Saturday, 8 January 2011

အအေးခန်းထဲက လူသတ်မှု


ပန်းမမ ဆိုတဲ့ ကျွန်မက ကျွန်မထက် အသက် ၆ နှစ်လောက်ငယ်တဲ့ ကိုယ့်မောင်လေးကို သေလောက်အောင် မုန်းနေတယ် ဆိုတာ ရှင်တို့ယုံလား

ဟုတ်တယ် မုန်းတယ် သတ်ပစ်ချင်လောက်အောင်ကို မုန်းတယ် ကျွန်မထက် ၆ နှစ်နောက်ကျပြီးမှမွေးလာပြီး ကျွန်မ ပိုင်ဆိုင်သမျှ အရာအားလုံးကို ကျွန်မလက်ထဲက လုယူသွားတဲ့ ကျွန်မမောင်လေး နေရန်နိုင် ကို ကျွန်မ သိပ် မုန်းတယ်

သူမရှိခင်တုံးက မေမေက ကျွန်မကို သိပ်ချစ်ခဲ့တယ် ကျွန်မလိုချင်တာ ဖြစ်ချင်တာ အကုန်ရခဲ့တယ် ပြီးတော့ မိဘတွေရဲ့ ဂရုစိုက်မှုကိုလဲ ကျွန်မရဲ့ခဲ့တယ် နောက် သူ့ကို မေမေ ကိုယ်ဝန်ရှိတော့ ဖေဖေ့မျက်နှာမှာလဲ အပြုံးတွေနဲ့ သူ့ကိုမွေးလာပြီးတော့ အချိန်တွေ အကုန်လုံးကို သူ့ကို ပဲ ပေးခဲ့ကြတယ် ကျွန်မကတော့ တယောက်တည်း တကိုယ်တည်း အထီးကျန်ဆန်ခဲ့တယ်
ငယ်ငယ်တုံးကဆို ကျွန်မမှာအရုပ်တွေအများကြီးရှိခဲ့တယ် အဲဒီအရုပ်တွေရဲ့ နေရာမလပ်မှာ အပ်ရာတွေချည်းပဲ ကျွန်မပဲလုပ်ခဲ့တာလေ ဟုတ်တယ် အဲဒီအရုပ်တွေကို ကျွန်မ က ကျွန်မမောင်လေး အဖြစ် သတ်မှတ်ပြီးတော့ သူတို့ကိုနေမကောင်းဖြစ်ခိုင်းတယ်

ပြီးတော့ဆေးထိုးပေးတယ်ပြိးတော့ ကျွန်မ သူတို့ကိုသေခိုင်းတယ် တကယ်လဲကျွန်မမောင်လေး ကို ကျွန်မ သေစေချင်တာပါပဲ
“ ကောင်းတယ်မိန်းကလေး ဆိုတော့ ဆေးထိုးတမ်း ကစားတာကောင်းတယ် ကြီးလာတော့
ဆရာဝန်လုပ်ပေါ့ ” လို့ မေမေက တော့ ပြောပေမယ့် ကျွန်မ စိတ်ကတော့ အဲလိုမဟုတ်ခဲ့ဘူး
အဲလိုပါပဲ ကျွန်မရဲ့ငယ်ဘဝက ကျွန်မ မောင်လေးမွေးလာပြီးကတည်းက အထီးကျန်ဆန်ခဲ့တာပါပဲ

ကျွန်မ ၁၀ နှစ်မှာ ကျွန်မမေမေ ဆုံးပါးသွားခဲ့တယ် ဖေဖေ ကလဲအရက်တွေချည်း ဖိသောက်ခဲ့တယ် တခါတရံမှာ တစိမ်းမိန်းမတွေကို အိမ်ခေါ်လာတတ်တယ် ကျွန်မကိုလဲ ရိုက်တတ်တယ် အဖေ အဲလို ကျွန်မ ကိုရိုက်တဲ့အချိန်မှာ ကျွန်မမောင်က ကျွန်မကိုကာကွယ်မယ် ထင်သလား ဟင်းးး ဟင်းးး မှားသွားမှာပေါ့ သူက တနေရာကနေ တဟားဟားးး နဲ့ရယ်နေတတ်တဲ့လူမျိုးလေ

