Sunday, 9 January 2011

အအေးခန်းထဲက လူသတ်မှု (ဇာတ်သိမ်း)

ကျွန်မမောင် နေရန်နိုင်ရဲ့ မွေးနေ့ ည ကပေါ့
ကျွန်မ အိမ်ကို ၇ နာရီလောက် ပြန်ရောက်တယ် ပီတာ့ကိုလဲ ထမင်းပြင်ကျွေးပြီးတော့ ကလေးတွေကို အိပ်ယာထဲသိပ်ပြီးပြီ ကျွန်မယောက်ျားကတော့ ကျွန်မကို စကားမပြောဘူး တီဗွီပဲ ထိုင်ကြည့်နေတယ် ဒီအချိန်အကောင်းဆုံးအချိန်ပဲပေါ့ ကျွန်မ နေရန်နိုင်ဆီကို သွားပြီးတော့ “မွေးနေ့ဆုတောင်း” လေးပြောရမယ်လေ ဘာပဲဖြစ်ဖြစ်က သူက ကျွန်မရဲ့မောင် ပဲ မဟုတ်လား
ပြီးတော့ သူ့ကိုလဲ လက်ဆောင်ပေးစရာရှိတယ်လေ ကျွန်မဆေးရုံက ယူလာတဲ့ ဆေးထိုးပြွန်နဲ့ ဆေးအနည်းပေါ့ ကလေးတွေလို လက်ဆောင်ပေးသလိုပဲ ကျွန်မလဲ နေရန်နိုင့်ကိုပေးဖို့ပါကင်လေးထုပ်ပြီးပြီ
နေရန်နိုင့်အိမ်ရောက်တော့ တိတ်ဆိတ်နေလေသည် ဦးမင်းပိုင်တို့ ကားမှလွဲ၍ အရာအားလုံးတိတ်ဆိတ်နေသည် မီးရောင်ကလဲ အောက်ထပ်မှာ မှုန်ပြပြလေး လင်းနေလေသည်
“ ဟင် ဘယ်လိုဖြစ်တာလဲ ဒီနေ့ နေရန်နိုင့်မွေးနေ့ဟာ ပါတီမလုပ်ဘူးလား ” ဟု စိတ်ထဲတွေးလိုက်မိသည်
ကျွန်မ ကားပေါ်က ဆင်းပြီးတော့ အိမ်ထဲသို့ဝင်လာခဲ့သည် အိမ်ထဲတွင် သီချင်းသံ တီးတိုးလေး ဖွင့်ထားသည်မှလွဲ၍ ဘာမှမရှိပါ လကြီးကလဲ ကောင်းကင်တွင် ထိန်ထိန်သာနေလေသည်
ကျွန်မ နေရန်နိုင့်ကို တအိမ်လုံးနှံ့အောင် လိုက်ရှာသည် မတွေ့ပါ သူ့အခန်းထဲမှာလဲ မရှိပါ
ဧည့်ခန်းထဲတွင်လဲ မရှိပါ ဒါနဲ့ ခြံထဲကို ဆင်းတဲ့တံခါးကို ဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်မ လန့်သွားသည် ဒါပေမယ့်လဲ ဘာမှမဟုတ်ပါဘူး ဒါကြောင့် တယောက်တည်း ရယ်မိသည် ကျွန်မရယ်သံတွေတိတ်သွားတော့ အိမ်ကြီးက ထုံးစံအတိုင်း တိတ်ဆိတ်လျှက်ပါပဲ
“ နေရန်နိုင် နင် အဲဒီမှာ ဘာလုပ်နေတာလဲ ” ဟုမေးလိုက်သည်
