Thursday, 1 October 2009

ပြာပုံ စခန်းမှ လွမ်းကျိန်စာ



ကျန်စစ်သားမင်းကြီး လက်ထက်တွင် ဗန့်ကျည်တိုက ယင်းမာပင်မြို့နယ်အတွင်းရှိ ပြောင်းပြာရွာကြီးသည် စီးပွားရေးကောင်း ကြသောကြောင့် လူချမ်းသာ လူရတတ်ရများ ပေါများသည့် အပြင်အမှုထမ်း အရာထမ်းများသည် ရှိကြသောကြေင့် ပုဂံမင်း နေပြည်နှင့်လည်း အသွားအလာ အဆက်အဆံရှိခဲ့ကြသည်

ထိုပြောင်ရွာကြီးတွင် မိဘများမရှိတော့သော်လည်း အလွန်ချစ်ခင်ကြသည့် မောင်နှမနှစ်ယောက်ရှိသည် အစ်မအမည်မှာ မမယ်ကောင်းဖြစ်သည် မမယ်ကေင်းသည် အပျိုကြီးဖြစ်သည် သူ့မောင်ဖြစ်သူက အိမ်ထောင်ပြုသွားသောကြောင့် ပြောင်းပြရွာကြီးနှင့် အလှမ်းဝေးလှသည့် လက်တောင်း ဟူသော ရွာကလေားမှာ နေသည်

တစ်နေ့တွင် ပြောင်းပြရွာကြီး တစ်ရွာလုံး ထိတ်လန့် အံ့သြကုန်အောင် သတင်းတစ်ခု ထွက်လာသည် မမယ်ကောင်း တစ်ယောက် လင်မရှိဘဲ ဗိုက်ကြီးနေတယ် ဟူသော သတင်းဖြစ်၏

အလွန်အနေအထိုင် သိမ်မွေ့ပိရိသော သူကြွယ်မျိုးရိုးဖြစ်သော မမယ်ကောင်း၏ မကောင်းသတင်းကြောင့် သက်ကြီးရွယ်အို မိန်းမများက မမယ်ကောင်းရဲ့ ကာယကံရှင် ဘယ်သူများလဲအေ ကျော်မကောင်းကြားမကောင်း ဖြစ်ရတယ်လို့ ဒါမှမဟုတ် ညည်း အစော်ကားခံရသလား ဟုပွင့်လင်းစွာပဲ ဆွေရင်းးမျိုးပမာ လာမေးကြသည်

" ဘယ်သူမှ ကျွန်မကို မစော်ကားပါဘူး "
" ဒါဖြင့် ဒီဗိုက်က ဘယ်လိုပူလာရတာလဲ "
" မသိဘူး ဒိလိုပဲ နေရင်း သူ့ဘာသာသူ ပူပူလာတာပဲ စောစောကတော့ လူပြုစားတလား ဒါမှမဟုတ် ဝေဒနာ တစ်ခုခိ ဖြစ်သလားအထင်နဲ့ ဟိုမေး ဒီမေး မေးပါသေးတယ် စိတ်လဲ သိပ်ညစ်သွားတယ် အဲသလိုနဲ့ တစ်ညတော့ အိမ်မက်မက်တယ် "
" အဲ အဲ ဟုတ်ပြီ ဘယ်လိုအိမ်မက်လဲ "
" အိမ်မက်က သိပ်ထူးဆန်းတာပဲ မိန်းမလှလေးတစ်ယောက် သူ့မှာ လက်ဝတ်ရတနာတွေ အပြည့်ဝတ်လို့ အဝတ်အစား ကလဲ ဘုရင့် သမီးတော်တွေ ဝတ်သလိုဝတ်ထားပြီး ဒီအိမ်မျာအမေနဲ့အတူ ကျွန်မလာနေပါရစေလို့ ခွင့်တောင်းတယ် ကျွန်မသိပ်ဝမ်းသာသွားတယ် ကျွန်မ နေရတစ်ယောက်တည်းမို့ အဖော်ရတာပဲ အဖော်ကလဲ မိန်းမလှကလေး ဆိုတော့ နေခွင့်ပြုလိုက်တယ် ဒီတော့ သူက ဒီမှာသူနေရမယ်ဆိုရင် ဟောဒါလေးသောက်လိုက်ပါတဲ့ ဘာရေလဲ မသိဘူး ရွှေဖလားတစ်လုံးနဲ့ ထည့်လာတာကို တိုက်တယ်
ကျွန်မက ယူသောက်လိုက်တယ် နဲနဲလေးပါ ဘာအရသာမှလဲမရှိဘူး သောက်ပြီးမှ မေးလိုက်တယ် အဲဒါဘာအရေလဲလို့ သူကပြောတယ် ကျင်နက်ရေ တဲ့ (ခါချဉ်နက်ရေ) အဲဒီတော့မှ ပါးစပ်ထဲမှာ ချဉ်သလိုဖြစ်လာတုန်း အိပ်နေရက ဖျတ်ခနဲ လန့်နိုးလာတယ် "
" ဟယ် ထူးလှချည်လား "
" ဟုတ်တယ် ထူးတာတော့ အမှန်ပဲ အိပ်ရာက နိုးနိုးချင်း သတိပြုလိုက်မိတာကလဲ ပါးစပ်ထဲမှာ ချဉ်နေတယ် "

ထူးဆန်းသော မမယ်ကောင်း၏ အိမ်မက်နှင့် မမယ်ကောင်း၏ ကိုယ်ဝန်သတင်းကြောင့် မမယ်ကောင်း၏ မောင်ဖြစ်သူမှာလည်း အစ်မအတွက် ရှက်လှချည်ရဲ့ဟုဆိုကာ ပြောင်းပြာရွာသို့ ခြေဦးမလှည့်တော့ပဲ မမယ်ကောင်းကို သေခန်းဖြတ်လိုက်သည်

မမယ်ကောင်း၏ ကိုယ်ဝန်လည်း လရင့်လာသောအခါမှ ထုံးစံအတိုင်း သမီးကလေးတစ်ယောက် မွေးလေသည် ထိုသမီးလေးကို ပြောင်းပြာရွာရှိ မိန်မကြီးများက လာရောက်ကြည့်ရှုကြပြီးသည့်အခါမှာ
" ကလေးက လှလိုက်တာတော် မမယ်ကောင်းလို ဝဝတုတ်တုတ် ညိုညိုမည်းမည်း မဟုတ်ဘူး အသားကလေးကလဲ ဝါဂွမ်းဖြူလို နုအိညက်နေတာပဲ " ဟု သတင်းလွှင့်ကြသည်

ကလေးအသက် တစ်လပြည့်လျှင် မမယ်ကောင်းက သူကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းသို့ ကလေးကို ခေါ်သွားကာ နာမည်တောင်းသည် ဘုန်းတော်ကြီးက ကလေးဇာတာကို တွက်ချက်ကြည့်သည်
" ကလေးက စိတ်သဘောထားကောင်းတယ် နှလုံးသားလဲ ဖြူစင်တယ် ဒါကြောင့် ကလေးနံမည်ကို ရှင်မယ်ဖြူ " လို့ ခေါ်ကြဟု မိန့်တော်မူလိုက်၏