ကျွန်မ အရွယ်ရောက်လာတော့ တော်တော်လေးလှခဲ့ပါတယ် ကျောင်းမှာလဲပေါ်ပြူလာဖြစ်ခဲ့တယ် ရည်းစားတွေလဲတယောက်ပြီး တယောက်ရခဲ့တယ် သူတို့နဲ့လဲတွဲခဲ့တယ် ကျွန်မ ရည်းစားတွေကို အိမ်ခေါ်ခဲ့တယ် ဒါကို အဖေ က မကြိုက်ဘူး
“ ပန်းမမ နင့်အကောင်တွေကို အိမ် ခေါ်မလာနဲ့ ငါမကြိုက်ဘူး ”
“ ဘာလို့လဲ ဖေဖေ တောင် ဖေဖေ ကြိုက်တဲ့မိန်းမအိမ်ခေါ်လာသေးတာပဲ သမီးက ခေါ်လာလို့မရဘူးလား ” လို့ မဲ့ကာရွဲ့ကာ မေးလိုက်တယ်
“ နင့်အသက်ဘယ်လောက်ရှိသေးလို့ငါ့ကိုပြန်ခံ ပြောတာလဲ ” ဟု ဆိုကာ ကျွန်မကို ရိုက်သည်

ပီတာက ကျောင်းမှာတော်တော်လေး ပေါ်ပြူလာဖြစ်တယ် သူ့မှာမိန်းကလေးတွေအများကြီးရှိတယ် ရုပ်ကလဲဖြောင့် စတိုင်လ် ကလဲမိုက်တော့ သူ့ကိုကြွေကြတဲ့ကောင်မလေးတွေအများကြီးပေါ့ တနေ့သူက ကျွန်မကို ဒိတ်လုပ်လာတယ်
“ ငါနဲ့ အပြင်လျှောက်လည်မလား ” လို့ မေးလာတဲ့ ပီတာ ကို ကျွန်မ ရွှန်းရွှန်းစားစား ကြည့်ပြီးတော့
“ အင်း ” လို့ ခေါင်းငြိမ့်ခဲ့တယ်
ဒီလိုနဲ့ညနေကျတော့ ကျွန်မ အကောင်းဆုံးအဝတ်စား တွေ ထုတ်ဝတ်ကာ အလှပြင်ခဲ့သည်
တီ .. တီ ..
လို့ ကားဟွန်းသံကြားတော့ ကျွန်မ အပြင်ထွက်သွားဖို့ အလုပ် ဖေဖေက
“ နင် ဒါ ဘယ်သွားမလို့လဲ ” ဟု မေးလေသည်
“ ပီတာနဲ့အပြင်သွားမလို့ ” ဟု ခပ်တင်းတင်းပဲ ပြန်ဖြေလိုက်သည်
“ ဒီပုံစံနဲ့အပြင်သွားမှာလား ”ဟု ကျွန်မရဲ့ တိုနံ့နံ့စကတ်ကိုကြည့်ကာ ပြောလေသည်
“ ဘာဖြစ်လို့လဲ”ဟုပြန်မေးလိုက်သည်
“ ယောက်ျားတွေ ဘာလိုချင်လဲဆိုတာ ငါသိတယ် နင် ဒီပုံစံနဲ့အပြင်မသွားနဲ့ပြီးတော့ နင် အခုမှအသက် ၁၈ နှစ်ပဲရှိသေးတာ” ဟု ဆိုကာ တားလေသည်
“ သမီး လုပ်ချင်တာလုပ်မယ် အဖေ ဘာမှ ဝင်ပြောစရာမလိုဘူး ” ဟုဆိုကာ သွားမယ် အလုပ်မှာ ကျွန်မ လက်ကိုဖမ်းဆွဲပြီး ရိုက်ခဲ့သည် ကျွန်မ အော်လိုက်သည်
ကျွန်မ ကြမ်းပြင်ပေါ်လဲသွားချိန် တွင် ရောက်လာသူကပီတာ
အဖေ့ကို သူ့အားကြီးနဲ့ အဖေ့လက်မောင်း၂ ဖက်ကို ချုပ်ကိုင်ကာ ထိုင်ခုံပေါ်မှာ ထိုင်စေသည် အဖေသည် ပီတာ့လက်ထဲတွင် ဘယ်လိုမှရုန်းမရဘဲ ထိုင်ခုံပေါ်တွင် ထိုင်ကာ ကျန်ခဲ့လေသည်
ကျွန်မ နဲ့ ပီတာ ကတော့အေးဆေးပဲ အပြင်သို့ထွက်လာခဲ့ကြသည်

