ကျွန်တော် နံမည် တေဇာပါ (သေချာ ခေါ်ပါနော် စာလုံးလဲ မှန်အောင် ပေါင်းပါနော် ကြောက်လွန်းလို့ပါဗျာ ) ကျွန်တော် လူအရမ်းရှုတ် တဲ့ စမ်းချောင်း မှာနေပါတယ် အခုမှ အိမ်ပြောင်းလာတာမကြာသေးပါဘူး ရပ်ကွက်အသစ်ပေါ့ဗျာ ကျွန်တော့်တို့ အိမ်ရှေ့မှာ ညောင်ပင်ကြီးတပင်ရှိတယ် တော်တော်နှစ်ချို့နေပါပြီ ကျွန်တော် အလုပ်လုပ်ပါတယ် ကုပ္မဏီ တခုမှာ စာရေးပေါ့ဗျာ လစာလား အင်းးး ကောင်းတယ်လို့ပြောရမယ် ဗျာ အော် အသက်ပြောဖို့မေ့နေတယ် ၂၅ နှစ် ရည်းစားမရှိကြောင်း ကြွားလိုက်ဦးမယ် ဘာလို့မရှိတာလဲ ဆိုတော့ ကျွန်တော့ ရည်းစားကဗျာ ကိုသားကြီးပြောသလို ယောက်ျားနောက်လိုက်သွားလို့ ရှက်ရှက်နဲ့ပဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပါရစေ အဟီးးးးး ဒါနဲ့ ကျွန်တော် ရည်းစားမထားတော့ဘူး စိတ်ကုန်လို့ မိန်းမတွေကို အဲ မိန်းမများ အားလုံးကို မဆိုလိုဘူးနော် တော်နေ ကျွန်တော့ကို လာရန်တွေ့နေမှာကြောက်တယ်
သိတဲ့အတိုင်းဗျာ မြန်မာနိုင်ငံ connection ရယ် ည ၉ နာရီခွဲလောက်မှ လိပ်လို လေးတိလေးကန်နဲ့ တက်လာတယ်လေ အပြေးပြိုင်ရင်တောင် လိပ်က သူ့ထက် သာဦးမယ် ဖူးးးးးးးးးးးး မလွယ်ပါတယ် ဗျာ ကျွန်တော့မှာလဲ ည ထမင်းစားပြီး ညောင်ပင်အောက် မှာ ဆေးလိပ်လေး ဖွာပြီးရင် သူငယ်ချင်းတွေနဲ့ ချက်တက်ဝင်ချင်သေးတာကိုးဗျ ဒါနဲ့ နှေးလဲ ဝင်ရတာပေါ့ဗျာ အဲဒီအချိန်တော့ ဘယ်မြန်မာနိုင်ငံက သူငယ်ချင်းမှ မရှိတော့ဘူးလေ အင်္ဂလန်က တို့ အမေရိကားရောက် သူငယ်ချင်းတွေပဲ ရှိတော့တာပေါ့ဗျာ သူတို့နဲ့ပဲ ချက်ရတာပေါ့လေ
ဒီနေ့ g talk ဖွင့်လိုက်တော့ melody85 ဆိုတဲ့ တယောက်က invite လုပ်ထားတယ် ဗျာ အင်း အကောင့်ကို ကြည့်ရတာ မိန်းကလေး ထင်တယ် ၈၅ ခုနှစ်ဖွားဆိုတော့ ၂၄ လို့တွက်လိုက်ပြီး အဟီးးး ကျားတို့ ထုံးစံ အတိုင်း accept လုပ်လိုက်တယ်ပေါ့ဗျာ ဒါနဲ့ စ ချက်ကြတယ် ဆိုပါတော့
တေဇာ : ဟိုင်း
မယ်လိုဒီ : ဟယ်လို
တေဇာ : မင်္ဂလာပါ ဗျာ အခုလိုတွေ့ရတာ ဝမ်းသာပါတယ်
( ယောက်ျားလေးမှန်း သိအောင် ဗျာ ထည့်ပေးခြင်းပါ ) အမှန်တော့ နံမည်ကြည့်ကတည်းက သိပြီးသားပါ ထပ်ကြော်ငြာတာလေ ဟားးးးးးးးး
မယ်လိုဒီ : ဟုတ်ကဲ့ ပါရှင်
အမယ် သူကလဲ မိန်းကလေး စစ်စစ်ဖြစ်ကြောင်း ပြန်ပြောတယ် ရွေ နိပ်ဟ ဟို မဟော်သဓာ အမရာနဲ့ တွေ့သလိုပေါ့ဗျာ လက်သီးနဲ့ လက်ဝါး ထောင်ပြသလိုပေါ့ ဟုတ်ဘူးလား ဂလိုကျတော့လဲ ကောင်မလေးက ပါးနပ်သားပဲ