သေချာကြည့်လိုက်တော့ ကျွန်မ မောင် မဟုတ်ပါ ယောက်ျားနဲ့မိန်းမတယောက် ဦးမင်းပိုင်နဲ့ သူ့ဇနီးနန္ဒီရယ်ပေါ့
သူတို့က သီချင်းတွေ ဆိုနေကြတယ် သူတို့လက်တွေကို လေထဲတွင် မြှောက်ထားပြီးတော့ မျက်နှာကိုလဲ လမင်းကြီးဆီသို့မော့ထားလေသည် ၁၀ မိနစ်လောက် သီချင်းဆိုလို့ ပြီးသွားတော့ ကျွန်မက
“ နေရန်နိုင် ဘယ်မှာလဲ ” ဟု မေးလိုက်သည်
သူတို့က ကျွန်မဆီကို လျှောက်လာခဲ့ကြသည် ထို့နောက် ကျွန်မ လက်ကိုကိုင်ကာ
“ နေရန်နိုင် အိပ်ပျော်နေတယ် သူ့ကို တို့တွေ ကယ်ထားတာ ” ဟု ပြောသည်
“ ဘာတွေ ပြောနေတာလဲ ” ဟု ကျွန်မက မေးလိုက်သည်
ဦးမင်းပိုင်က “ နေရန်နိုင် အရမ်းဖျားနေတယ် နေမကောင်းဘူး သူ့မှာ AIDS ရှိတယ် အဲဒါ ဘာလဲ ဆိုတာ မင်းသိမှာပါနော် ”
ကျွန်မ ဘာစကားမှ မပြောနိုင်အောင် ဆွံ့အ နေခဲ့သည် ထို့နောက်
“ သူ ဘယ်အချိန်ကတည်းက ဖြစ်နေတာလဲ ” ဟုမေးလိုက်သည်
“ ဘယ်သူသိမလဲကွယ် သူ ခရီးသွားတုံးကလဲ ဆေးတွေ သုံးတယ် ဟုတ်တယ်မလား AIDS က ကုရာနတ္ထိ ဆေးမရှိဆိုတာ မင်းလဲသိတယ်မလား ဒါပေမယ့် AIDS ကို ပျောက်အောင်ကုနိုင်တဲ့ဆေးတွေ့လာတဲ့တနေ့ပေါ့ အဲဒီနေ့က နောက်နှစ်ပေါင်း ၁၀၀ လဲဖြစ်ချင်ဖြစ်မယ် အဲဒီအချိန်ထိ အသက်ရှင်အောင် ကိုယ်တို့တွေက နေရန်နိုင်ကို လုပ်ထားပေးတာ ” ဟု ဦးမင်းပိုင်က ရှင်းပြလေသည်
နန္ဒီက ကျွန်မ လက်ကိုဆွဲကာ
“ လာ .. တို့နဲ့ လိုက်ခဲ့ ပြစရာရှိတယ် ” ဟုဆိုကာ ကျွန်မကို ခေါ်သွားသည်
ထိုနေရာက မြေအောက်ခန်းပင်ဖြစ်သည် ကျွန်မ မောင်က မြေအောက်ခန်းတွင် သီချင်းသံဆူဆူညံညံ ဖွင့်ရသည်ကို သဘောကျတယ်လေ ဒါကြောင့် ဒီမြေအောက်ခန်းကို သူ့ရဲ့ music room လုပ်ထားတာပေါ့ အဲဒီ မြေအောက်ခန်းက နွေရာသီမှာဆို အရမ်းလဲမပူဘူး ဆောင်းရာသီမှာ အရမ်းလဲမအေးဘူးလေ ဒါပေမယ့် ခုတော့.........