အဲဒီအချိန်ကစပြီးတော့ ကျွန်မ အိမ်မပြန်တော့ဘဲ ပီတာနဲ့ အတူနေတော့လေသည် နောက်သုံးလ ကြာတော့ ကျွန်မ ကိုယ်ဝန်ရှိလာခဲ့သည် ဒါပေမယ့် ကိုယ်ဝန်က ၅ လ နေတော့ပျက်ကျသွားသည် ဒါနဲ့ကျွန်မလဲ သူနာပြု တက္ကသိုလ်ကို လျှောက်ကာ ကျောင်းပြန်တက်ခဲ့လေ နောက် ၄ နှစ်လောက်ကြာတော့ ကလေး ထပ်ရသည် ဒီတခါတော့ အားလုံးရှောရှောရှူရှူပါပဲ ကလေးလဲကျန်းကျန်းမာမာ နဲ့ မွေးဖွားလာခဲ့သည်
ခုဆို ကျွန်မ အသက် ၂၉ နှစ်ရှိပြီ ကလေးလေး ၃ ယောက်ရဲ့ မိခင်လဲ ဖြစ်နေပြီလေ

ကျွန်မ မကျေနပ်တာ ပီတာ
ဒင်းက အလုပ်အကိုင်ကတော့ မယ်မယ်ရရ မရှိ ။ မိန်းမကလဲ ကျွန်မ တယောက်တည်း မဟုတ်ဘူးလေ သူ့မှာ နောက်ထပ် မိန်းမ ၂ ယောက်လောက်တော့ ရှိသည် သူတို့တွေဆီမှာလဲ ပီတာနဲ့ရတဲ့ ကလေးတွေရှိသည် ဒီတော့ကျွန်မ စိတ်မဆိုးဘဲ နေမလား တခါတလေ ပီတာက အိမ်ပြန်မလာဘဲ ၁ ပတ် ၁၀ ရက်လောက် ပျောက်ပျောက်နေတတ်တယ် ပြန်လာရင်တော့ ကျွန်မ အပေါ်ကောင်းပါတယ် ဒါပေမယ့် ကျွန်မတို့ မိသားစုမှာ ပိုက်ဆံရှာတာ ကျွန်မ တယောက်တည်းလေ ကျွန်မ ဆေးရုံမှာ နာစ် လုပ်တဲ့လခက ဘယ်လောက်မှ သိပ်မှ မရဘဲ ဒီကြားထဲ ကလေးတွေကို ကျွန်မ မရှိတုံး ကြည့်ခိုင်းဖို့စောင့်ရှောက်ခိုင်းဖို့ လူကိုလဲ ကျွန်မက ပိုက်ဆံပေးရသေးတယ် လေ

ကျွန်မ အဖေ ဆုံးသွားပြီလို့ ကျွန်မ မောင်လေး ပြောလို့သိရတယ်
“ အဖေက နှလုံးရောဂါ အခံရှိတယ်လေ နင့်ရဲ့ပီတာကို သူ အားမရှိလို့ပြန်မလုပ်နိုင်ဘူး ဒါကြောင့် သူအပြင်းအထန် လေ့ကျင့်ခန်းတွေလုပ်ပြီးတော့ သန်စွမ်းအောင် လုပ်တာပေါ့ တနေ့ အပြေးလေ့ကျင့်ပြီးပြန်လာတော့ အိမ်ထဲရောက်တော့ အမောဖောက်ပြီးဆုံးသွားတယ် ” ဟု ဆိုကာ တဟားဟားးးး နဲ့ ရယ်ပြီးပြောလေသည်
ကျွန်မ နေရန်နိုင်ကို နားမလည်ဘူး အဖေက အမှန်ဆို သူ့ကို ချစ်တာမလား ဒါကို ဘာကိစ္စနဲ့ ကိုယ့်အဖေ ဆုံးတာကို ဟာသ တခုလို ရယ်နေနိုင်သေးလဲ

အဖေဆုံးသွားပြီးနောက်ပိုင်းကျတော့ ကျွန်မနဲ့ ကျွန်မ မောင် နေရန်နိုင်တို့ မကြာခဏတွေ့ဖြစ်ကြတယ် သူ့ကို မချစ်ပါဘူး ဒါပေမယ့်လဲ သူက ကျွန်မရဲ့ တဦးတည်းသော မောင် တဦးတည်းသော ဆွေမျိုးလို့လဲ ပြောလို့ရတယ်လေ ဒါကြောင့် သူရယ် ကလေးတွေရယ် ကျွန်မရယ် အပြင်ကို ခဏ ခဏ ထွက်ဖြစ်ကြတယ် ပီတာက ကျွန်မကို တခြား တစိမ်းယောက်ျားတွေနဲ့ ရောလားနှောလား မကြိုက်ဘူးလေ ဒါပေမယ့် နေရန်နိုင်ကျတော့ ကျွန်မ မောင်ဖြစ်နေတဲ့အတွက် ခွင့်ပြုထားတာပေါ့