တေဇာ : ကျွန်တော့ အကောင့်ကိုဘယ်လိုရသလဲ (မေးစရာမရှိ ဒီလိုပဲ ကြူခြင်း အဲ မေးခြင်း )
မယ်လိုဒီ : ဒီလိုပဲပေါ့ရှင် ဘာလဲ ဒါက ယူ့အတွက် အရေးပါလို့လား
တေဇာ : မဟုတ်ပါဗျာ သိချင်လို့ပါ မပြောချင်လဲ ရပါတယ် ( ပြာပြာသလဲ ကျွန်တော် လေပြေထိုးရတာပေါ့ အဟီးးးး )
ကျွန်တော်နဲ့ ကောင်မလေးနဲ့ ရင်းနှီးသွားတယ် သူကလဲ ကျွန်တော့ကို ဘာလုပ်လဲ ဘာလဲ အံ့သြစရာကောင်းလောက်အောင် မမေးဘူးဗျာ ဒီလိုဆိုတော့ ကျွန်တော်တို့ ဘာပြောသလဲ ဒီလိုပဲပေါ့ ရောက်တတ်ရာရာပေါ့ဗျာ
တေဇာ : အယ် စကားကောင်းနေတာနဲ့ တော်တော်တောင် အချိန်လင့်နေပြီဗျာ ၁၂ ထိုးပြီ မနက် ကျွန်တော် အလုပ်သွားရဦးမယ် ဗျာ ဂွတ်နိုက်နော်
မယ်လိုဒီ : ဟုတ်ပါရဲ့ ဆော်ရီးနော် နောက်နေ့တွေ့မယ် ဘိုင်
ဒီလိုနဲ့ ကျွန်တော့်မှာ စားသောက်ပြီး ဆေးလိပ်ထိုင်ဖွာ တွေးချင်ရာ တွေးပြီးရင် ကောင်မလေးနဲ့ တွေ့ရတာ အမောဗျာ သူဘာလုပ်လို့ လုပ်မှန်းမသိ ဘယ်ကလဲ မသိဘဲနဲ့ ကျွန်တော့်မှာ ဗျာ ဘာလို့မှန်းကိုမသိဘူး သူ့နဲ့ ချက်ချင်နေမိတယ် မြန်မာ နိုင်ငံ connection က ၉ နာရီခွဲလောက်မှ ကောင်းတာဆိုတော့ဗျာ ကျွန်တော့်မှာ နာရီကြီးကို ကြည့်ပြီး ဖြစ်နိုင်ရင် တက်တောင် ရွှေ့ချင်တယ် ဗျာ
အဟားးးး လူပျိုကြီးတွေ အဲလိုပဲတဲ့ သိပ်အစွဲအလန်းကြီးတယ် ဆိုပဲ ထားပါတော့လေ
မယ်လိုဒီ : စနေ တနင်္ဂနွေ ယူ ဘာလုပ်တုံး
တေဇာ : ကျွန်တော်လား အရင်အပတ်ကတော့ စနေနေ့ နားရပါတယ် ဗျာ ဒီတပတ် အိုဗာတိုင် ဆင်းပေးပါဆိုလို့ သွားရဦးမယ် တနင်္ဂနွေတော့ အားပါတယ် ဘာလို့လဲ
မယ်လိုဒီ : အင်းးး ဘာရယ် မဟုတ်ပါဘူး မေးကြည့်တာပါ တို့က ဒီတပတ် အစည်းအဝေး ရှိတယ်လေ ဒီတပတ်ဟုတ်ပါဘူး အပတ်တိုင်းရယ်ပါ
တေဇာ : ဟုတ်လား ဘာလုပ်ရတာတုံး
သူကလေးလေ တခါမှ မပြောဖူးဘူး အခုမှ ဘာစိတ်ကူးပေါက်လဲ မသိဘူး ပြောပြနေတယ် ဒါနဲ့ ကျွန်တော်လဲ မေးရတာပေါ့
မယ်လိုဒီ : ဘာရယ်ဟုတ်ပါဘူး အထက်က ပြောတာကို လိုက်လုပ်ပေးရုံပါ တို့က သူတို့ထက် အများကြီး စီနီယာ ငယ်တော့ ပြောသမျှလုပ်ပေးရုံပေါ့ ဒါပါပဲ
အင်းး ဆက်မပြောချင်ဘူး ထင်ပါတယ် ဒါနဲ့ ကျွန်တော်လဲ ဟိုပြော ဒီပြောပေါ့ဗျာ
တေဇာ : ကျွန်တော်တို့တော်တော် ခင်ပြီမလား ကျွန်တော့်ကို ဓာတ်ပုံပို့ပေးလို့ ရမလား ဗျာ (ကျားတို့ထုံးစံပေါ့ဗျာ ဒီလိုပဲတောင်းရတာပဲမလား)