ရှင်မယ်ဖြူ နံမည်ပေး မင်္ဂလာကို မမယ်ကောင်းက ခမ်းနားစွာ ကျင်းပသည် ဘုန်းတော်ကြီးများကို ပင့်ကာ ဆွမ်းကပ်လှူသည် ပြောင်းပြာရွာ တစ်ရွာလုံး အကုန်ဖိတ်ကာ ကျွေးမွေးဧည့်ခံသည် လက်တောင်းရွာမှာနေသည့် မောင်ဖြစ်သူနှင့် သူ၏မိသားစုကိုလည်း ဖိတ်သည် သို့သော် မောင်ဖြစ်သူက လုံးဝမလာ မမယ်ကောင်းသည် သူ့မောင်ကြိုက်နှစ်သက်တတ်သည့် မုန့်များကိုအထူးပြုလုပ်ထားသည်ဖြစ်ရာ မောင်က မလာသောအခါမှာ စိတ်မကောင်းသောကြောင့် ထိုမုန့်များကို ပြောင်းပြရွာနှင့် တစ်ခေါ်လောက်ဝေးသော ချောင်းထဲသို့ ပစ်ချလိုက်သည် (ထိုချောင်းကို ယခုအထိ မုန့်ပစ်ချောင်း ဟုခေါ်ကြသည် မုန့်များသည် ချောင်းထဲတွင် ပုံစံမပျက် ကျောက်တုံး ကျောက်ခဲများ ဖြစ်လျက် မပျက်စီးဘဲ တည်ရှိဆဲဖြစ်၏)

ရှင်မယ်ဖြူ အရွယ်ရောက်လာလျှင် ကိုယ်လက်အင်္ဂါပြေပြစ်စွာ မြင်သူငေးလောက်သည့် အလှပဂေး တစ်ယောက်ဖြစ်လာကာ အဝေးအနီးဝန်းကျင်တွင် ရှင်ဖြူမယ်၏ အချောအလှ သတင်းများ ပျံ့လွင့်လာသည် ထိုသတင်းကို မမယ်ကောင်း၏မောင် ကြားသိသောအခါ ရှင်မယ်ဖြူကို ကြည့်လိုသောကြောင့် မမယ်ကောင်းအိမ်သို့ လာသည် ထို့နောက် သူ့သားနှင့် ရှင်မယ်ဖြူကို ထိမ်းမြားခွင့်ပြုပါဟု ခွင့်တောင်း၏

မမယ်ကောင်းက ခေါင်းခါသည် ရှင်မယ်ဖြူကို မည်သူနှင့်မျှ ထိမ်းမြားပေးမည် မဟုတ် သူ့လိုပဲ အပျိုကြီးလုပ်ခိုင်းမည် ရှင်မယ်ဖြူနှင့် သူ မခွဲနိုင်ဟု ဆိုလျှင် မမယ်ကောင်းမောင်သည် သူ့အစ်မကို မကျေနပ်၍ သူ့သမီးနှင့် ကွဲအောင်ခွဲမည်ဟု ကြံစည်ကာ ပြောင်းပြာရွာမှာ ရုပ်အဆင်းလက္ခဏာနှင့် ပြည့်စုံသော မိန်းမလှတစ်ဦးပေါ်သည် ဟု ပုဂံနန်းသို့ ရောက်သည်အထိ သတင်းပို့လိုက်သည်

ကျန်စစ်သားမင်းကြီးသည် ဤသတင်းကိုသိလျှင် လက္ခဏာဖတ် ပုဏ္ဏားတော်များနှင့် မှူးမတ်ကြီးများကို စေကာ ကြည့်ခိုင်း၏ ပုဏ္ဏားတော်များလည်း ရှင်မယ်ဖြူကို မြင်တွေ့ရလျှင် မိဖုရားဖြစ်ထိုက်သော ရုပ်အဆင်းနှင့် အပြစ်ကင်းစင်သော မိန်းမလှဖြစ်သည် ဟု ဆုံးဖြစ်ကာ မမယ်ကောင်းအိမ်ရှေ့တွင် ပန်းတုံးစိုက် ရာဇမတ် ကာလျက် တော်ကောက်ကြောင်း ကြေညာလိုက်သည်

မမယ်ကောင်း ငိုရတော့သည် သမီးကို ရှင်ဘုရင်သော မင်းသော ဘယ်သူနှင့်မျှ မပေးစားနိုင်ဟု ဆိုကာ ရှင်မယ်ဖြူကို သူ့အနားသို့ ခေါ်ယူပြီးလျှင် ရှင်မယ်ဖြူ၏ လက်သန်းကလေးကို ဆတ်ခနဲကိုက်ဖြတ်လိုက်သည် လက်သန်းကလေး ပြတ်ထွက်သွားပြီးလျှင် သွေးများကျလာသောအခါ ရှင်မယ်ဖြူသည် နာလည်းနာ သူ့အမေ ဘာကြောင့် ယခုကဲ့သို့ရက်စက်စွာ ပြုမူသည်ကိုလည်း နားမလည်သောကြောင့်
" အမေရယ် ရက်စက်လိုက်တာ သမီးလက်သန်းကို ဘာဖြစ်လို့ ကိုက်ဖြတ်လိုက်ရတာလဲ " ဟု ငိုရှိုက်ရင်းမေးသည်

" သမီးရှင်မယ်ဖြူ သမီးဘာမှမသိဘူးနော် သမီးကို ကျန်စစ်သားမင်းကြီးက မိဖုရားမြှောက်မယ်လို့ အခုတော်ကောက်သွားပြီမဟုတ်လော အမေသမီးကို မခွဲနိုင်ဘူး မင်းသောဘာသော ဘယ်သူနဲ့မှ မပေးစားချင်လို့ သမီးလက်ကလေးကို ကိုက်ဖြတ်လိုက်ရတာ မင်းဆိုတာ ခြေလက်အင်္ဂါ မပြည့်စုံသူကို ဘယ်လောက်ပဲ လှလှ မိဖုရား မမြှောက်တော့ဘူးကွယ့် သမီးရဲ့ ပြီးတော့ မိဖုရား တွေ အများကြီးရှိနေတဲ့ ရှင်ဘုရင်နဲ့ နေရတာ သမီးကလေး စိတ်ညစ်နေရှာမှာပေါ့ "

မမယ်ကောင်းသည် ရှင်မယ်ဖြူ၏ လက်ကိုဆေးထည့် ဆေးလိမ်းဖြင့် အမြန်ဆုံး အနာကျက်စေရန် ဆေးဆရာများနှင့် ကုသပေး၏ အနာပျောက်သွားသောအခါ ရှင်မယ်ဖြူ လက်သန်းကလေး လက်သည်းမရှိတော့ တုံးတိတိကလေး ဖြစ်နေလေပြီ

ကျန်စစ်သားမင်းကြီးသည် မမယ်ကောင်းပြောသကဲ့သို့ မိဖုရားများးလှ၏ မိဖုရားကြီး အပယ်ရတနာ နှင့် ဥဿမင်းသမီးခင်ဦး ထီးလှိုင်ရွာသူကြီးသမီး ခင်တန် မထီးတူမ သမ္ဘူလ စသည်ဖြင့် နန်းရမိဖုရားလေးပါးအပြင် ကိုယ်လုပ်တော် နှင့် မောင်းမငယ်များ လည်းရှိလိမ့်မည်ဟု ထီးနန်းနှင့် မဝေးလှသော မမယ်ကောင်းစိတ်မှာ ထင်ထားပေမည်