ခုတော့ အရင်လိုမဟုတ်ဘူး အခန်းရဲ့အလယ်မှာ မှန်ခေါင်းကြီးတခုရှိသည် အပြာရောင် အလင်းတန်းတွေက အဲဒီထဲကနေ ထွက်လာသည် freezer ကြီးတလုံးလိုပဲ အေးစက်နေပြီးတော့ အသံတချို့တလေကလဲ အဲဒီထဲကနေ ထွက်နေတယ် အဲဒီ မှန်ခေါင်းထဲမှာတော့ ကျွန်မရဲ့ မောင် နေရန်နိုင်က လဲလျောင်းနေတယ် သူ့မျက်နှာက ပြာနှမ်းနေပြီးတော့ သူ့ကို ငွေရောင်အင်္ကျီဝတ်ထားပေးတယ်
“ ဘယ်လိုဖြစ်တာလဲ ” ဟု ကျွန်မက မေးလိုက်သည်
“ ဘာမှမဖြစ်ပါဘူး သူ မသေပါဘူး တကယ်မသေပါဘူး သူ့ကိုတို့တွေက ရေခဲရိုက်(frozen) လုပ်ထားတာပါ ဒီမှန်ခေါင်းထဲက အပူချိန်က အနှုတ် ၁၉၆ ဒီဂရီ ရှိတယ်လေ ဒီတော့ သူ့ခန္ဓာကိုယ်က နောက်အနှစ် ၁၀၀ နေလဲ ပျက်စီးမှာမဟုတ်ဘူး တနေ့AIDS ကို ပျောက်ကင်းအောင် ကုသတဲ့ဆေးပေါ်တဲ့အခါကျတော့ ဆရာဝန်တွေက သူ့ကို နှိုးပြီးတော့ ဆေးကုပါလိမ့်မယ် အဲဒါ တို့ ကုမ္ပဏီ လုပ်တဲ့အလုပ်ပေါ့” ဟု နန္ဒီက ကျွန်မကို ရှင်းပြလေသည်
“ ရှင်တို့ ကုမ္ပဏီ ဆိုတာ ဘာကိုဆိုလိုတာလဲ ” ဟု ကျွန်မက မေးလိုက်သည်
“ အို.. ဟိုးး ဟိုးးး နေရန်နိုင်က မင်းကိုဘာမှမပြောဘူးလား ” ဟုဆိုကာ ဦးမင်းပိုင်က ကျွန်မကို လိပ်စာ ကဒ်ပြားလေး တခုပေးလေသည် ထိုကဒ်ထဲတွင် ရေးထားသည်က

“ ESPASE FROM DEATH ”
The Cryonics Company
U Min Paing and Daw Nandi

“ ကျွန်မ နားမလည်ဘူး Cryonics ဆိုတာ ဘာကိုဆိုလိုတာလဲ ”
“ ဒါက လူတွေကို ရေခဲရိုက် (freezing) လုပ်တဲ့ သိပ္ပံပညာဘာသာရပ်တခုပေါ့ အခုကိုယ်တို့လုပ်တာအဲဒါပဲလေ မင်းရဲ့ မောင်လိုမျိုး အသက် ရာကျော်နေချင်တဲ့လူတွေအတွက်ပေါ့ နောက်ကျ ဆရာဝန်တွေက ကုဖို့ဆေးရှိလာတော့ သူ့ကို နှိုးပြီးတော့ ဆေးကုပေးမှာပေါ့ ဒီအတောအတွင်းတော့ သူပိုင်တဲ့ ပစ္စည်းတွေကို ကိုယ်တို့တွေက စောင့်ရှောက်ပေးရုံပဲပေါ့ ” ဟု ဦးမင်းပိုင်က ပြောပြသည်
“ ဘာရယ် ဘာရယ် ရှင်တို့က သူ့ပိုင်ဆိုင်မှုတွေကို ဘာလုပ်မှာ စောင့်ရှောက်ထားမယ် ဟုတ်လား ”
“ ဟုတ်တယ် ဒီမှာ နေရန်နိုင် လက်မှတ်ထိုးထားတဲ့ စာချုပ် ” ဟု ဆိုကာ စာရွက်တရွက်ကို ထုတ်ပြလေသည် ပြီးတော့ ဆက်ပြောသည်