မယ်လိုဒီ : အဟားးးးး ယူက တို့ကိုတွေ့ချင်တာလား တို့က ယူ့ကို တွေ့ဖူးတယ်နော် ပြောပြရမလား ယူ ဘယ်လိုပုံလဲ ဆိုတာ
ကျွန်တော် အံ့သြသွားတယ် ဘယ်လိုပါလိမ့် ပြီးတော့ ပိုပြီးလဲ စိတ်ဝင်စားသွားတယ်
တေဇာ : ဟာ ဒီလိုဆို ဘယ်တရားပါ့မလဲ ဒါဆို ပိုတောင် ပေးသင့်တယ် ဟုတ်တယ် မလား
မယ်လိုဒီ : ဒီမယ် ကိုတေဇာ ရုပ်က အဓိက လား စိတ်က အဓိက လား ရှင်တို့ယောက်ျားလေးတွေက အမြဲတမ်းဒီလိုချဉ်းလား ရင်းနှီးတာနဲ့ ဓာတ်ပုံတောင်းချင်ရတာနဲ့ ပြီးရင် လှရင် ရည်းစားစကားပြောကြမယ် မလှတော့ သူငယ်ချင်းပေါ့ အဲဒီလိုလား ဟုတ်လား
အရှိုက်ကို ဖနောင့်နဲ့ပေါက်ခံလိုက်ရသလို ဘာပြောရမှန်းမသိ ကြောင်အ နေတယ် သူပြောတာ မှန်တာကိုး ဒါနဲ့ လေပြေသွေးရတာပေါ့
တေဇာ : မဟုတ်ပါဘူး ဗျာ ကဲ မပေးချင်လဲ နေပါ အဲဒီလောက်ကြီးတော့ ရက်ရက်စက်စက်မပြောသင့်ပါဘူးဗျာ ကဲပါ မတောင်းတော့ပါဘူး
ကျွန်တော်နဲ့ သူနဲ့ သိတာ တော်တော်လေးကို ကြာခဲ့ပါပြီ ဒါနဲ့ ဒီနေ့တော့ မရဘူး မဖြစ်တော့ဘူး ဓာတ်ပုံတော့ ရအောင်တောင်းမယ် ဆိုပြီး
တေဇာ : ဒီမယ် မယ်မင်းကြီးမ ခင်ဗျားကျတော့ ကျွန်တော့ကို တွေ့ဖူးတယ် ကျွန်တော်က တွေ့ချင်တယ် ဓာတ်ပုံပေးပါဆိုတော့ ခင်ဗျားကမပေးဘူး ကဲ ဓာတ်ပုံမပေးချင်လဲနေဗျာ လူချင်းတွေ့မယ် ဘယ်လိုလဲ
ကဲ ကျွန်တော်များ အရမ်းကြီး နစ်နာနေမလား မသိ အဟီးးးး
မယ်လိုဒီ : ယူ တို့ကို သိပ်တွေ့ချင်နေတာလား ဟုတ်လား တို့က ယူ့အိမ်ရှေ့မှာ နေတာလေ မသိဘူးလားလို့
တေဇာ : ဘယ်လို ဟုတ်လို့လားဗျာ ကျွန်တော် မသိရပါလား
မယ်လိုဒီ : ဒါဆို ဒီလိုလုပ် ရှင် အပြင်ထွက်လာခဲ့လေ
ကျွန်တော် အပြင်ထွက်သွားကြည့်လိုက်တယ် ဘာဆိုဘာမှမရှိဘူး ည ပိုးကောင်လေးတွေရဲ့ စိုးစိုးစီစီ အော်သံပဲ ကြားရတယ် ဘေးဘီလဲ ကြည့်တယ် ဘာမှ မရှိဘူး ဒါနဲ့ ပြန်ဝင်လာပြီး သူ့ကို
တေဇာ : ဘာမှမရှိဘူးလေ ဘာမှမတွေ့ရဘူး
မယ်လိုဒီ : ခက်ပါလား ရှင်မှမမြင်တာ ကျွန်မ တာ့တာ ပြနေသားပဲ ရှင် ပြန်ဝင်သွားတာကိုး
တေဇာ : ဝေ့လည်ကြောင်ပတ်လုပ်တာပဲ ဓာတ်ပုံ မပေးချင် လူချင်းမတွေ့ချင်တာနဲ့ပဲ လျှောက်ပြောနေတယ်
မယ်လိုဒီ : တကယ်ပါရှင် ကျွန်မက ရှင်တို့ အိမ်ရှေ့က ညောင်ပင်ကြီးမှာ နေတာရှင့်