နေရန်နိုင် အသက် ၁၈ နှစ်မှာ သီချင်းတွေ စ ဆိုတယ် သူ့မှာ အဖွဲ့ရှိတယ် အဖွဲ့နံမည်က “ Wild Boys ” တဲ့ အစပိုင်းလောက်ကတော့ သူတို့တွေက စားသောက်ဆိုင်လေးတွေမှာ လိုက်ဆိုကြတယ် နောက် ပရိတ်သတ်အားပေးမှု ရလာတော့ အခွေထုတ်တယ် လူတော်တော်များများ အားပေးကြတာကိုတွေ့ရတယ် ဒီလိုနဲ့ သူတို့အဖွဲ့ နိုင်ငံခြားတွေဘာတွေထွက်ပြီး ဖျော်ဖြေရတဲ့အထိ ဖြစ်လာခဲ့တယ် နေရန်နိုင်အောင်မြင် ကျော်ကြားတော့ သူ့အသက်က ၂၀ ။
ဒီလိုနဲ့ နေရန်နိုင်က တော်တော်ချမ်းသာလာခဲ့တယ် အိမ်ကြီးအကြီးကြီး အခန်း ၁၅ ခန်းပါတဲ့ အိမ်ကြီးကို ဝယ်ကာ ရေကူးကန်တွေ ဘာတွေနဲ့တော်တော်လေး လှတယ် ကားအကောင်းစားစီးပြီးတော့ ပေါ်သမျှ brand တွေလဲ သုံးနိုင်လာခဲ့တယ် သူက ကျွန်မကို မိဘ တွေရဲ့ အိမ်ကို ပေးခဲ့တယ် ပြောရရင် ကောင်းတော့ကောင်းပါတယ် ဒါပေမယ့်လဲ......... သိပ်တော့မမိုက်ဘူးပေါ့ ကျွန်မ မိဘတွေအိမ်က အခန်း ၃ ခန်းပါတယ် ဒါပေမယ့် ဟောင်းနေပြီလေ ကျွန်မ လက်ရှိအခုနေနေတဲ့ အိမ်ထက်စာရင်တော့ ကောင်းပါတယ်

ဒါပေမယ့်.........

နေရန်နိုင်က ကျွန်မကို သူ့အိမ်ရဲ့သော့ပေးထားတယ်လေ အိမ်ထဲကို ဝင်ချင်တဲ့အချိန် ဝင်နိုင်ထွက်နိုင်အောင်လို့ ကျွန်မက သူ့အိမ်ကို သန့်ရှင်းရေးလုပ်ပေးရတယ် တခါတလေ ပါတီတွေဘာတွေရှိရင်တော့ ကျွန်မက ဦးစီးပြီးတော့ လုပ်ပေးရတယ် အဲဒီအခါကျရင် အောင်မြင်ကျော်ကြားတဲ့ လူတွေလဲအများကြီး စားစရာသောက်စရာတွေလဲ အများကြီးနဲ့ ကကြခုန်ကြနဲ့ ပျော်စရာကြီးပေါ့ ကျွန်မ ယောက်ျားပီတာလဲ လာတယ်လေ တေးဂီတသံတွေ ဆေးအရှိန်တွေနဲ့လူတွေက ရီဝေဝေ ယစ်မူးနေတာပေါ့

ဆေး ?? ဟုတ်တယ် မူးယစ်ဆေးကို ပြောတာ မူးယစ်ဆေးက မကောင်းဘူး ကျွန်မသိတာပေါ့ နေရန်နိုင်က အဲဒီဆေးတွေကို သုံးတယ်လေ သူ့သူငယ်ချင်းတွေလဲသုံးကြတယ် ပီတာတောင် သုံးသေးတာပဲ သူတို့အဲဒီ ဆေးတွေသုံးထားပြီးရင် သူတို့ကိုယ်သူတို့ ဘာလုပ်မိမှန်းတောင် မမှတ်မိတော့ဘူးလေ
သူတို့အဖွဲ့မူးယစ်ဆေးတွေ သုံးတာများလာတော့ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ အဖွဲ့ရဲ့နံမည်လဲ ကျသွားခဲ့တယ် တခါတလေ နေရန်နိုင်က အိပ်ယာထဲမှာ ညနေ ၄ နာရီလောက်ထိ မထပဲ နေတတ်တယ် မျက်နှာကလဲ ဖြူဖတ်ဖြူလျော်နဲ့ ပိန်ချုံးပြီး ဘာမှလဲမစားဘူး