သို့သော် ရှင်မယ်ဖြူကို တော်ကောက်သွားသော မှူးမတ်များသည် သတ်မှတ်ထားသောနေ့တွင် ပြောင်းပြာရွာသို့ ရောက်လာကြသည် လက္ခဏာကြန်အင် ကြည့်ရှုစစ်ဆေးပြီးဖြစ်သည့်အတွက် ထပ်မံစစ်ဆေးခြင်းမပြုတော့ဘဲ အဆောင်အယောင်နှင့် တကွ ရှင်မယ်ဖြူကို ပုဂံနန်းတွင်းသို့ ခေါ်သွားကြလေတော့သည်

နန်းတွင်းရောက်၍ ကျန်စစ်သားမင်းကြီးသည် ဆက်သသော အခါသို့ရောက်မှပဲ ရှင်မယ်ဖြူတွင် လက်သန်းကလေး ပြတ်နေသည်ကို မင်းကြီးကိုယ်တိုင် တွေ့မြင်ရှုစားမိကာ ရှင်မယ်ဖြူကို မိဖုရားမမြှောက်တော့ဘဲ မောင်းမငယ်အဖြစ်နှင့်သာ အနောက်ဆောင်သို့ ပို့ထားစေလိုက်သည်

ကျန်စစ်သားမင်းကြီးသည် ဤအချိန်တွင် သက်တော် ခုနစ်ဆယ်ခန့်ရှိကာ နန်းစည်းစိမ် ဆယ်နှစ်ခန့်သာ ရှိသေးသည်ဖြစ်၍ ပုထိုးစည်းခုံ အများအပြားကို တည်ရှိခြင်းစသည့် အလုပ်များကို စိတ်ဝင်စားတော်မူနေချိန်ဖြစ်၏

ထို့ကြောင့် ရှင်မယ်ဖြူသည်လည်း အချိန်ရလျှင် ရသလိုကွမ်းရေတော်သားဖြစ်နေသည့် ပြောင်းပြာရွာသား မောင်ငုံနှင့် ဆယ်သွယ်ရင်းနှီးမှုရကာ အချင်းချင်းရည်ငံလာကြသည် ရည်ငံရာမှ တစ်ဆင့် လွပ်လပ်စွာ အတူနေလိုသော ဆန္ဒဖြင့် ပုဂံနန်းတွင်းမှ ထွက်ပြေးလာကြတော့၏

ပြောင်းပြရွာသို့ ပြေးလာကြခြင်းဖြစ်၍ အမေ မမယ်ကောင်းနှင့် တွေ့ကြသည် အမေက ပြောင်းပြာရွာတွင် လုံခြုံမှုမရှိ ယင်းမာ ပင် မှ တဆင့်း လယ်ငေါက်တောင်လမ်းနှင့် တောင်ကြောကို ဖြတ်ကာ ခေါက်လောက်တောင် မဟူတောင်နှင့် ပြာပုံတောင်များသို့ အရောက်သွားနိုင်မှ ပုန်းအောင်းနိုင်လျှင်ကောင်းမည် ပြာပုံတောင်မှာ စားသောက်ဖွယ်ရာ သစ်သီးဝလံလည်း ပေါသည် စိမ့်စမ်းလျှိုမြောင်တို့လည်း များသည်ဟု အကြံပေး၏

ထို့ကြောင့် ရှင်မယ်ဖြူတို့နှစ်ယောက်သည် သူတစ်ပါး မြင်လျှင် မှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် နွမ်းပါးသော ဆင်းရဲသားများ အသွင်ရုပ်ဖျက်ကာ တောတက် သစ်သီးခူးကြမယ့်ဟန်ဖြင့် ပြာပုံတောင်ရှိရာသို့ ဦးတည်ထွက်ပြေးလာကြသည်

ယမတိုင် လယ်ငေါက် ဆင်ဆွယ် အင်းတော စသည် ရွာများကို ရွာပြင်မှနေ၍ တစ်ရွာပြီးတစ်ရွာ အပင်ပန်းခံပြီး ဖြတ်လာကြသည်

အမေလုပ်ပေးလိုက်သည့် ကောက်ညှင်းမုန့် ဆန်မုန့်များကိုစားပြီး ဖြစ်သလိုအိပ် ဖြစ်သလိုစားရင်းဖြင့် ပြာပုံတောင်ခြေနားသို့ ရောက်လာသည်

နေထိပန်းလို နွမ်းနေရှာသည့် ချစ်သူကို မောင်ငုံက အားပေးသည် ယောက်ျားသားဖြစ်သူ မောင်ငုံသည်ပင် ဤစခန်းဤလမ်းကို ဖြတ်သန်းရာမှာ မောဟိုက်လာသည် ရှင်မယ်ဖြူအတွက်တော့ ပြောဖွယ်မရှိ သြော သူ့ခမျာ ငါ့ကို ချစ်ရှာလွန်းလို့ စွန့်စားလိုက်လာရရှာပါကလား ဟု များစွာသနားမိသည် ထိုအခိုက် ရှင်မယ်ဖြူသည် တောင်ကမ်းပါးယံကြီးကို မှီငြမ်းအိပ်နေရာမှ လူးလဲထကာ မောင်ငုံကို လှမ်းပြောသည်

ကိုမောင်ငုံရေ လူသံတွေ ကြားရသလိုပဲ နန်းတွင်းကလိုက်လာကြသလား မသိဘူး မယ်ဖြူကို ပြေးရဦးမယ်ထင်တယ်

မောင်ငုံကတောင်အောက်သို့ လှမ်းမြှော်ကြည့်ရင်း နားစွင့် နေသည် မဟူတောင်ဆီမှ လွင့်လာသည့် လူသံများကိုကြားရ၏ သည်တစ်ခါတော့ ပြေး၍လွတ်နိုင်မည် မဟုတ် သူသည်လည်း မောလွန်း၍ လှုပ်ပင်မလှုပ်ချင်တော့ပေ ရှင်မယ်ဖြူမှာတော့ ပြောဖွယ်ရာမရှိပြီ လျှိုစောင်းမှာ ပေါက်နေကြသည့် တောင်သလဲပင် တောထဲသို့ ရှင်မယ်ဖြူကိုပါ တွဲခေါ်ပြီး နှစ်ယောက်အတူ ပုန်းနေလိုက်သည်

မဟူတောင်မှ တက်လာကြသည့် ရဲမက်များကို ရှင်မယ်ဖြူမြင်လိုက်သည် သူတို့လာရန် ဘာမျှမဝေးတော့၍ ပြေးမလွတ်တော့ဟု သိလိုက်ပြီ

" ကိုမောင်ငုံဘယ်လိုလုပ်ကြမလဲ "

မောင်ငုံကိုမေးတော့ သူသည်လည်း မျက်နှာပျက်နေပြီ မတတ်နိုင်တော့ အဖမ်းခံကြရတော့မည် သူတို့နှစ်ဦးကွဲကြရတော့မည်ဟု ရှင်မယ်ဖြူသည် မောင်ငုံကိုဖက်ကာ ငိုတော့၏ ရဲမက်အားလုံးခြောက်ယောက် သူတို့ပုန်းနေသည့် တောင်သလဲပင်အနား သို့ရောက်လာကြသည် ဟိုကြည့် ဒီကြည့် ကြည့်ကြသည်

ထူးဆန်းသည့်အဖြစ် သူတို့နှစ်ယောက်လုံးက ရဲမက်တွေကိုမြင်သည် ရဲမက်တွေက သူတို့နှစ်ယောက်ကိုလုံးဝ မတွေ့ ရဲမက်များသည် သူတို့အနားမှာပဲ ကွမ်းတစ်ယာညက်ခန့်ကြာအောင် ထိုင်သွားကြပြီးမှ လက်လျှော့ကာ တောင်အောက်သို့ ပြန်ဆင်းသွားကြသည်ကို မြင်လိုက်ရသောအခါမှာ ဝမ်းသာဖွယ်ကောင်းလှသည့် အဖြစ်ဟု ပုန်းအောင်းနေကြသည်မှ ထွက်လာရင်း မောင်ငုံက ပြောသည်