ဘုရားရေ ကျွန်တော် ကြက်သီးမွှေးညှင်းများ ထောင်ထသွားတယ် ဗုဒ္ဓေါ ဒီလို ဆို ကျွန်တော် ရုက္ခဆိုးမနဲ့ ချက်နေတာပေါ့ အမေရေ ကယ်ပါ သားကို ကျွန်တော် တော်တော်လေး ငိုချင်သွားတယ်
တေဇာ : ကျွန်တော် ဘယ်လိုယုံရမလဲဗျာ ရုက္ခဆိုးက ကွန်ပြူတာ သုံးတယ် ခေတ်သစ် ပေါ့နော် ဟုတ်လား
မယ်လိုဒီ : အင်းလေ ဘာဖြစ်လို့လဲ မဖြစ်နိုင်ရမှာလဲ ရှင့်
တေဇာ : ဒါနဲ့ ဘယ်လိုသေတာတုံး
မယ်လိုဒီ : ကျွန်မက သွေးကင်ဆာဖြစ်တာလေ ကိုရီးယားမင်းသမီးတွေလိုပေါ့ရှင်
အယ် ဒီ ရုက္ခဆိုးက တကယ့် ကို ခေတ်မီတာပဲ ကိုရီးယား မင်းသမီးဆိုပဲ တယ်လာတဲ့ ရုက္ခဆိုးမ
တေဇာ : ဘယ်လိုဖြစ်တာလဲ ကျွန်တော့ကို ပြောနိုင်မလားဗျာ
မယ်လိုဒီ : ရပါတယ် ပြောပြပါ့မယ် တို့ ယူ့ကို အရမ်းခင်လို့နော်
ဘုရား ဘုရား အရမ်းခင်လို့ ဆိုပဲ ငါတော့ နာချင်ပါပြီနော်
တေဇာ : အင်းပါ ကျွန်တော်လဲ ခင်ဗျားကို ခင်ပါတယ် ဒါကြောင့် မေးတာပေါ့
မယ်လိုဒီ : အရင်ကတော့ သွားသွားလာလာပေါ့ နောက်တော့ အခြေအနေ ဆိုးလာတော့ ဘယ်မှ မသွားနိုင်တော့ဘူး ဒါနဲ့ အိမ်က လူကြီးတွေက ကျွန်မ ပျင်းနေမှာ စိုးတာနဲ့ laptop လေးတလုံး ဝယ်ပေးတယ် ကျွန်မ သူငယ်ချင်းတွေနဲ့ ချက်ဖို့တဲ့ နောက် ကျွန်မ သေတော့ အဲဒီ laptop ပါ မီးရှို့ထည့်ပေးလိုက်တာနဲ့ ကျွန်မ အခုသုံးရတာပေါ့လေ
အလဲ့ သူပြောတော့လဲ ဟုတ်သားပဲ
တေဇာ : ခင်ဗျား မကျွတ်ဘူးလား
မယ်လိုဒီ : အော် နာတာရှည် ရောဂါသည်တွေလေ ဘယ်ကျွတ်ပါ့မလဲ ရှင်တို့ မပြောင်းလာခင်က ကျွန်မဆုံးသွားတာ ဒါနဲ့ ဒီညောင်ပင်ကြီးဆီမှာ နေရာရတာ ဒါတောင် ဒီညောင်ပင် စောင့် ရုက္ခဆိုးက ရာထူးတိုးသွားလို့နော် မဟုတ်ရင် ကျွန်မ laptop တလုံးပိုက်ပြီး ဘယ်သွားရမှန်းမသိဖြစ်မှာ
အမလေးဗျာ သူ့အဖြစ်ကလဲ ဝမ်းနည်းပေးရမလို ဝမ်းသာပေးရမလိုကြီး
တေဇာ : ခင်ဗျား ကျွန်တော့်တို့ အကောင့်ကို ဘယ်လိုသိတုံး တန်ခိုးနဲ့လား
မယ်လိုဒီ : ဟုတ်ပါဘူး ယူ ည ည ဆေးလိပ်လာသောက်တယ်လေ ညောင်ပင်အောက်မှာ အဲဒီကတည်းက ယူ့ကို ခင်နေတာနဲ့ အိမ်ထဲဝင်ပြီး ရှင်ချက်နေတာတွေ့တာနဲ့ add လိုက်တာ ရှင်းပြီလား
တေဇာ : အယ် အိမ်ထဲဝင်လို့ရလို့လား အိမ်စောင့်နတ်ရှိတယ်လေ ဘယ်လိုဝင်တုံး သူနဲ့က peace လား မသိလို့နော် အဟဲ
မယ်လိုဒီ : ဟုတ်ပါဘူး သူလား တို့ဝင်ရင် ဆော်မှာပေါ့ အခု သူ အိပ်နေတုံး ခိုးဝင်တာလေ ခစ်ခစ် ရှင်တို့ အိမ်စောင့်နတ် အားကြီးပျင်းတယ် ၉ နာရီခွဲဆိုရင် အိပ်ပြီ ဟောက်တာမှ တရှူးရှူးနဲ့ ဒီကနေတောင်ကြားရတယ် မယုံရင် သူ့မေးကြည့်ပါလား
