဘုရားဆိုတော့ ဒါဖြင့် ပြာပုံတောင်က ဒါယိကာမကြီး နတ်စင်ပေါ့ ဟု မေးလျှင် ဟုတ်ပါတယ် ဘုရားဟု ဖြေသည်

ဆရာတော်က
" ပြာပုံတောင် ရှင်မနတ်မယ်ဖြူ အကြောင်းကို ကပိုင်မှာ တည်းခိုခဲ့တုန်းက ပြည့်ပြည့်စုံစုံ ကြားခဲ့ရတယ် ဒီနယ်က လူတွေ လက်ဝတ်ရတနာဝတ်ပြီး တောင်တက်လာရင် လေကြီး မိုးကြီးကျတယ် မူးမေ့ အော့အန်ကြတယ် အဲဒါတွေက ဒါယိကာမက လုပ်တာဆို " ဟု မေးသည်
" လွန်ခဲ့တုံးက လုပ်တာပါဘုရား အခု တပည့်တော်မ မလုပ်တော့ပါဘူး ခွင့်လွှတ်လိုက်တာ နှစ်ငါးဆယ်ကျော်သွားပါပြီ "

" သာဓု သာဓု သာဓု ဒါယိကာမကြီး ပြီးတော့ ပြောင်းပြာရွာမှာ သုံးနှစ်တကြိမ် မိန်းမလှ ပေါ်တယ် ပေါ်တဲ့မိန်းမလှအားလုံး အရွယ်ရောက်လာရင် ကိုယ်လက်ပျက်စီးတယ် ပြောင်းပြာရွာမှာ တနှစ်သုံးစား စားရပေမယ့် လူတွေ မွဲနေကြတယ်လို့ ကြားရတယ် ဒါယိကာမကြီး ကျိန်စာကြောင့် ဆိုတာ ဟုတ်သလား "
" တပည့်တော်မ သေရတာ ပြောင်းပြာရွာက လူတွေ သတင်းပေးလို့ဆိုပြီး စိတ်ဆိုးပြီရတာရယ် မိန်းမလှပေါ်လာရင် တော်ကောက်တတ်တဲ့ မင်းတွေကို မကျေနပ်တာရယ် စုပေါင်းပြီး အမှန်ပဲ ကျိန်စာတိုက်ခဲ့ပါတယ် ဘုရား အခုတော့ ကျိန်စာအားလုံး ပြေသွားပါပြီ ဘုရား "
" ကြားရတာ ဝမ်းသာပါတယ် ဒါယိကာမကြီး စိတ်နှလုံးနူးညံ့ တယ်ဆိုတာ ကုသိုလ် စိတ်ပါ သာဓုခေါ်ပါတယ် ဒါထက် မေးချင်သေးတယ် ဒါယိကာမကြီး ပုတီးစိပ်ဖူးသလား "
" မစိပ်ဖူးပါဘူး "
" စိပ်ကြည့်စမ်းပါ အခုနေရတာထက် အဆင့်မြင့်လာ တန်ခိုးကြီးလာမယ် တစ်နေ့ကို သုဂတော ငါးချက်ဂါထာကို တစ်ပုဒ် ဆုံးရင် တစ်လုံးချပြီး သုံးပတ် မှန်မှန် ဝတ်မပျက်စိပ်ကြည့်ပါ "
" သုဂတော ငါးချက်ဆိုတာ ရှင်းပြပါဘုရား အမေနဲ့နေတုံးက ဘုရားရှိခိုးတာရော ပုတီးစိပ်တာပါ အထုံရှိပါတယ် ဘုရား "

" ကဲပြောပြမယ် မှတ်ထား သုဂတောငါးချက် ဂါထာဆိုတာ
သုဂတော သုဂတာ ဌာနံ
သုဂတော သုန္ဒရံ ပိစ
သုဂတော နိဗ္ဗာန်နံ ယန္တိ
သုဂတော တေ နမော နမာ
အဲဒီ လေးပုဒ်ကို ရွတ်ပြီးမှ ပုတီးတစ်လုံးကိုချ ဒီပုတီးစိပ်ပြီးမှ ဘယ်လိုတိုးတက်မှုရှိလာတယ်ဆိုတာကို ဦပဉ္စင်းတောင်ပေါ်က ဆင်းလာတော့ လျှောက်ပါ တောင်ပေါ်မှာ ဦးပဉ္စင်း လေးဆယ့်ငါးရက်နေမယ် "
" ကောင်းပါပြီဘုရား အရှင်ဘုရားမှာတဲ့အတိုင်း စိပ်ပါမယ် "