" မယ်ဖြူရေ တို့ကို နတ်မတာပဲ သူတို့ပြန်သွားကြပြီ ဒီအန္တရာယ် ကတော့ လွတ်ကြပြီပေါ့ ဒီတော့ ကိုမောင်ငုံတို့ ဘယ်ကို ခရီးဆက်ကြမလဲ "
" မယ်ဖြူတော့ ဒီလျှိုထဲမှာပဲ နေချင်တယ် ဒီနေရာက တောအုပ်ကောင်းတဲ့အပြင် စားသောက်စရာ သစ်သီးဝလံ တွေက ရာသီအလိုက်သိပ်ပေါတာမို့ ဒီမှာပဲ နေလို့ ဖြစ်ပါလိမ့်မယ် "

ပြာပုံတောင်မှာရှိသည့် မြေသားများက ပြာလိုနူးညံ့အိစက်နေသည် မြေသားအရောင်ကလည်း ထူးထူးခြားခြား ပြာလိုမွဲခြောက်ခြောက် ပြာနှမ်းနှမ်း အရောင်ဖြစ်နေသောကြောင့် မောင်ငုံက သူ့စိတ်ထဲမှာ ထူးဆန်းနေသည် ထို့ပြင် ပြာပုံတောင်တစ်တောင်တည်းကသာ ဒီအနားတဝိုက်တွင် မြေသားအရောင် ပြောင်းလဲ ထူးခြားနေသည်ကို သတိပြုမိသောကြောင့်
" မယ်ဖြူရေ ဒီတောင်နံမည်ကို ဘယ်လိုခေါ်သလဲ " လို့ မေးလိုက်သည် ရှင်မယ်ဖြူက ဖြတ်ခနဲ မျက်နှာပျက်သွားရာမှ
" အို.. ဘာလို့ မေးရတာလဲ မမေးနဲ့ ကိုမောင်ငုံ " ဟု လေသံပြတ်ပြတ်နှင့်ပြောကာ မောင်ငုံကို ကျောခိုင်းလိုက်သည် မောင်ငုံကလည်း တောင်နံမည်မေးတာနဲ့ မယ်ဖြူက မျက်နှာဘာဖြစ်လို့ ပျက်သွားရပါလိမ့် ဟု တွေးကာ
" တောင်နံမည်သိချင်လို့မေးတာ မယ်ဖြူကဘာဖြစ်သွားတာလဲ ကွယ် " ဟု ထပ်ပြောလိုက်သည်

" ဒီလောက် သိချင်ရင်ပြောပြမယ် ကိုမောင်ငုံ ဟောဒီ လက်ဝဲဘက်က တောင်က အိုဘဲ့ တောင်အို လင်လို တဲ့ ဟိုဘက် လက်ယာအစွန်က တောင်နံမည်ကတော့ အိုဘဲ့ တောင်မ လင်မရ လို့ ခေါ်တယ် " ဟု ရှင်မယ်ဖြူ ရှင်းပြနေစဉ်မှာပဲ မောင်ငုံသည် အကောင်းသားပကတိမှ မြေပြင်ပေါ်သို့ စန့်စန့်ကြီးလဲကျကာ သေဆုံးသွားသည်ကို ရှင်မယ်ဖြူ မြင်လိုက်ရသည် ကြောက်လန့်အားငယ်မိသည်မှာ ပြောဖွယ်မရှိ ဒီတော ဒီတောင်ကြီးထဲမှာ အဖော်မပါ တစ်ကိုယ်တည်း ဘဝဖြင့် ဘယ်လိုနေရပါမည်နည်း ကိုမောင်ငုံအလောင်းကို ဘယ်လိုလုပ်ရပါမည်နည်းဟု တွေးတောကာ အားရပါးရ ငိုမိသည် အမေ့ကိုလည်းသတိရသည် အမေသာ အနားမှာရှိလျှင် အကြံဥာဏ် ပေးနိုင်လိမ့်မည် ခုတော့ ဘယ်လိုလုပ်ရမည်နည်း

" ကိုမောင်ငုံရေ မယ်ဖြူဘယ်လိုလုပ်ရပါ့မလဲ မယ်ဖြူကိုပါ လာခေါ်သွားပါ ကိုမောင်ငုံရယ် " ပြောရင်း ရှင်မယ်ဖြူ မိန်းမောလဲကျ သတိမရဖြစ်သွားရှာလေတော့သည်

သမီးရှင်မယ်ဖြူတို့ ထွက်ပြေးသွားကြသည်မှာ ဆယ်ရက်ကျော်ပြီ အန္တရာယ် အပေါင်းမှ လွတ်မြောက်ပါစေဟု မမယ်ကောင်း မှာ နေ့စဉ်ဆုတောင်းနေရသည် သမီးလေး ပြောင်းပြာရွာမှ မောင်ငုံနှင့် အတူ ပြာပုံတောင်သို့ ထွက်ပြေးသည့် နေ့တွင် ရဲမက်များ ရောက်လာကြသည် မမယ်ကောင်းကို စစ်ဆေးကြသည် ပြောင်းပြာရွာသားတစ်ချို့က မောင်ငုံနှင့် ရှင်မယ်ဖြူတို့ ပြာပုံတောင်သို့ တက်သွားကြသည်ကို မြင်သည်ဟု သတင်ပေးသူက ပေးသည်

ဤသို့ဖြင့် မမယ်ကောင်းသည် သမီးအတွက် ရင်မအေးစွာဖြင့် ခံစားနေစဉ် ညက အိမ်မက်မြင်သည် အိမ်မက်ထဲတွက် ရှင်မယ်ဖြူသည် ဆံပင်ကို ဖားလျားချထားသည် ခေါင်းမှာ ရှာပန်းထည်အနီကို စည်းနှောင်ထားသည် မမယ်ကောင်းက
" သမီးဘယ်လိုဖြစ်တာလဲ " မေးတော့ ငိုသည်
" အမေ ကိုမောင်ငုံရော သမီးပါ သေပြီ " ဟုပြောသည်
" ဘာဖြစ်လို့ သေတာလဲ ရဲမက်တွေ ဖမ်းလို့ အသတ်ခံရတာလား " ဟု မမယ်ကောင်းက မေးသည်
" မဟုတ်ဘူး သမီးပြောပြမယ် သမီးတို့နှစ်ယောက်စလုံး ကို သမီးရဲ့ဘဝဟောင်းက အစ်မဖြစ်ခဲ့ဖူးတဲ့ပြာပုံတောင် ရှင်မက သတ်လိုက်တာ " ဟု ဘဝဟောင်း အကြောင်းကိုရှင်းပြသည်