“ ကိုယ်တို့က သူပိုင်ဆိုင်သမျှတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးရမှာ အနှစ် ၂၀၀ လဲဖြစ်ချင်ဖြစ်မှာပေါ့ ဒီကြားထဲ ကိုယ်တို့သေသွားရင် ကိုယ်တို့ကုမ္ပဏီက ဆက်ပြီးတော့စောင့်ရှောက်ပေးမယ် AIDS ကို ကုသတဲ့ဆေးပေါ်တဲ့တနေ့ မင်းရဲ့မောင်လဲ အသက်ပြန်ရှင်လာလိမ့်မယ် ” ဟု ပြောလေသည်
“ မဟုတ်ဘူး မဟုတ်ဘူး ရှင်တို့တွေ ကျွန်မမောင် ကို သတ်လိုက်ကြတာ ပြီးတော့ သူ့ပိုင်ဆိုင်မှုတွေကို ယူလိုက်ကြတာပဲ ဒါတွေကရှင်တို့မပိုင်ဘူး ကျွန်မပဲ ပိုင်တယ် ” ဟု ကျွန်မ က သူတို့ကိုအော်ပြောလိုက်သည်
နန္ဒီက ရယ်ကာ
“ မဟုတ်ဘူး ဒီပိုင်ဆိုင်မှုတွေက ရှင်လဲ မပိုင်သလို တို့တွေလဲမပိုင်ဘူးလေ ဒီပစ္စည်းတွေကို နေရန်နိုင် တယောက်ပဲ ပိုင်တာလေ သူမသေပါဘူး သူ့ကိုရေခဲရိုက်ထားတာပါ တနေ့သူ ပြန်နိုးလာမှာပါ ” ဟု ပြောလေသည် ထို့နောက် ထိုလင်မယား ၂ ယောက်သည် ကျွန်မကို ကြည့်ကာ တဟားဟားးး နဲ့ရယ်လေသည် ကျွန်မလဲ အိမ်ထဲကနေ ထွက်လာခဲ့သည်

နောက်နေ့ကျတော့ ဦးမင်းပိုင်တို့က နေရန်နိုင်လက်မှတ်ထိုးပြီး သူတို့နဲ့အတူ စာချုပ်ချုပ်ထားခဲ့တဲ့ စာရွက်စာတမ်းတွေကို ကျွန်မဆီကို ပို့ခဲ့သည် ကျွန်မက ကျွန်မယောက်ျားကိုပြောတော့ သူက
“ မင်း ဒီကိစ္စအတွက် ရှေ့နေလိုလိမ့်မယ် ဒါဟာ ပြစ်မှုကြီးတခုပဲ ” ဟု ဆိုခဲ့သည်
ရှေ့နေငှားတာ လွယ်တာမှတ်လို့ ပိုက်ဆံအများကြီးကုန်တာ ရှင်တို့လဲသိသားနဲ့ ကျွန်မမှာက ပိုက်ဆံများများ စားစားမှမရှိတာပဲ ဆွေးနွေးရင်တော့ နာရီဝက် ဆွေးနွေးခ ၁ သောင်းပေးရမယ် တဲ့
ဒါနဲ့ ကျွန်မလဲ နာရီဝက်ခ ၁ သောင်းပေးပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ် အဲဒီရှေ့နေ့က သိပ်စိတ်ပါပုံမရဘူး သူ့လက်ထဲက နာရီကိုပဲ ခဏ ခဏ ကြည့်နေတယ်
ကျွန်မ က ရှေ့နေကို ဇာတ်စုံခင်းပြသည်
“ မဖြစ်နိုင်တဲ့ ကိစ္စပဲ ” ဟု သူက ကောက်ချက်ချသည်
“ ဒါပေမယ့် ဒါတွေက အမှန်တွေ တကယ်ဖြစ်နေတာ ရော့ ဒါကိုဖတ်ကြည့်ပါဦး ” ဟုဆိုကာ ဦးမင်းပိုင်တို့ပေးထားတဲ့ စာရွက်စာတမ်းတွေကို ကျွန်မသူ့ကို ပြ ခဲ့သည်
ရှေ့နေက ကျွန်မ ပြတဲ့ စာရွက်စာတမ်းတွေကို တချက်ကြည့်ကာ ပြုံးလိုက်သည် ထို့နောက် နာရီကို ကြည့်ပြန်သည်