အဲဒီအချိန်မှာ ကျွန်မ ကို ပြောတယ်
“ ငါ့ကို ကယ်ပါဦး ငါ့ကို ဆေးလေး နဲနဲလောက် ပေးပါဦး ”
“ နင် ဘာဆေးမှ မလိုဘူး နင် အစားကောင်းကောင်းစား ပြီးတော့ နေကောင်းကျန်းမာ အောင်နေ ဒါဆို ဘာဆေးမှ မလိုဘူး ” လို့ကျွန်မက ပြောလိုက်တယ်
“ နင်က ဘာလဲ ငါ့ကို ဆရာကြီးလုပ်တာလား နင်ကငါ့အမေ လား ”
“ ငါက နင့်အမ ပြီးတော့ သူနာပြု တယောက် ဒီမယ် နားထောင် ငါပြောမယ် နင် အခု အစားကောင်းကောင်းစား ငါနင့်ကို ချက်ကျွေးမယ် ပြီးတော့ ဆေးဖြတ်လိုက် နင် လုပ်နိုင်ပါတယ် ” လို့ သူ့ကို ဖြောင်းဖြ လိုက်တယ်

နေရန်နိုင် ကျွန်မစကားကို နားထောင်ခဲ့သည် ဒီလိုနဲ့ ၂ လ ၃ လ လောက်နေတော့ သူ ဆေးပြတ်သွားသည် ကျန်းကျန်းမာမာနဲ့ ထူထူထောင်ထောင်ဖြစ်လာခဲ့သည် သူ့အဖွဲ့တွေနဲ့ ပြန်ပြီးတော့ ပေါင်းစည်းကာ အခွေသစ်တွေထုတ်ကြသည် ဒါနဲ့ သူတို့အဖွဲ့ နံမည် ပြန်တက်လာခဲ့သည် နေရန်နိုင် ကျွန်မကို ယုံလာခဲ့သည် တခါတလေ ကလေးတွေနဲ့ အပြင်ထွက်ပြီးတော့ စားကြသည် ရေကူးကန်သွားကြသည် အဲဒီအချိန်တုံးက ကျွန်မ မောင်က ကျွန်မ အပေါ်မှာ ကောင်းခဲ့တယ်လေ
“ နေရန်နိုင် ငါ့ကို ချစ်သားပဲ ငါ့ကြောင့်ပဲ သူပြန်ကျန်းမာလာခဲ့တာပဲ ဒီတော့ ငါ့ကို သူပိုက်ဆံတွေ ဘာတွေတော့ ပေးမှာပေါ့ ကားဝယ်ပေးမယ် အိမ်ဝယ်ပေးမယ် နိုင်ငံခြားသွားရင် ငါ့ကိုပါ ခေါ်သွားလောက်တယ် ” ဟု ကျွန်မ ထင်ထားခဲ့တာကိုး
ဒါပေမယ့် ကျွန်မ အထင်တွေ တက်တက်စင်အောင် လွဲခဲ့တယ် ဟုတ်တယ် ဘယ်သူမှ ကျွန်မကို ငွေမပေးခဲ့သလို ဘာမှလဲ မပေးခဲ့ပါဘူး