ပြာပုံတောင်မှာ တောင်အိုနှင့် တာင်မဟူ၍ တောင်နှစ်လုံးရှိသည် တောင်အိုမှာ အစ်မနတ်သမီး တောင်မမှာ ညီမနတ်သမီးတို့က တောင်စောင့် နတ်သမီးများအဖြစ် စောင့်ရှောက်ကြသည် တောင်စောင့် နတ်ဘဝဖြင့် အနေကြာသောအခါမှာ ညီမဖြစ်သူက လူ့ဘဝကို ခဏသွားချင်ကြောင့် အစ်မကို ပူဆာသည် ထိုအခါ အစ်မဖြစ်သူက လူ့ဘဝမှာ ပျော်သလို နေခွင့်ကိုတော့ ပြုသည် သို့သော် ချစ်သူလုံးဝ မရှိစေရ အိမ်ထောင်လုံးဝ မပြုရဟု တားမြစ်လျှင် ညီမက ကတိပေးသည် ထို့ကြောင့် အစ်မဖြစ်သူသည် မမယ်ကောင်း၏ဝမ်းမှာ သန့်ရှင်းစွာ သန္ဓေတည်စေနိုင်ရန် အတွက် စိတ်တိုင်းကျ စီစဉ်ပေးလိုက်သည်

ရှင်မယ်ဖြူအဖြစ်နှင့် ပြာပုံတောင်သို့ ရောက်လာသောအခါ မှာ ရဲမက်များရှာမတွေ့နိုင်အောင် အစ်မဖြစ်သူ တောင်စောင့်နတ်သမီးက သူ့ညီမကို ဝှက်ထားပေးသည် ရဲမက်တို့ တောင်ပေါ်မှ ဆင်းသွားသောအခါမှ ရှင်မယ်ဖြူသည် သူ့စကားကို နားမထောင်ရုံမျှမက သူယူထားသော လင်ဖြစ်သူကိုပါ မလေးမစား သူရှိရာ အိုဘဲတောင်အို လင်မလို ဟု အမည်ပေးထားသည့် တောင်ပေါ်ကိုမှ ခေါ်ယူလာခဲ့ရမလား ဟူသော ဒေါသစိတ်ဖြင့် လည်ကိုညှစ်ကာ သတ်လိုက်သည် ရှင်မယ်ဖြူကိုလည်း အိုဘဲ့တောင်မ လင်မရ တောင်ကို ပြန်လာ၍ စောင့်စေဟု ဇီဝိန်နုတ်ယူကာ ပြာပုံတောင် ရှင်မနတ်အမည်ဖြင့် တောင်တစ်ခုလုံးကို စောင့်ရှောက်ခိုင်းလိုက်သည် သူကိုယ်တိုင်မူကား ကျွတ်လွတ်သွားလေပြီတည်း

မမယ်ကောင်းသည် အိမ်မက်ထဲတွင် မြင်ရသည့် သမီးရှင်မယ်ဖြူ ပြောစကားများကို အားလုံးကြားပြီးသည်နှင့် အိပ်ရာထဲမှ ဖျက်ခနဲ နိုးလာသည် ဘာကိုမျှမတတ်နိုင်တော့ အားလုံး ဆုံးရှုံးကုန်ပြီဟု စိတ်ကိုထိန်းကာ မောင်ငုံနှင့် သမီးကို ရည်စူးပြီး ဆွမ်းကပ်လှူသည် အမျှဝေသည် သမီးရှင်ဖြူ ပြာပုံရှင်မနတ်ဘဝမှ အမြန်ဆုံး ကျွတ်လွတ်ကာ ဟိုတစ်ခါလိုပဲ လူ့ဘဝသို့ ပြန်ရောက်လာပါစေဟု ဆုတောင်းသည်

သို့သော် ရှင်မယ်ဖြူ အနေနှင့်ကား ပြောင်းပြာရွာကို စိတ်နာသည် ပြောင်းပြာရွာသွားများလမ်းညွှန်လိုက်၍ ပြာပုံတောင်သို့ ရဲမက်များ ရောက်လာကြသည်ဟု ပြောင်းပြာရွာသည် မည်မျှပင်ပန်းကြီးစွာ စိုက်ပျိုးရှာဖွေပါသော်လည်း ဆင်းရဲမွဲတေသော ဘဝမှ မလွတ်မြောက်ကြပါစေနှင့် ပြောင်းပြာရွာတွင် ပေါ်ထွက်သမျှ မိန်းမလှမှန်သမျှသည်လည်း အရွယ်ရောက်သည်နှင့် ကိုယ်လက် ပျက်စီးကြပါစေသတည်း ဟု ကျိန်စာတိုက်သည် (ဤကျိန်စာသည် နှစ်ပေါင်း နှစ်ရာခန့်အထိ စူးရှထိရောက်ခဲ့၏)

သက္ကရာဇ် ၅၃၆ ခုနှစ် ပုဂံနရပတိစည်သူမင်း လက်ထက်တွင် မင်းနှင့်တကွ ပြည်သူများပါ ကိုးကွယ်ကြသည့် ကဿပ ဘွဲ့တော်ရှိ ရဟန်းတစ်ပါး ပေါ်ထွက်လာသည် ပေါင်လောင်လူမျိုးများကလည်း အလွန်ရိုသေဆည်းကပ်ကြသော ကြောင့် ဤအရှင်ကို ပေါင်လောင်ရှင် ကဿပ ဟုလည်း ဘွဲတော်တွင်သည် ပေါင်လောင်ရှင် ကဿပ အရှင်မြတ်သည် တောရဆောက်တည်ရင်းဖြင့် ပုဂံပုံညားနှင့် မဟူတောင်ကြားတွင် ပျံလွန်တော်မူသည်

ထိုအချိန်မှ စ၍ ကဿပ အလောင်းတော် မြှုပ်နှံထားသည့် တောင်ဖြစ်သည်ဟု အလောင်းတော်ကဿပ တောင်ဟူ၍ နာမည်သတင်းကြီးလာသည် အလောင်းတော် ကသဿပတောင်တွင် ပြာပုံတောင်သည် စခန်းတစ်ခု ဖြစ်လာသောအခါ ပြာပုံတောင်စောင့် ရှင်မနတ်ကွန်းကို တည်ဆောက်ကိုးကွယ်လာကြသည် တောလမ်းခရီးသွားလာလုပ်ကိုင်ရှာဖွေ စားသောက်သူများ ကို စောင့်ရှောက်ပါဟု နတ်ကွန်းရှေ့သို့ရောက်လျှင် စားဦးစားဖျား ပန်းဆီမီးတို့ဖြင့် တင်မြှောက် ပူဇော်ကြ၏

ပြာပုံရှင်မနတ် ရှင်မယ်ဖြူသည် တခါတရံ သူ့ပုံရိပ်ကို မထင်မရှားပြသည် တခါတရံ ကြေကွဲဝမ်းနည်းနေသည့် အသံဖြင့် ကိုမောင်ငုံရေ စံနန်းမှာ ဖြေမရွှင်နိုင် ဟု သူ့ချစ်သူမောင်ငုံကို လွမ်းဆွတ်တမ်းတစွာ ငိုသလို ပြောနေသံများကိုလည်း ကြားရတတ်သည်ဟု ဒေသခံများက ပြောကြသည်

ချစ်သူနှင့် ကွဲကွာနေရသော ပြာပုံရှင်မနတ်သည် သူ့နတ်ကွန်းရှေ့သို့ ချစ်သူ သို့မဟုတ် ဇနီးမောင်နှံစုံတွဲများ ဖြတ်သန်းသွားမိလျှင် မကြိုက်သောကြောင့် ချက်ချင်းမူးမေ့သတိလစ်သွားအောင် ပြုလုပ်လေ့ရှိသည်ဟု သူ့နတ်ကွန်းရှေ့သို့ ယခုတိုင် ယောက်ျားနှင့် မိန်းမ အတူယှဉ်တွဲ သွားလာခြင်းများကို မလုပ်ကြပါဟု ဒေသခံများက ပြောပြသည်