တေဇာ : ဟာဗျာ ကျွန်တော်ဘယ်လိုမေးမတုံး ခင်ဗျားကလဲ လုပ်ချလိုက်ပြန်ပြီ ထားပါလေ ခင်ဗျားပြောတာပဲ ယုံရမှာပေါ့
ဒီလိုနဲ့ သူ့ကို နှုတ်ဆက်ပြီး အိပ်ယာဝင်ခဲ့တယ် ဘယ်လောက်များ စွဲလန်းသလဲ အိမ်မက်ထဲထိ အဲဒီ ရုက္ခစိုးမ လိုက်လာတယ် ဗျာ အစွယ်ကြီးတွေနဲ့ ဆံပင်ကြီးကလဲ အရှည်ကြီး လက်သည်းကြီးတွေကလဲ အရှည်ကြီး ကျွန်တော့်ကို ဘာပြောလဲဆိုတော့
" ဟေ့ ယူ တို့ကိုတွေ့ချင်တယ် " ဆို ပြီး ကျွန်တော့်နောက်လိုက်လာတယ် ကျွန်တော့်မှာ ထွက်ပြေးလိုက်ရတာ မောနေတာပဲ တော်သေးရဲ့ အိမ်မက်ဖြစ်နေလို့
ဟဲလေး သီချင်းထဲကလို " နင်ဘာပဲဖြစ်ဖြစ်ချစ်ချင်တယ် " လိုဖြစ်နေပါပြီ ပြီးတော့ ဟိုအင်္ဂလိပ်သီချင်းလိုပေါ့ " I don't know who u r where u r from what u did as long as u love me " ဆိုသလိုပေါ့ဗျာ ကျွန်တော့် သူလေးနဲ့ ချက်ရတာပျော်တယ် ဗျာ ဒါနဲ့ သူလေး ဘာကြီးပဲဖြစ်နေဖြစ်နေ ဆိုပြီး ကျွန်တော် ချက်ခဲ့တယ် " မကြားရ မမြင်ရတဲ့ သံယောဇဉ် " ဆိုတာ ဒါလားဗျာ သူကတော့ ကျွန်တော့်ကို မြင်ဖူးတယ် တဲ့
မယ်လိုဒီ : ဟေးးး ယူ အခုတလော ယူ အရမ်းညံ့နေတယ် သိလား သေကိန်းတောင်ရှိတယ်
တေဇာ : ဟုတ်လား ဘယ်လိုသိတုံး
မယ်လိုဒီ : တို့လား တို့ ဒီမှာ နေတာ ၁ နှစ်ကျော်ပြီလေ ဒါနဲ့ ပါဝါ နဲနဲတိုးပြီရှင့် ဒါနဲ့ ရှင့်အကြောင်းကိုကြည့်ကြည့်တာ
တေဇာ : ဘယ်အချိန်သေမှာလဲ သိလား
မယ်လိုဒီ : အာ အဲဒီလောက်တော့ တို့လဲဘယ်သိပါ့မလဲ ဒီအတောအတွင်း ဘုန်းကြီးလေးဘာလေး ဝတ်ပြီး ခဏလောက်ရှောင်နေပါ့လား
တေဇာ : အိုကေ လေ သတိပေးတာ ကျေးဇူးပါဗျာ ကျွန်တော် အထက်ကိုပြောကြည့်ဦးမယ်လေ
ဒါနဲ့ အထက်ကို ကျွန်တော် ခွင့်တင်တယ် ၁ ပတ်လောက်ပေးဖို့ ဒါရိုက်တာက
" ကိုတေဇာရယ် ခင်ဗျားလဲ အသိပါဗျာ အခုတလော promotion ရှိတယ်လေ အလုပ်အရမ်းရှုတ်နေတာ အဲဒါပြီးမှ ယူပါလားဗျာ ၁ ပတ်မဟုတ်ဘူး ၁ လယူချင်လဲ ပေးမယ်ဗျာ "
ဒါနဲ့ ကျွန်တော်လဲ ဟုတ်ပါတယ် လေ အလုပ်အရမ်းရှုတ်တယ်ဆိုပြီး ဘုန်းကြီးဝတ်မယ့်အစီအစဉ်ကို လက်လျှော့ခဲ့တယ်