“ ငါတို့အဖွဲ့ နိုင်ငံခြားခရီးစဉ်ရှိတယ် ဒီတခေါက်က Europe ဘက်ကို ထွက်မယ် လေးလလောက်ကြာမယ် ” လို့ နေရန်နိုင်က ကျွန်မကိုပြောတယ်
ကျွန်မစိတ်ထဲမှာ “ ငါ့ကို ပါ လိုက်ဖို့ခေါ်မယ်နဲ့တူတယ် ကလေးတွေနဲ့ လိုက်ရမယ် ပျော်စရာကြီး ” လို့ တွေးလိုက်မိတယ် ဒါနဲ့ ကျွန်မက
“ ပျော်စရာကြီးနေမှာနော် ငါတို့ .... ” စကားတောင် မဆုံးသေးဘူး သူက ဖြတ်ပြောတယ်
“ ငါမရှိတုံး ငါ့အိမ်ကို သန့်ရှင်းရေး လုပ်ပေးစေချင်တယ် ငါသိပါတယ် နင်ကငါ့အိမ်မှာတော့ မနေချင်ဘူးမလား နောက်ထပ် တခုရှိသေးတယ် ” ဟုပြောသည် ကျွန်မစိတ်ထဲမှာ
“ ဟင် ဒါဆို ငါက မလိုက်ရဘူးပေါ့ သူ့ရဲ့ အိမ်သန့်ရှင်းရေးလုပ်ပေးဖို့ပေါ့ ” ဟု တွေးလိုက်သည် ပါးစပ်ကတော့
“ နောက်ထပ် တခုက ဘာလဲ ” လို့မေးလိုက်သည်
“ ငါက ဟိုမှာသွားဖျော်ဖြေရမှာဆိုတော့ ဆေး လိုတယ်ဟာ ငါ အရမ်းပင်ပန်းမှာ ဒီတော့ ငါ့ကို နင့်ဆေးရုံကနေ ဆေး ယူပေးပါ့လား ငါ တခြားကနေရှာဝယ်ရင် အန္တရယ်များလို့ပါ နင်က သူနာပြုဆိုတော့ ဘယ်သူမှ မရိပ်မိလောက်ပါဘူး ငါ့ကို အဲဒါလေးတော့ ကူပါဟာ ”
“ မရဘူး အဲဒါ ပြစ်မှုကြီးတယ်နော် သိသွားရင် ငါထောင်ကျနိုင်တယ် ငါက နင့်အတွက်ဆေးယူပေး ပြီးငါ့ကိုထောင်ထဲဝင်ခိုင်းတာလား ” ဟု မေးလိုက်သည်
“ နင်က ငါ့အမပါ ပြီးတော့ နင်မမေ့နဲ့နော် ငါက နင့်ကို ငါ့မိဘရဲ့ အိမ်ကိုတောင် ပေးထားတာနော် နင် ဘာများထပ်လိုချင်သေးလဲ ”
နေရန်နိုင်ပြောတဲ့စကား ဘာတဲ့ “ငါ့မိဘအိမ်” တဲ့ အမှန်ဆို “ ငါတို့မိဘအိမ်” ဖြစ်သင့်ရမှာပေါ့ ကျွန်မ မိဘတွေရဲ့ ပစ္စည်း ကျွန်မလဲ ပိုင်တာပဲဟာကို ထားပါတော့လေ အဖေက ကျွန်မကို ပီတာနဲ့ သဘောမတူတာနဲ့တင် အမွေတွေအားလုံးကို နေရန်နိုင့်ကို ပေးခဲ့တာကိုး ဒါကို နေရန်နိုင်မသိဘူးလေ သူသိတာ မိဘ ပစ္စည်းကို သူတယောက်တည်း ရသင့်တယ်လို့ ထင်တာကိုး
ကိစ္စမရှိပါဘူး ကျွန်မ နေရန်နိုင့်အိမ်ကြီးကို တချက်ဝေ့ကြည့်လိုက်သည်
“ နင်နဲ့ငါက မောင်နှမပဲ နင် အိမ်ထောင်မကျဘူးဆိုရင်ပေါ့ နင်သေရင် နင့်ပိုင်ဆိုင်သမျှတွေကို ငါရမှာပဲ ” ဟု စိတ်ထဲ တေးထားလိုက်သည်

နေရန်နိုင် ပြောတာမှန်ပါတယ် ကျွန်မ ဆေးရုံကနေ ဆေးတွေကို ဘယ်သူမှ မသိအောင် ယူလာနိုင်ခဲ့တယ် ဆေးထိုးပြွန်လဲ ယူလာနိုင်ခဲ့တယ် ပြီးတော့ သူ့ကိုပေးဖြစ်တယ် နေရန်နိုင်က
“ ကျေးဇူးပါပဲ နင်က ငါ့အမပါ ခုဆို ငါ အိုခေပါပြီ ဒီထက်ကောင်းတဲ့ ဂီတတွေ ငါ ဖန်တီးနိုင်ပြီ ” ဟု သူက ပြောသည်

နေရန်နိုင်တို့အဖွဲ့ နိုင်ငံခြားသို့ဖျော်ဖြေရေး သွားခဲ့သည် အဲဒီအတောအတွင်း ကျွန်မကတော့ သူ့အိမ်ကို သန့်ရှင်းရေး လုပ်ပေးခဲ့သည် ဒါပေမယ့် နေရန်နိုင်က တခါမှ ကျွန်မဆီကို ဖုံးလေးတချက်တောင် ဆက်ဖော်မရဘူး
ဒီလိုနဲ့ သူတို့ ပြန်လာခဲ့ကြသည် ပြန်လာတော့ နေရန်နိုင် နေမကောင်းပါ မျက်နှာလဲဖြူဖတ်ဖြူလျော်နဲ့ ပိန်လှီပြီးတော့ ရုပ်တွေလဲ ကျနေတယ် ကျွန်မက သူ့ကိုဖြောင်းဖျဖို့ တခုခု ပြောဖို့ကြိုးစားပေမယ့်သူက လက်မခံခဲ့ဘူးလေ ပြီးတော့ သူ့အိမ်မှာ သူ့သူငယ်ချင်း အသစ်တွေနဲ့ စည်ကားနေတယ်