“ စိတ်ဝင်စားဖို့ ကောင်းတဲ့ case ပဲ သေချာပါတယ် ဒါဟာ ပြစ်မှုတခုပဲဆိုတာ ကျွန်တော် ရဲရဲကြီးပြောရဲတယ် ဒါပေမယ့် ခင်ဗျားမောင်ရဲ့ ပိုင်ဆိုင်မှုတွေ ရဖို့ဆိုရင်တော့ ခင်ဗျားမောင် သေတယ်ဆိုတဲ့ သက်သေအထောက်ထားပြဖို့ လိုတယ် ” ဟု သူက ဆိုလေသည်
“ ဒါဆို ကျွန်မက ဘာလုပ်သင့်လဲ ”
“ အင်း.... တချို့ ဒေါက်တာတွေ သိပ္ပံပညာရှင်တွေ က တာ့ cryonics ဟာ မဖြစ်နိုင်ဘူး မဖြစ်သင့်ဘူးလို့ သူတို့ကောက်ချက်ချတယ် ဒါပေမယ့် ဦးမင်းပိုင်တို့ဘက်က ဖြစ်နိုင်တယ် ဖြစ်မယ်လို့ပြောထားတော့ ....... ခင်ဗျားအနေနဲ့ ဘာလုပ်ရမလဲဆိုရင် အကောင်းဆုံးကတော့ ဆရာဝန်တယောက်ရဲ့ထောက်ခံစာပေါ့ ခင်ဗျားမောင်ဟာ သေနေပါပြီ သေပြီးနေပြီ ဆိုတဲ့ သေစာရင်း ထောက်ခံစာရရင် ရပြီ ” လို့ သူက ဆိုတယ်
“ ဟင် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ နေရန်နိုင်က အအေးခန်းထဲမှာ ထည့်ထားတာ အပူချိန်က အနှုတ် ၁၉၆ ဒီဂရီရှိတဲ့ဟာကို သူကိုယ်ကလဲ ရေခဲတုံးလိုဖြစ်နေတာ ဆရာဝန်က ဘယ်လိုလုပ် သေတယ်လို့ ကောက်ချက်ချလို့ရနိုင်ပါ့မလဲ ”
“ ဟုတ်တယ် ဒေါ်ပန်းမမ မဖြစ်နိုင်ဘူး ဒါပေမယ့် လုပ်စရာနည်းက ဒီနည်းပဲရှိတယ်လေ ” ဟုဆိုကာ သူက စာရွက်စာတမ်းတွေကို တချက်ပြန်ကြည့်လေသည် ထို့နောက်
“ ပြီးတော့ ဦးမင်းပိုင်တို့ ကုမ္ပဏီက ငှားထားတဲ့ ရှေ့နေက တော်တော်လေး နံမည်ကြီးတယ် ဒီတော့ ဒီအမှုကို ကျွန်တော် နိုင်မယ်ဆိုတာ မသေချာဘူး ရှုံးချင်လဲရှုံးနိုင်တယ် ခင်ဗျားဘက်က ငွေတော်တော်ရင်းရလိမ့်မယ် ”
“ ဘယ်လောက်လဲ ” ကျွန်မက မေးလိုက်သည်
“ အရင်ဆုံး စရံအနေနဲ့ ၅ သိန်းပေးထားရမယ် နောက်မှ ထပ်ပြီးတော့ ပေးရမယ် ”
ကျွန်မ ထိုင်ရာကနေ ထ ရပ်လိုက်သည်
“ တော်ပြီ မေ့လိုက်တော့ ကျွန်မမှာ ပိုက်ဆံသိပ်များများ စားစား ရှိတာမဟုတ်ဘူး တလ တလကို ငွေ ၃ သိန်းလောက်နဲ့ လည်ပတ်နေရတာ ပြီးတော့ကျွန်မ မနိုင်လောက်ဘူး ဟုတ်တယ်မလား ဦးမင်းပိုင်တို့က ကျွန်မပိုင်ဆိုင်မှုတွေကို လုယူသွားတာ ” ဟု ကျွန်မ ရှေ့နေကို အော်ပြောကာ သူ့ရုံးခန်းထဲမှ ထွက်လာခဲ့လေသည်

တပတ်တိတိ ကျွန်မ စားမဝင် အိပ်မပျော်ဘူး အချိန်ရှိတိုင်း ဒီကိစ္စပဲ ကျွန်မ ခေါင်းထဲတွင်ရှိသည် ကလေးတွေကို ကျွန်မ အော်ငေါက်သည် အလုပ်ထဲမှာလဲ ကျွန်မ အဆင်မပြေဘူး ကျွန်မ ယောက်ျား က ဒီကြားထဲ အရက်တွေသောက်လာသောကြောင့် သူ့ကို အော်ပြောကာ လင်မယား၂ ယောက်ရန်ဖြစ်ကြသည် ထို့နောက်သူက ကျွန်မ ကို ရိုက်ကာ အိမ်ကနေ ထွက်သွားလေသည် သူ့မိန်းမ တယောက်ယောက် ဆီသွားတာနေမှာပေါ့ ကျွန်မ ဂရုမစိုက်ပါ ယောက်ျားတွေက ဒီလိုပါပဲ