ဒီနေ့ တော်တော်ပြိုင်းတယ် ဗျာ ကုပ္မဏီ promotion ကိစ္စလဲပြီးတော့ လူတွေလဲ ဒေါင်ချာစိုင်း အကုန်လုံး ပြိုင်းကုန်ကြပြီဗျာ ကျွန်တော် ဘယ်လောက်တောင် အခြေအနေ ဆိုးလဲဆိုတော့ ဘတ်စ် ကား စီးရင်းနဲ့တောင်လက်တန်းကို ကိုင်ပြီး အိပ်ငိုက်နေတယ် ဖုန်းးးးးးးးး ဆိုတဲ့ အသံကြီးကြောင့် ကျွန်တော် နိုးလာခဲ့တယ် ကျွန်တော် လမ်းမပေါ်ရောက်နေတယ် မီးတွေလောင်နေတာတွေ့ရတယ် ကားကြီးမှောက်နေတယ် ဘာတွေဖြစ်ကုန်ပါလိမ့်ဆိုပြီး ကျွန်တော် သွားကြည့်လိုက်တယ် လားလား လူတွေ သေကုန်ပါရော လား ဒီလိုဆို ကျွန်တော်ရော... တွေ့ပါပြီ ကျွန်တော့်အလောင်း မရှုမလှပါပဲ လူရုပ်တောင်မပေါ်တော့ပါဘူး ကျွန်တော်သေလို့ သေမှန်း ကျွန်တော့် အိမ်သားတွေ သိပါ့မလား တောင်မသိပါဘူး စိတ်ပျက်ပျက်နဲ့ ကျွန်တော် အိမ်ပြန်လာခဲ့တယ် အိမ်နားရောက်တော့
" ဟိတ် " ဆိုတဲ့ အသံကြားလိုက်ရတယ်
ကြည့်လိုက်တော့ ကောင်မလေး တယောက် မျက်နှာဝိုင်းဝိုင်းနဲ့ မျက်လုံးပြူးပြူးလေးနဲ့ သွယ်သွယ်လေး ချစ်စရာလေး
" ယူ့ကို တို့ပြောသားပဲ ဘုန်းကြီးဝတ်ပါဆိုနေ " သေလို့ စိတ်ညစ်နေရတဲ့ အထဲ သူကလာပြီး အပြစ်တင်နေတယ်
" ဟာ မအားမှမအားတာ ဘယ်လိုလုပ်မတုံး ဗျ "
" ကဲ အခုရော သေမင်းလာခေါ်တော့ မအားဘူး လို့ပြောနိုင်သေးလား " ဆိုပြီး နှုတ်ခမ်းလေး စူကာပြောတယ် ကျွန်တော်လဲ ဟုတ်နေတာနဲ့ ဘာမှမပြောဘဲ ငြိမ်နေလိုက်တယ်
" ခစ်ခစ် နောက်ဆိုရင် CNG ကားစီးရင် မှတ်ပုံတင် ပါးစပ်မှာ ကိုက်ပြီးစီးနော် ဒါမှ သေရင် ဘယ်သူမှန်းသိအောင် "
" ခင်ဗျားဗျာ ကျွန်တော်တောင် သေပြီပဲ ဘာနောက်တခါတုံး "
" အော် နောက်တဘဝ ကျရင်ပြောပါတယ် ယူကလဲ ခစ်ခစ် "
" စိတ်ညစ်တယ်ဗျာ ကျွန်တော် နေစရာ နေရာမရှိဘူး ဘယ်မှာ နေရမှန်းမသိဘူးဗျာ အခုနေ အိမ်သွားရင် အိမ်စောင့်နတ်က ဆော်လိမ့်မယ် "
" ဒီညောင်ပင်ကြီးက ရှင့်တယောက်တော့ လက်ခံနိုင်ပါတယ်နော် " တဲ့ ကျွန်တော်ကြည့်လိုက်တော့ သူကလေးက ရှက်ပြုံးလေးပြုံးပြီး ခေါင်းငုံ့သွားတယ် ဒါနဲ့ ကျွန်တော် ပြုံးလိုက်မိတယ် ကျွန်တော့်ရဲ့ " မကြားရ မမြင်ရ သံယောဇဉ် " ကောင်မလေးကို လှမ်းဖက်လိုက်မိပါတယ်
ဒန် တန် တန် ဒန် ပြီးပါပြီ
အဟီးးး ကိုသားကြီးကို အားကျလို့ အဲဂလိုမျိုးလေး လိုက်ရေးပါတယ် မကောင်းလဲ သည်းခံပြီးသာ ဖတ်ကြပါရန် ဝူးထွားးးထွားးးးးး
အားလုံးကိုကျေးဇူးတင်ပါတယ် ရှင်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



30 comments:
ညီမလေး ဌက်
နေကောင်းလား :D
haha
ညီမလေး ထူးထူးခြားခြားလေး တွေးတတ်တယ် ..