ထို့အပြင် လက်ဝတ်ရတနာ ရွှေငွေများဝတ်ဆင်၍ သူ့ နတ်ကွန်းရှေ့ဘယ်သူမှ ဖြတ်သန်းသွားလာခွင့်မပြုဝံ့ပါ ပြာပုံတောင်ရှင်မက မကြိုက်ဟု ဆိုကာ ဝတ်လာသော ရွှေငွေများကို ချွတ်၍နတ်ကွန်းရှေ့မှ လွန်သွားမှသာ ပြန်လည်ဝတ်ဆင်ကြသည် ပြာပုံရှင်မနတ်၏ သက်တမ်းသည် ကျန်စစ်သားမင်းကြီး နတ်ရွာစံသည့် သက္ကရာဇ် ၄၅၀ ခုနှစ်မှစ၍ တွက်လျှင် သက်တမ်း ၉၁၀ နှစ် ရှိလေပြီ သို့သော် ဒေသခံများသည် ယခုတိုင် ပြာပုံတောင် ရှင်မနတ်ကွန်းရှေ့သို့ရောက်လျှင် အစဉ်အလာအတိုင်း ဆက်လက်ရိုသေကြသည် မလေးမစားမလုပ်ဝံ့ကြ

သို့သော် သတ္တမမြောက် ကျောက်အောင်စံထား ဆရာတော် ရှင်ဝါယမာဘိဝံသ (အမရပူရ) ၏ ၁၉၅၄ ခုနှစ်မှာ ရေးခဲ့သည့် အလောင်းတောင်ကဿပ မှတ်တမ်းတွင် ဖော်ပြထားသည့် ဆရာတော်၏ ကိုယ်တွေ့များကို အလျင်းသင့်၍ ဤနေရာတွေ ဖော်ပြလိုက်ပါသည်

ဆရာတော် ၁၃၁၆ ခု တပို့တွဲလဆန်း ၁ ရက် တနင်္လာနေ့တွင် အလောင်းတော် ကဿပတောင်သို့ တက်သောအခါ ခြေလျင်ခရီးဖြစ်၍ ညနေ သုံးနာရီလောက်တွင် ပြာပုံတောင်ရှင်မ နတ်ကွန်းရှေ့သို့ ရောက်သည် ထိုအခါ အသက် သုံးဆယ့်ငါးနှစ် အရွယ်ခန့် ဒါယိကာမ တစ်ဦး တောထဲမှထွက်လာပြီး
" ကိုယ်တော် ဘယ်ကြွမှာလဲ " ဟု လျှောက်သည် ဆရာတော်သည် တောနက်ထဲဖြစ်နေ၍ ထိုမိန်းမကို အကဲခတ်သည် မျက်တောင်လည်းလုံးဝ မခတ် လက်ဖဝါး ခြေဖဝါး တို့လည်းနီသည် ဧကန္တကြားဖူးထားသည့် ပြာပုံတောင်ရှင်မ ဆိုတာများ ဖြစ်နေမလား ဟု တွေးသည် သို့သော် ထိုဒါယိကာမ မေးသည်ကိုတော့
" အလောင်းတောင် ကဿပတောင်ကို ကြွမလို့ " ဟုဖြေလိုက်သည်
" အဲသလိုဆိုရင် တည့်တော်မ လိုက်ပို့ပါ့မယ် " ဟုပြောကာ လိုက်ပို့ပေးသည် နတ်စင်နေရာနှင့် ကိုက် ၁၅၀ ခန့်ဝေးမည် နေရာမှစ၍ ဆရာတော်ကို သူလိုက်ပို့သည်မှာ ဘုရားစခန်းဝ အထိဖြစ်သည် လမ်းမှာ နှစ်နာရီ နီးပါးခန်း ဆရာတော်က ရှေ့သူကနောက်မှ လိုက်ကာ လျှေက်ခဲ့ကြရာ ဆရာတော်က နာမည်မေးသည် သူက သူ့နံမည် ရှင်မယ်ဖြူ ပါ ဘုရားဆိုတော့ ဒါဖြင့် ပြာပုံတောင်က ဒါယိကာမကြီး နတ်စင်ပေါ့ ဟု မေးလျှင် ဟုတ်ပါတယ် ဘုရားဟု ဖြေသည်

ဆရာတော်က
" ပြာပုံတောင် ရှင်မနတ်မယ်ဖြူ အကြောင်းကို ကပိုင်မှာ တည်းခိုခဲ့တုန်းက ပြည့်ပြည့်စုံစုံ ကြားခဲ့ရတယ် ဒီနယ်က လူတွေ လက်ဝတ်ရတနာဝတ်ပြီး တောင်တက်လာရင် လေကြီး မိုးကြီးကျတယ် မူးမေ့ အော့အန်ကြတယ် အဲဒါတွေက ဒါယိကာမက လုပ်တာဆို " ဟု မေးသည်
" လွန်ခဲ့တုံးက လုပ်တာပါဘုရား အခု တပည့်တော်မ မလုပ်တော့ပါဘူး ခွင့်လွှတ်လိုက်တာ နှစ်ငါးဆယ်ကျော်သွားပါပြီ "

" သာဓု သာဓု သာဓု ဒါယိကာမကြီး ပြီးတော့ ပြောင်းပြာရွာမှာ သုံးနှစ်တကြိမ် မိန်းမလှ ပေါ်တယ် ပေါ်တဲ့မိန်းမလှအားလုံး အရွယ်ရောက်လာရင် ကိုယ်လက်ပျက်စီးတယ် ပြောင်းပြာရွာမှာ တနှစ်သုံးစား စားရပေမယ့် လူတွေ မွဲနေကြတယ်လို့ ကြားရတယ် ဒါယိကာမကြီး ကျိန်စာကြောင့် ဆိုတာ ဟုတ်သလား "
" တပည့်တော်မ သေရတာ ပြောင်းပြာရွာက လူတွေ သတင်းပေးလို့ဆိုပြီး စိတ်ဆိုးပြီရတာရယ် မိန်းမလှပေါ်လာရင် တော်ကောက်တတ်တဲ့ မင်းတွေကို မကျေနပ်တာရယ် စုပေါင်းပြီး အမှန်ပဲ ကျိန်စာတိုက်ခဲ့ပါတယ် ဘုရား အခုတော့ ကျိန်စာအားလုံး ပြေသွားပါပြီ ဘုရား "
" ကြားရတာ ဝမ်းသာပါတယ် ဒါယိကာမကြီး စိတ်နှလုံးနူးညံ့ တယ်ဆိုတာ ကုသိုလ် စိတ်ပါ သာဓုခေါ်ပါတယ် ဒါထက် မေးချင်သေးတယ် ဒါယိကာမကြီး ပုတီးစိပ်ဖူးသလား "
" မစိပ်ဖူးပါဘူး "
" စိပ်ကြည့်စမ်းပါ အခုနေရတာထက် အဆင့်မြင့်လာ တန်ခိုးကြီးလာမယ် တစ်နေ့ကို သုဂတော ငါးချက်ဂါထာကို တစ်ပုဒ် ဆုံးရင် တစ်လုံးချပြီး သုံးပတ် မှန်မှန် ဝတ်မပျက်စိပ်ကြည့်ပါ "
" သုဂတော ငါးချက်ဆိုတာ ရှင်းပြပါဘုရား အမေနဲ့နေတုံးက ဘုရားရှိခိုးတာရော ပုတီးစိပ်တာပါ အထုံရှိပါတယ် ဘုရား "