ကျွန်မ နေရန်နိုင့်အိမ်ရှေ့ကနေ ဖြတ်သွားတိုင်း ဦးမင်းပိုင်တို့ကားက ရပ်ထားတာကိုတွေ့ရသည် လုံးဝ မကျေနပ် စိတ်ထဲတွင်လဲ
“ ဒီအိမ်က ငါပိုင်တာ ငါ့ပိုင်ဆိုင်သမျှတွေကို ဒင်းတို့ ယူသွားတယ် သူခိုးတွေ ဒါပေမယ့် ငါဘာမှမတတ်နိုင်ဘူး ဘာမှမလုပ်နိုင်ဘူး ”

တညမှာ ကျွန်မ အိမ်မက် မက်သည်
အိမ်မက်ထဲတွင် နေရန်နိုင်ရဲ့ ပါးစပ်ထဲမှာ သော့တချောင်းရှိသည် အဲဒီသော့လေးက အေးစက်မနေဘူး နွေးနေတယ် ပြီးတော့ နေရန်နိုင့်ရဲ့ ရေခဲရိုက်ထားတဲ့ ဦးခေါင်းဟာလဲ တဖြေးဖြေးနဲ့ အရည်ပျော်လာတယ် ပါးစပ်ထဲမှာရှိတဲ့ သော့ကလှုပ်လာတာကိုတွေ့ရတယ် နေရန်နိုင့်ခန္ဓာကိုယ်ကလဲ တဖြေးဖြေး နွေးနွေးလာတယ် ပါးစပ်ကို ဟ ပြီးတော့ နေရန်နိုင်အော် လိုက်သည် ထို့နောက် သူသည် အသက်ထွက်သွားခဲ့လေသည်
ရုတ်တရက် ကျွန်မ လန့်နိုးလာခဲ့သည် နာရီ ကြည့်လိုက်တော့ မနက် ၂ နာရီ အခန်းထဲတွင် လရဲ့ အလင်းရောင်လေးက မှုန်ပြပြ နဲ့ဖြာကျနေလေသည် အိမ်မက်ကို ပြန်ပြီးတွေးနေမိသည်
“ သော့” ဟုတ်တာပေါ့ ကျွန်မ ခေါင်းထဲ လက်ခနဲ အကြံတခုကို ရလိုက်သည်
ကျွန်မ ကားကိုမောင်းကာ နေရန်နိုင့်အိမ်သို့ထွက်လာခဲ့သည် နေရန်နိုင့်အိမ်ရှေ့မှာ ဦးမင်းပိုင်တို့ကားကတော့ရပ်ထားမြဲ ပါပဲ ကျွန်မကားလေးကို ကျွန်မ နေရန်နိုင့်အိမ်နဲ့ ကိုက် ၂၀၀ လောက်အကွာမှာ ရပ်ထားခဲ့သည် ပြီးတော့ အိမ်ထဲသို့ဝင်လာခဲ့သည် ကျွန်မမှာ သော့ပို ရှိတယ်ဆိုတာကို ဦးမင်းပိုင်တို့မှ မသိဘဲ အိမ်ထဲတွင်ဘာသံမှမကြား အားလုံး တိတ်ဆိတ်နေလေသည် ကျွန်မလဲ မြေတိုက်ခန်းထဲသို့ ဝင်လာခဲ့သည်
နေရန်နိုင်ကတော့ မှန်ခေါင်းထဲတွင် လဲလျောင်းဆဲ .... အခန်းထဲတွင်လဲ မီးရောင်လေးက မှုန်ပြပြ လင်းဆဲပဲ ပြီးတော့ မှန်ခေါင်းထဲက အသံတွေကလဲ freezer ထဲက ထွက်လာတဲ့ အသံ ရှင်တို့သိတယ်မလား ရေခဲသေတ္တာ ဆီကလာတဲ့အသံလေ အဲလိုအသံမျိုးမှတပါး ဘာသံမကြားရပေ။