ဆရာတော်သည် အလောင်းတော် ကဿပ ဂူတွင်း တွင် အဓိဋ္ဌာန်မပျက် သီတင်းသုံးလျက်ရှိစဉ် ပြာပုံတောင်ရှင်မနတ်မယ်ဖြူသည် တပို့တွဲလဆန်း ၁၁ ရက်နေ့မှာ ဂူတွင်းသို့ ရောက်လာကန်တော့သည်
" တပည့်တော်မ အရှင်ဘုရားမှာတဲ့အတိုင်း ပုတီးသုံးပတ် နေ့စဉ်စိပ်ပါတယ် ဘုရား အဲသိလိုစိပ်နေရင်း လူ့ဘဝတုံးက ဆိုခဲ့တဲ့ ဘုရားရှိခိုးတွေနဲ့ စာတွေကိုပါ ပြန်သတိရမှတ်မိလာပြီ တပည့်တော်မမှာ အခုမှ ရတနာသုံးပါးကို မြဲနေတော့ အရှင်ဘုရားပြောခဲ့သလို ခုနစ်ရက်အတွင်းမှာ ဘဝပြောင်းလဲ တိုးတက်လာလို့ အရင်ကလို အနေဆင်းရဲအစားဆင်းရဲတဲ့ ဘဝမှာ မနေရတော့ဘဲ ဘုမ္မစိုးနတ်ဆင့်ကို ရောက်လာပါပြီဘုရား အဲဒီအကြောင်းကို လျှောက်ချင်လို့ တပည့်တော်မ ရောက်လာရတာပါဘုရား " ဟုလည်း လျှောက်တင်သွားသည်ဟု ဆရာတော်၏ မှတ်တမ်း မှာ တွေ့ရပါသည်

စာရေးသူ ၁၉၈၈ ခုနှစ် တပေါင်းလပြည့်နေ့တွင် ထိုနေရာပြာပုံတောင် ရှင်မနတ်ကွန်းရှိရာစခန်းသို့ရောက်ခဲ့ပါသည် ကလေးဘဝကတည်းက ရှင်မယ်ဖြူ အကြောင်းကို ဒဂုန်မဂ္ဂဇင်းတွင် သလ္လာဝတီတင့်အုံ (ဒဂုံဦးစန်းငွေ) ရေး၍ ဖတ်ခဲ့ဖူးသောကြောင့် မောင်ငုံနှင့် မယ်ဖြူသည် စာရေးသူ၏ ရင်ထဲမှာ စွဲငြိနေပါသည်

ထို့ကြောင့် ကံအားလျော်စွာ အလောင်းတော် ကဿပ တောင်ထိပ်သို့ ခြေလျင်ခရီးဖြင့် သွားလိုက်ရသောအခါမှာ ပြာပုံတောင်စခန်းသို့ ရောက်သည်နှင့် အတိတ်သည် အရိပ်ပမာမြင်ယောင်လာသည် နတ်ကွန်းကိုတော့ မတွေ့ခဲ့ရပါ အတွင်းဘက်မှာ ရှိသည်ဟု ပြောကြသည်

ဆရာတော်၏ မှတ်တမ်းမှာ ရေးထားသကဲ့သို့ မယ်ဖြူသည် ရှင်မဘဝနှင့် မဟုတ်ပဲ ဘုမ္မာစိုးနတ် ဖြစ်သွားပြိဟုပဲဆိုဆို စာရေးသူကတော့ ဤပြာပုံတောင်စခန်းမှာ ကျကျနန ရှည်လျားစွာဖြင့် အမျှပေးဝေခဲ့လေသည် ပြာပုံရှင်မနတ်ကို အမှူးထားပြီး ရှိရှိသမျှ မြင်ရသော မမြင်ရသော အားလုံးကို သာဓုခေါ်ကြပါဟု ဟစ်ကြွေးလိုက်သည်

သို့သော် ဟောင်းလွန်းပြီးဖြစ်သော ပြာပုံတောင်ရှင်မ ရှင်မယ်ဖြူ၏ အကြောင်းကိုကား ယခုတိုင် ယင်းမာနယ်တဝိုက်မှာ ပြောနေကြတုံး ယုံကြည်လက်ခံနေကြတုံး ရှိပါသေးသည်

စာရေးဆရာမ ကြည်ဦးရဲ့ ပရလောကသားများ စာအုပ်မှ ကူးထားခြင်းဖြစ်ပါတယ်