ဦးမင်းပိုင်တို့နဲ့ ပထမဆုံး ကျွန်မ စ တွေ့တဲ့အချိန်က နိုင်ဝင်ဘာလောက်ပေါ့
အဲဒီအချိန်မှာ နေရန်နိုင့်အိမ်မှာ ပါတီရှိလို့ ကျွန်မ သွားတော့ နေရန်နိုင်အိမ်ရှေ့မှာ ကားတစင်းရပ်ထားတာ တွေ့ရတယ် ဘယ်သူ့ဟာမှန်းတော့မသိဘူးပေါ့ အထဲကို ဝင်လိုက်တော့ အားလုံးလိုလို မူးရူးပြီးတော့ က တဲ့လူ က နဲ့ ပွဲက တော်တော်စည်နေခဲ့ပြီလေ
နေရန်နိုင်နဲ့ မျက်နှာချင်းဆိုင်မှာ အသက် ၄၀ လူတယောက် သူ့ဘေးမှာ အသက် ၂၀ အရွယ် စကတ်တိုနံ့နံ့လေးနဲ့ ဆံပင်အနက်ရောင်ကောင်မလေး တယောက်တို့ ထိုင်နေကြတယ် ကျွန်မ ကောက်ချက်ချလိုက်မိတာ “သားအဖ” ရယ်ပေါ့
“ ဟေးးး ရောက်လာပြီလား လာ .. ငါ မိတ်ဆက်ပေးဦးမယ် ဒါက ဦးမင်းပိုင်နဲ့ သူ့ဇနီးနန္ဒီ တဲ့ နှုတ်ဆက်လိုက်ပါဦး ငါတို့က Mexico မှာတွေ့ခဲ့ကြတာလေ ” ဟုဆိုကာ နေရန်နိုင်က ကျွန်မကို ထိုလူကြီးဖြင့် မိတ်ဆက်ပေးလေသည်
ခဏနေတော့ နေရန်နိုင်နဲ့ ဦးမင်းပိုင် ဇနီးနန္ဒီတို့က ရေကူးကန်ဘက်သို့ ထွက်သွားလေသည် ကျွန်မ နဲ့ ဦးမင်းပိုင် ၂ ယောက်ကျန်ခဲ့သည် ကျန်တဲ့ နေရန်နိုင့်သူငယ်ချင်းတွေကတော့ သောက်စားပျော်ပါးနေကြလေသည်
“ ဘဝက တိုတိုလေးပဲလို့ မင်း မထင်ဘူးလား ” ဟု ဦးမင်းပိုင်က စကား စ လိုက်သည်
“ ဘာကို ဆိုလိုတာလဲ ” ဟု ကျွန်မက မေးလိုက်သည်
“ကိုယ့်အဖေက မနှစ်က ဆုံးသွားပြီ သူ့အသက်က ၆၅ ပဲရှိသေးတာ ငယ်တယ်လို့မထင်ဘူးလား ”
“ အင်း ဆိုပါတော့ ”
“ အဲဒါပြောတာပေါ့ စဉ်းစားကြည့်လေ နေဝင်တယ် နေထွက်တယ် အဲဒါတွေက သန်းပေါင်းများစွာ သန်းနဲ့ချည်ဖြစ်ပျက်တယ် ဒါပေမယ့် လူက အဲဒီ နေဝင်နေထွက်ကို နှစ်တရာထက်ပိုပြီး မကြည့်နိုင်ဘူးလေ ဘာလို့လဲ ဆိုတော့ ကိုယ်တို့လူ့သက်တမ်းက တိုတိုလေးမို့လို့ပေါ့ မင်း ကိုယ်ပြောတာ သဘောပေါက်လား ”
“ အင်း သဘောပေါက်ပါတယ် ”
“ ဘာလို့ သေ စကားတွေ လာပြောနေပါလိမ့် သူ့ကြည့်တော့လဲ သန်သန်မာမာပါပဲ သေတယ်ဆိုတာ နေမကောင်းတဲ့လူပဲ သေမှာပေါ့ ဒီလိုဆို ဒီအိမ်မှာ နေမကောင်းဖြစ်တဲ့လူဆိုလို့ နေရန်နိုင်တယောက်ပဲရှိတာပဲ ဒါဆို.... သူက ဘာကိုများ သိထားလို့လဲ ” ဟု တွေးနေမိသည်
“ ကိုယ်တို့က မသေချင်ဘူးလေ အနှစ် ၁၀၀ အနှစ် ၂၅၀ အို... ဒီထက်ပိုချင်လဲ ပိုမှာပေါ့ နေချင်တယ်လေ ဟုတ်တယ်မလား ဒါပေမယ့် ပိုက်ဆံတော့ နဲနဲရင်းရမှာပေါ့ကွာ.. အဲဒါပဲ ကိုယ်ပြောချင်တာ မင်း ရဲ့ မောင်ကို ကိုယ်တို့ Mexico မှာတွေ့တုံးက အဲဒါတွေပြောခဲ့တယ် သူအရမ်းစိတ်ဝင်စားတယ် မင်းလဲ စိတ်ဝင်စားလို့ရတယ် နော် ” ဟု ဦးမင်းပိုင်က ဆက်ပြောလေသည်
“ ဟင် ဘာလဲဟ ရူးနေလား ” ဟု စိတ်ထဲတွေးလိုက်မိတယ် ဒါနဲ့
“ အာာ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မဖြစ်နိုင်တာ ” ဟု ပြောလိုက်သည်
ထိုအခိုက်တွင် နေရန်နိုင်နဲ့ နန္ဒီ ပြန်ရောက်လာခဲ့သည် နေရန်နိုင်က
“ ဧည့်သည်တွေအတွက် တခုခုလုပ်ပါဦး စားစရာကုန်နေပြီ ” ဟု ပြောသောကြောင့် ကျွန်မ တခုခုပြင်ဆင်ပေးဖို့ ထွက်လာခဲ့သည် ဒီလိုနဲ့ ဦးမင်းပိုင်နဲ့ ပြောနေတဲ့စကားစ ပြတ်သွားခဲ့သည်
“ ရူးကြောင်ကြောင် နိုင်တဲ့ အတွေးပဲ ” ဟု စိတ်ထဲ တွေးနေမိသည်
ဒါပေမယ့် နောက် ၂ ပတ်လောက်နေတော့ ဦးမင်းပိုင် ပြောတာ ဘာလဲ ဆိုတာ ကျွန်မ သိလာခဲ့သည်