electricity လို့ခေါ်တဲ့ ဒီလျှပ်စစ်မီးက နေရန်နိုင်ရဲ့ အသက်လေ ဟုတ်တယ်လေ ဒီလျှပ်စစ်မီးမရှိရင် ဒင်းက ရေခဲတွေလိုအေးခဲမနေတော့ဘူးလေ ကျွန်မ ကောက်ကျစ်စွာပြုံးလိုက်သည် ထို့နောက် freezer နဲ့ ဆက်ထားတဲ့ ပလပ်ပေါက်ကို ဆွဲဖြုတ်လိုက်သည်
“ တာ့တာ ငါ့မောင်လေးရေ ... ”
အသံတွေအားလုံး တိတ်သွားသည် မီးရောင်မှုန်ပြပြတွေအားလုံးလဲ ငြိမ်းသွားသည် ကျွန်မ မသွားသေးဘဲ သေချာအောင်စောင့်ကြည့်နေလေသည်
မိနှစ် ၂၀ လောက်ကြာတော့ မှန်ခေါင်း freezer ထဲက အငွေ့တွေထွက်လာသည် အငွေ့တွေ ပို ပို ပြီးတော့ ထွက်လာသည် ရေခဲအရည်ပျော်ရင် အငွေ့ထွက်တာ ရှင်တို့မြင်ဖူးကြမှာပေါ့ အဲလိုပဲပေါ့
ဒါနဲ့ ကျွန်မလဲ ပြန်ထွက်လာခဲ့သည် အိမ်ရှေ့ရောက်တော့
“ နေရန်နိုင်ရေ အခုတော့ နင်ဟာ သေပြီပေါ့ နင်သေရင် နင့်ပစ္စည်းတွေ ကို ငါပိုင်ပြီလေ ဟားဟားးးးးးးးးးးးး အိုး.. ဟိုးးး ဟိုးး ဒီကားကြီးလဲ ဘယ်ရှိတော့မလဲ ” စိတ်ထဲမှ တွေးကာ ဦးမင်းပိုင်တို့ကားကို လက်ဖြင့်သပ်လိုက်လေသည်
ဤသည်မှာ ကျွန်မရဲ့ အကြီးမားဆုံး အမှားပင်ဖြစ်လေသည် အဘယ့်ကြောင့်ဆိုသော်
“ တီ.... တီ... ” ဟု ဆိုကာ ကားအလန်းမ် က ကျယ်လောင်စွာ ထွက်ပေါ်လာသောကြောင့်ပင်
ကျွန်မ အားကုန်ပဲ ကျွန်မ ကားရှိရာသို့ ပြေးသွားခဲ့သည် ကျွန်မကားက အိမ်ရဲ့ ကိုက် ၂၀၀ လောက်မှာ ရပ်ထားတာမလား
ကျွန်မ ကံမကောင်းခဲ့ပါ ပတ္တရောင် လှည့်တဲ့ ရဲတွေနဲ့တိုးသွားခဲ့သည် မနက်ခင်း ၃ နာရီလောက်မှာ ကားအလမ်းန် မြည်တယ် ကျွန်မကလဲ ပြေးထွက်လာတယ်ဆိုတော့ ကျွန်မကို သူတို့ ရဲစခန်းသို့ ခေါ်သွားခဲ့ကြသည်

ကျွန်မ စခန်းကို ရောက်တော့ မနက် ၃ နာရီ ၁၅
ဦးမင်းပိုင်တို့ လင်မယားက ၃ နာရီ ၄၅ လောက်ကျတော့ ရောက်လာခဲ့သည် ရဲက
“ ခင်ဗျားတို့ကားကို ခိုးဖို့ကြိုးစားနေတဲ့ အမျိုးသမီးတယောက်ကိုတော့ ကျွန်တော်တို့ မိထားတယ် ” ဟုဆိုလေသည်
ကျွန်မက “ ရှင်တို့က ကျွန်မ ပိုင်တဲ့အိမ်ကို ခိုးချင်သေးတာပဲ ဒီတော့ ကျွန်မလဲ ရှင်တို့ကားကို ခိုးတာ ဆန်းသလား ကျေပြီလေ ” ဟု ပြောသည်
ဒီလိုနဲ့ ကျွန်မတို့ တယောက်တခွန်း ပြောကြ ဆိုကြနဲ့ ၄ နာရီလောက်ကနေ မနက် ၅ နာရီထိ ကြာသွားခဲ့သည်
ပျော်လိုက်တာ ဟားးးးးးးး ကျွန်မ သက်သက် အချိန်ဆွဲထားတာလေ ဒါမှ နေရန်နိုင် အရည်ပျော်သွားအောင်လို့