" ကဲပြောပြမယ် မှတ်ထား သုဂတောငါးချက် ဂါထာဆိုတာ
သုဂတော သုဂတာ ဌာနံ
သုဂတော သုန္ဒရံ ပိစ
သုဂတော နိဗ္ဗာန်နံ ယန္တိ
သုဂတော တေ နမော နမာ
အဲဒီ လေးပုဒ်ကို ရွတ်ပြီးမှ ပုတီးတစ်လုံးကိုချ ဒီပုတီးစိပ်ပြီးမှ ဘယ်လိုတိုးတက်မှုရှိလာတယ်ဆိုတာကို ဦပဉ္စင်းတောင်ပေါ်က ဆင်းလာတော့ လျှောက်ပါ တောင်ပေါ်မှာ ဦးပဉ္စင်း လေးဆယ့်ငါးရက်နေမယ် "
" ကောင်းပါပြီဘုရား အရှင်ဘုရားမှာတဲ့အတိုင်း စိပ်ပါမယ် "

ဆရာတော်သည် အလောင်းတော် ကဿပ ဂူတွင်း တွင် အဓိဋ္ဌာန်မပျက် သီတင်းသုံးလျက်ရှိစဉ် ပြာပုံတောင်ရှင်မနတ်မယ်ဖြူသည် တပို့တွဲလဆန်း ၁၁ ရက်နေ့မှာ ဂူတွင်းသို့ ရောက်လာကန်တော့သည်
" တပည့်တော်မ အရှင်ဘုရားမှာတဲ့အတိုင်း ပုတီးသုံးပတ် နေ့စဉ်စိပ်ပါတယ် ဘုရား အဲသိလိုစိပ်နေရင်း လူ့ဘဝတုံးက ဆိုခဲ့တဲ့ ဘုရားရှိခိုးတွေနဲ့ စာတွေကိုပါ ပြန်သတိရမှတ်မိလာပြီ တပည့်တော်မမှာ အခုမှ ရတနာသုံးပါးကို မြဲနေတော့ အရှင်ဘုရားပြောခဲ့သလို ခုနစ်ရက်အတွင်းမှာ ဘဝပြောင်းလဲ တိုးတက်လာလို့ အရင်ကလို အနေဆင်းရဲအစားဆင်းရဲတဲ့ ဘဝမှာ မနေရတော့ဘဲ ဘုမ္မစိုးနတ်ဆင့်ကို ရောက်လာပါပြီဘုရား အဲဒီအကြောင်းကို လျှောက်ချင်လို့ တပည့်တော်မ ရောက်လာရတာပါဘုရား " ဟုလည်း လျှောက်တင်သွားသည်ဟု ဆရာတော်၏ မှတ်တမ်း မှာ တွေ့ရပါသည်

စာရေးသူ ၁၉၈၈ ခုနှစ် တပေါင်းလပြည့်နေ့တွင် ထိုနေရာပြာပုံတောင် ရှင်မနတ်ကွန်းရှိရာစခန်းသို့ရောက်ခဲ့ပါသည် ကလေးဘဝကတည်းက ရှင်မယ်ဖြူ အကြောင်းကို ဒဂုန်မဂ္ဂဇင်းတွင် သလ္လာဝတီတင့်အုံ (ဒဂုံဦးစန်းငွေ) ရေး၍ ဖတ်ခဲ့ဖူးသောကြောင့် မောင်ငုံနှင့် မယ်ဖြူသည် စာရေးသူ၏ ရင်ထဲမှာ စွဲငြိနေပါသည်

ထို့ကြောင့် ကံအားလျော်စွာ အလောင်းတော် ကဿပ တောင်ထိပ်သို့ ခြေလျင်ခရီးဖြင့် သွားလိုက်ရသောအခါမှာ ပြာပုံတောင်စခန်းသို့ ရောက်သည်နှင့် အတိတ်သည် အရိပ်ပမာမြင်ယောင်လာသည် နတ်ကွန်းကိုတော့ မတွေ့ခဲ့ရပါ အတွင်းဘက်မှာ ရှိသည်ဟု ပြောကြသည်

ဆရာတော်၏ မှတ်တမ်းမှာ ရေးထားသကဲ့သို့ မယ်ဖြူသည် ရှင်မဘဝနှင့် မဟုတ်ပဲ ဘုမ္မာစိုးနတ် ဖြစ်သွားပြိဟုပဲဆိုဆို စာရေးသူကတော့ ဤပြာပုံတောင်စခန်းမှာ ကျကျနန ရှည်လျားစွာဖြင့် အမျှပေးဝေခဲ့လေသည် ပြာပုံရှင်မနတ်ကို အမှူးထားပြီး ရှိရှိသမျှ မြင်ရသော မမြင်ရသော အားလုံးကို သာဓုခေါ်ကြပါဟု ဟစ်ကြွေးလိုက်သည်

သို့သော် ဟောင်းလွန်းပြီးဖြစ်သော ပြာပုံတောင်ရှင်မ ရှင်မယ်ဖြူ၏ အကြောင်းကိုကား ယခုတိုင် ယင်းမာနယ်တဝိုက်မှာ ပြောနေကြတုံး ယုံကြည်လက်ခံနေကြတုံး ရှိပါသေးသည်

စာရေးဆရာမ ကြည်ဦးရဲ့ ပရလောကသားများ စာအုပ်မှ ကူးထားခြင်းဖြစ်ပါတယ်

26 comments:

လူရိုင်းလေး said...

၁ ပဲ လာယူတာ မဖတ်ရသေးဘူး ဟဲ ဟဲ

ကျော်ကျော်အောင် said...

ဝက်ရေ........တောက်ကောက်တာတော့
မဟုတ်ဘူးနဲ့တူတယ်..
နင်အိပ်ချင်မူးတူးဖြစ်နေပြီနဲ့တူတယ်သွား
သွားမျက်နှာလေးဘာလေးသွားသစ်လိုက်
အုံး.. ဟဲဟဲတစ်ခါတစ်လေဆရာကြီးဝင်လုပ်ရတာ

ကိုလူထွေး said...

ဝက်ကလေးသူများတွေကိုရေးသလို ပြန်ရေးရရင်ဖြင့်...

..............................
..............................
..............................
(ကိုဖာသာကိုယ် အဓိပ္ပာယ်ဖွင့်ရန်)


းဝ)

လင်းကြယ်ဖြူ said...

စိတ်ဝင်စားစရာပါပဲ...
ပျော်ပါစေ

တောင်ပေါ်သား said...

ဖော်ပြပေးတာ ကျေးဇူးပါး)
ဖတ်ရတာ စိတ်ဝင်စားစရာပါပဲ

လေးစားလျက်
တောင်ပေါ်သား

မင်းနေဝေး said...

သမိုင်းပေါ့ ... မြို့သစ်တောင်ရှိသေးတယ် :P

kiki said...

ခု ..ဝက်ကလေးက အဲ့ဒီ ရှင်မယ်ဖြူများ ဝင်စား နေတာလားဟင် ...
အမငီး ... ကြောက်စ် ..
ကျိန်စာတွေ တိုက် တတ် လွန်းလို့ ..
ခုရော..ကိုမောင်ငုံ ကြီးနဲ့  ပြန်တွေ့ နေပြီ လား ။
( ရှင်ဘုရင် ကတော် ဖြစ်ခဲ့ဘူးတာနော် ..ဟွန်းး နှယ်နှယ်ရရ မဟုတ်ဖူး ဟ )

အိပ်မက်ခြေရာ said...