အရေးအသားရော အတွေးရော အရမ်းတက်လာတာပဲ ..
ကောင်းတယ် Bird ကလေးရေ ..
အားပေးနေတယ် ..
CNG ကား စီးရင် နောက် မှတ်ပုံတင် ဆောင်ထားရမယ် ..
မှတ်ထားမှ haha
နေဒေးသစ်။
ဖတ်လို့ကောင်းတယ။်
စီပုံးမှာပေါတာ နဲနဲလျှော့ပါလားဟင်။ ဒါကိုဖတ်ရင် စိတ်ကလေးက တည်ကြည်တယ်ဆိုတာ သိပါတယ။်
စိတ်ဝင်တစားဖတ်သွားတယ်။
ဒီတစ်ခါလျှို့ဝှက်ဆန်းကြယ်လေးပါလားဟရိုးးးး
ရုက္ခစိုးမရော နက်ဖိုးကိုဘယ်မှာသွားဆောင်ရလဲမသိဘူးနော်
Blogတွေကိုရောကျော်ခွစရာလိုလားမသိဘူး
အင်းသူတို့ရုက္ခစိုးလောကကတော့အဲလောက် ဟိုပိတ် ဒီပိတ်မလုပ်လောက်ဘူးထင်ပါတယ်
အတွေးအရေးတွေ ထိလာတယ် မိလာတယ်ဗျိုးးးးး
.......
ဟဲဟဲ...
tagထားတာတော့ ချိတ်ချိုးနဲ့ပေါ့ဗျာ ဂွိ ဂွိ :P
ငှက်ကလေးရေကောင်းလွန်းအား
ကြီးလို့လေငှက်အတွက်တောင်ဆိုး
ရိမ်သွားတယ်သွားသတိ.လာသတိ.
ရေးသတိတဲ့...
ဖတ်ရတာ ပျော်တယ်၊ အရင်တခါက စိတ်ညစ်ရတယ်.. ငှက်မလေး တော်တယ်
ယောင်းလေဖတ်ကောင်းတယ်သိလား
အဲ့လိုတွေရှိတယ်လား
ဟဟကြောက်သွားပြီ ဗြဲဗြဲဗြဲ
ယောင်းမြူး
လည်ရင်းနဲ့ရောက်လာပါတယ်။ ပထမဆုံးဖတ်ရတဲ့ အပုဒ်က တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ အရမ်းရယ်ရတာပဲ။ မျက်စိထဲကို ကွင်းပြိးမြင်မိတယ်။ နာမည်ရင်းနှီးနေပေမယ့် အခုမှပဲ လာလည်ဖြစ်တော့တယ်။ လင့်ချိတ်ခွင့်ပြုနော်။ သူတို့နှစ်ယောက်ကို ပေါင်းပေးလိုက်တာ သနားစရာလိုလိုနဲ့ ကောင်းတယ် တွေးတတ်ပနော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ငှက်ကလေးရယ်... ငှက်ကလေးရဲ့ ပိုစ့်ကို ဖတ်ရင်း ကျနော်လဲ ညောင်ပင်ကြီးအောက် ရောက်သွားပြီး ကောင်လေးနဲ့ ကောင်မလေးကို တွေ့သွားတယ် ... အဲ့ဒီမှာ ကြောင်တကောင် ကိုယ်ပေါ်တက်လာလို့ လန့်အော်လိုက်တော့ အိပ်မက် မက်နေမှန်း သိတော့တယ်..