To be continue ...... :-)

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်က အခန်းဆက်တွေဘာတွေရေးလို့ပါလား
အတည်အပေါက်တွေရေးတော့လည်းကောင်းနေတာပါဘဲ... ဆန့်တငံ့ငံ့ဖြစ်ရတာတော့ မကောင်းပါဘူး
မပြောမဆိုနဲ့ အောက်ဆုံးကျမှ ဆက်ရန်တဲ့
တော်တော်ဆိုးတဲ့ဝက်း)
ကောင်းတယ် ဆက်ရန်ကိုစောင့်နေမယ် အမြန်ရေး
ဒါဘဲ

rose said...

မ၀က်ဝံလေးရဲ့ ၀တ္ထုကို လာဖတ်သွားပါတယ်။ နည်းနည်း အကြံပေးမယ်နော်။ ဇာတ်က အရမ်း ခြုံ့ လိုက်သလိုပဲ။ လူငယ် အရွယ်ကနေ လူကြီးဖြစ် အိမ်ထောင်ကျသွားတဲ့ အခန်းကူးက သိပ်မြန်တယ်။ စာကြောင်း တစ်ကြောင်းတည်းနဲ့။ နည်းနည်း ရှည်ရှည် ရေးပါလို့ အကြံပေးချင်ပါတယ်။ ဘယ်လိုမှ မအောက်မေ့ပါနဲ့နော်။

မြတ်မွန် said...

အားရိုး တန်းလန်းကြီး
စိတ်ဝင်စားတယ်
မြန်မြန်တင်ပါအုံး ဝက်ဝံလေးရေ..။

kiki said...

ပန်းမမဝက်ရေ ..
ဆေးရုံက ဘာဆေးတွေ ဒိုင်လျှို လို့ ရလဲ ဟင်...
တိုးတိုးတိတ်တိတ် ပြောပြ အုံး ..
( အခန်းဘယ်နှစ်ခု ဆက်မှာလည်း.. မြန်မြန်ဆက် နော် .. ဒါဗြဲ )

ဖွားကိ ( ပြန်လာဘီ ဟေ့ )

မြစ်ကျိုးအင်း said...

ဒါမှဆလူးကွ...။ အတည်အတံ့တွေရေးတာ အားပေးတယ်။ ဒါထက် ဒါက ဘာသာပြန်လား။
ဘာပဲဖြစ်ဖြစ် ဇာတ်အိမ်နဲ့သေသေချာချာ ရေးတာ သဘောကျတယ်။ နောက်တခန်း ဆက်ဖတ်လိုက်အုံးမယ်။

Sunny said...

ဟိုနေ့ကတည်းက ဖတ်မလို့ဟာ..အအေးခန်းလူသတ်မှုဆိုတော့ ကြောက်လို့.. အခုမှ အကုန်ပေါင်းဖတ်သွားတယ်.. :)