အဟီး ငါပြောချင်တာတွေ ဖွားကိကပြောပြီးသွားပြီ ဟုတ်ပ နင်ကတိုက်တတ်လွန်းလို့ ရှင်မယ်ဖြူများဝင်စားလေရော့သလားဟယ်း))

စိမ်း... said...

သမိုင်းကြောင်းတွေ ဖတ်ရတာ စိတ်ဝင်စားတယ်...
ဒီအကြောင်းတော့ ခုမှ သိတယ်...
တစ်ခုတော့ သဘောမကျဘူး.. ကျန်စစ်သားမင်းက အသက် ၇၀ ဖြစ်နေတာတောင် မိဖုရားကလိုတုန်းပဲလား... ပြောချင်တာက ... အဲ့လို ကြန်အင်လက္ခဏာပြည့်စုံတယ်ဆိုလို့ရှိရင် မကောက်မနေရ တော်ကောက်ရတာလား ?
:P

maylay said...

သမိုင်းကြောင်းးလည်းရေးတတ်တာပဲလား
စိမ်းမေးသလိုမျိုးပဲ မေးချင်တယ်။ ပျော်ရွှင်ပါစေ ဝံလေးရေ

rose of sharon said...

စိတ်ဝင်စားစရာကောင်းတယ်နော်

ကာရံဆူး said...

ဟေး ၀က်ကလေး... သမိုင်းတွေ ရာဇ၀င်တွေကို အရမ်း စိတ်ဝင်စားတာ...အခုလို သိရတော့ ၀မ်းသားပါတယ်... နောက်လည်း အလျဉ်းသင့်သလို ရေးပေါ့... အားပေးနေတယ်...

Anonymous said...

ဝက်ဝံလေးက အရမ်းတော်တာပဲနော့ စာအရေးအသားက
သမိုင်းတွေရေးတာလည်းကောင်းတာပဲနော့.. နောက်လည်း
ရေးအုန်းနော်..အကုန်လုံးဖတ်သွားတယ်သိလား..

စည်သူ said...

ဖတ်လိုက်တာနဲ့

ဟာ... သမိုင်းနဲ့ကျောင်းပြီးဖားသလားမသိဘူးလို့

နောက်တော့မှ...
ပြောတော့ဘူးကွာ....း(

အခုလိုဖော်ပြပေးတာ
တိုင်းကျုးဝေခလက်ရေ...

တို့က ကျန်စ်မျိုးနော်..ဟဲ..ဟဲ

ပျော်ရွှင်ပါစေ

မချစ်ရ said...

ထူးဆန်းသားနော်.ဒါပေမယ့်
သမာဒေ၀နတ်ကောင်းနတ်မြတ်က
ကျိန်စာတိုက်တတ်သလား
ကျိန်စာတိုက်တိုင်းတော့မထိတတ်ပါဘူး
လူတွေကစိတ်ထင်နေကြတာပါ
တောင်စောင့်နတ်တောစောင့်နတ်တွေက
သေစေဆိုတိုင်းလူတွေကသေတာတော့
မဖြစ်နိုင်ဘူးထင်တယ်..နော်။။
ဂျစ်လေးရေထင်တာပြောသွားပြီနော်

Anonymous said...

ဝက်ဝံလေးရေ...
ဖတ်လို့အရမ်းကောင်းတာပဲ
ဗဟုသုတလဲရတယ် ...
ပြန်လည်ဝေမျှပေးတဲ့အတွက်အရမ်းကျေးဇူးတင်တယ်နော်
ချစ်ခင်စွာဖြင့်
နှင်းဟေမာ

မယ့်ကိုး said...

ညီမလေးအပင်ပန်းခံရိုက်ပေးတဲ့ စာလေးကို စိတ်ဝင်တစားဖတ်သွားတယ်နော်။

မင်း said...

ဟီးးးး ဒီနေ့ နင်လက်ပြလိုက်လို့လား အရေးသားတွေ သွက်နေတယ် .. အဲ စာရိုက်တာသွက်နေတယ် ..

နွေဆူးလင်္ကာ said...

ှုဂမ္ဘီရတော့ သရဲသစ္ဆေစာအုပ်တွေ ရောင်းကောင်းနေတာလည်း မပြောနဲ့။ ဟုတ်တာ မဟုတ်တာ အပထား ဖတ်လို့တော့ ကောင်းတယ်ဗျ။

ဝက်ဝံလေး said...

မင်းနော် နင် မဖွပါနဲ့ဆိုနေ မစနေ စီဘောက်မှာမဖွရတော့ ငါ့အိမ်လာဖွတယ်ပေါ့ ဟုတ်လား ဟွင်းးးးးး ဂနေ့ အတူတူထိုင်ခဲ့တယ် ဘာလုပ်ချင်လဲ ကဲ ပြောဟွင်းးးးးး

မင်း said...

အယ်.......ငါဘာမှ မဖွရပါလားးးးးးးးးငှက်စုတ်ရယ်

Yu Ya said...

စိတ်ဝင်စားလို့ အစအဆုံး သေချာဖတ်သွားတယ် ၀က်ဝံလေးရေ..

အဲဒီဘက်ဒေသတွေကို ရောက်ဖူးတယ်။ ဒါပေမယ့် ကံမပါဘူးလို့ပဲပြောမလား အလောင်းတော်ကဿဖ ထဲကို တစ်ခါမှ မ၀င်ဖူးဘူးဗျ.။

yu ya

Lyn Lyn (Asian Traveler) said...

ငှက်ရေ.... ငါတော့ အဲဒီ့ပြာပုံတောင်ကိုရောက်ခဲ့ဖူးတယ်ဟ အလောင်းတော်ကဿဖ သွားဖူးတုနန်းကလေ။ ပြာပုံတောင် ၇ ကွေ့ဆိုတာ တကယ်ပဲနာမည်ကြီးပါတယ်။ အဲဒီ့မှာ ကားလမ်းက ကွေ့ ၇နှစ်ကွေ့တိတိရှိတယ်လေ။ အန္တရာယ်များပြီး သတိထားရတဲ့နေရာပေါ့။ ပြာပုံတောင် ဇတ်လမ်းလေးကိုတော့ အခုမှပဲ ကြားဖူးတော့တယ်..ကျေးဇူးသယ်ရင်း

Lyn Lyn (Asian Traveler) said...

သူငယ်ချင်းရေ... အလောင်းတော်ကဿပ ကိုယ်တော်ကြီးက ကောဇာသက္ကရာဇ် ၁၅၄ ခု၊ အဇာတသတ်မင်း လက်ထက်တုန်းက ပရိနိဗ္ဗာန်ဝင် သွားတာပါ။ သက္ကရာဇ် ၅၃၆ ခုနှစ် ပုဂံနရပတိစည်သူမင်း လက်ထက်က ပေါင်လောင်ရှင် ကဿပနဲ့ မှားယွင်းနေတယ် ထင်ပါတယ်။ အလောင်းတော်ကဿပ ကျောက်ဂူကနေပြီး တောလမ်းအတိုင်း နာရီဝက်လောက် သွားရင် အဇာတသတ်မင်းကြီး တည်ထားတဲ့ လွမ်းစေတီကို သွားဖူးနိုင်ပါတယ်။

Beauty Studio USA Branded Store said...

ဝက်ဝံကလေးရေ သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်ပါစေဗျာ။

Beauty Studio USA Branded Store said...

စိတ်ဝင်စားစရာကောင်းလှတယ့် ရာဇဝင်ကြောင်းလေးပါပဲ ညီမဝက်ဝံလေးရေ။