ငှက်ရေ မှတ်ပုံတင်ပါ CNG လက်ချက် မိနေပါအုံးမယ်ကွယ် :)
နောက်တစ်ခါဘယ်သူနဲ့ဖြစ်ဖြစ် ချက် ရင် လိပ်စာအရင်မေးမှဖြစ်တော့မယ်
ငှက်ကလေးရေ...ဖတ်လို့ ကောင်းပါ့ကွယ်။
ချတ်ရမှာကြောက်လာပြီ၊ ဟိုတစ်ယောက် (ကို....)လိုဟဲဟဲ.... Gပုန်းပဲလုပ်ရတော့မယ်ထင်တယ်ဟေ့။
ညောင်ပင်အောက်မှာတော့ ကွန်နက်ရှင် ကောင်းမယ်ထင်တယ်နော်။
ဖတ်လို့ ကောင်းတယ်။ စိတ်ဝင်စားဖို့ လည်း ကောင်းတယ်။
ယောက်ျားလေးဖက်က ရေးထားလေးလည်းမို့  ရေးတတ်လိုက်တာ လို့ ပြောချင်တယ်။
ညီမလေး ရေ...အမြဲအားပေးနေတယ်လို့  ပြောစရာမလိုတော့ဘူး ထင်တယ်နော်။
Hha hha ,,
Good comedy post .
I like it my little bird bcoz I'm also a ghost .
hee hee ..
MaKi
ညီမလေး
တော်လိုက်တာကွယ်။ ရေးတတ်လိုက်တာ။ နာ့လဲ ရုက္ခဆိုးထီးနဲ့ဘဲ ချက်တော့မယ်။ ဘူးထွားထွားးးး
ဖတ်လို့ကောင်းတယ် ငှက်ကလေးရေး)
ဟိဟိ မေလေး က ရုက္ခဆိုးထီးနဲ့ပဲ ဆိုပါလား ကွယ်...။ နောင့် ကတော့ သေခါနီး ကျရင်တော့ တစ်မျိုးစဉ်းစားလိုက်မယ်..ခုတော့ လူစင်စစ် နဲ့ပဲ...ဒါပေမယ့် ဘယ်အချိန် သေမလဲ မသိတာ ခတ်တယ်...။ ဟိ
ဖတ်ကောင်းတယ်..။
ငှက်ကလေး တို့ ပျံချက် က လန်ထွက်နေတာပဲ
လန်းသဟ
ငှက်မလေး ရေးတတ်ပြန်ပြီ။ အတွေးတွေ အရေးတွေ ပိုပို ကောင်းလာတယ်နော်။ ဆက်လုပ် ညီမလေး ။ပျော်ရွှင်ပါစေ။
စိတ်ကူလေးလည်း ကောင်းတယ်...
အရေးအသားလေးလည်းကောင်းတယ်...
ကောင်းရောပဲ .... ဒါမျိုးလည်းရတာပဲ ...
နောက်တစ်ခါ သတိထားမှနော် .... :P
ကောင်းတယ် ငှက်ကလေးရေ၊ ဆက်ရေးအုန်းပာ ရယ်လည်းရရတယ်း) အားပေးနေမယ်
ရယ်ရတယ်ငှက်ကလေးရယ်...ဆက်ရေးပါကွယ်..
Labels မှာ ၀ိဥာဏ်ဇာတ်လမ်းဖြစ်နေတယ် ငှက်ကလေးရေ... ၀ိညာဉ်မဟုတ်ဘူးလားကွာ...
yu ya
"ဒီမယ် ကိုတေဇာ ရုပ်က အဓိက လား စိတ်က အဓိက လား ရှင်တို့ယောက်ျားလေးတွေက အမြဲတမ်းဒီလိုချဉ်းလား ရင်းနှီးတာနဲ့ ဓာတ်ပုံတောင်းချင်ရတာနဲ့ "....အဲဒါဖတ်တော့ ငါအရမ်းရယ်ချင်သွားတယ်... နင်လေ တော်တော်လည်းတတ်နိုင်တဲ့ကောင်... အပြောကတော့ ရွှေမန်းပဲ... ငှက်စုတ်
ကောင်းတယ်ငှက်ကလေးေ၇...Top 1 Top 1
ရေးချက်ကတော့ရှယ်ဘဲဗျိုး
အိုင်ဒီယာတွေကလည်းအလန်း
ငှက်လေးရေ...အမှတ်ပြည့်ပေးလိုက်ပြီ
ချစ်သော
မျက်မှန်လေး
Post a Comment