နောက်ဆုံးတော့ ဦးမင်းပိုင်တို့က သူတို့နဲ့ ကျွန်မ ပက်သတ်ပုံ သူတို့ ဘာအလုပ်လုပ်တယ် ဘာညာဆိုတာကို စာရွက်ပေါ်တွင် ချရေးပြီး ရဲကိုပေးခဲ့ရသည် ဒီ့အတွက် ကျွန်မတို့ အားလုံး မနက် ၆ နာရီမှပဲ စခန်းက ပြန်ထွက်လာရလေသည်
ကျွန်မကတော့ တော်တော်လေး ပျော်တယ် ဘာလို့လဲဆိုတော့ ခုချိန်မှာ နေရန်နိုင့်ကို သူတို့ဘယ်လိုမှ မကယ်နိုင်တော့ဘူးလေ ကျွန်မက မီးခလုတ်တွေပိတ်ခဲ့တာကိုး
ထင်သည့်အတိုင်းပင် မနက် ၈ နာရီလောက်ကျတော့ ဦးမင်းပိုင်တို့ လင်မယား ကျွန်မဆီကို ဒေါနဲ့မောနဲ့ ရောက်လာခဲ့သည်
“ နေရန်နိုင် ဆုံးပြီ အဲဒါ မင်းသတ်တာ မင်း ခလုတ်တွေ အကုန်ပိတ်ခဲ့တာလေ မင်းက မင်းရဲ့မောင်ကို သတ်လိုက်တာပဲ ” ဟု ဆိုသည်
“ အိုးးး ဟိုးး.. ဟိုးး စွပ်စွဲချက်က ပြင်းထန်လှချည်လား ကျွန်မသတ်တာမဟုတ်ရပါဘူး ရှင် နေရန်နိုင်က အစကတည်းက သေလူပဲ ကျွန်မက ရှင်တို့ မီတာ ခ တွေကုန်မှာစိုးလို့ ချွေတာပေးတဲ့ သဘောပါ ” ဟု မခန့်လေးစား မထိတထိ ပြန်ပြောလိုက်သည်

ဒီ့အတွက် ဦးမင်းပိုင်တို့ လင်မယားက ကျွန်မကို တရားစွဲခဲ့လေသည် ထို့အတွက်ခုချိန်တွင် ကျွန်မသည် တရားတခွင်နှင့်ရင်ဆိုင်နေရလေသည်
ဟုတ်တယ် ကျွန်မမှာ ပိုင်ဆိုင်တာဘာမှ မရှိတော့ပါဘူ ဒါပေမယ့် ရှေ့နေကောင်းကောင်း ၂ ယောက်တော့ကျွန်မမှာရှိသည် ကျွန်မမှာ ပိုက်ဆံမရှိပါ ရှေ့နေငှားဖို့ ပိုက်ဆံလဲမရှိပါ သို့သော် ခုချိန်တွေကျွန်မသည် ဒီလူသတ်မှုနဲ့ပတ်သက်ပြီးတော့ တော်တော်လေးကို ပေါ်ပြူလာဖြစ်နေသည့်အတွက် ရှေ့နေ ၂ ယောက်က အခမဲ့ ကျွန်မကို ရှေ့နေလိုက်ပေးခြင်းပင် ကျွန်မရဲ့ ပုံတွေ ကျွန်မအကြောင်းတွေ သတင်းစာထဲမှာ တီဗွီထဲမှာ ပါလာခဲ့သည် လူတွေက ပြောကြသည် ကျွန်မလုပ်ရပ် မှန်သည် တဲ့
ဟားဟားးးးးးးးးးးးးး သေချာပါတယ် ကျွန်မ လွတ်မှာပါ ဒီတော့ နေရန်နိုင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ကျွန်မပဲ ပိုင်မှာပေါ့

ကျွန်မရှေ့နေက ကျွန်မဘက်က လျှောက်လဲချက်ပေးသည်
“ မောင်နေရန်နိုင် က AIDS ရောဂါ ခံစားနေရတဲ့ သေခါနီး လူနာတဦးပါ ဦးမင်းပိုင်တို့က နေရန်နိုင့်ကို အိပ်ဆေးတွေပေးသောက်ထားပြီးတော့ အပူချိန် အနှုတ် ၁၉၆ ဒီဂရီမှာ ရေခဲရိုက်ထားခဲ့ပါတယ် ဘယ်လူ တဦးတယောက်ကမှ ဒီလောက် ရေခဲတမျှ အေးနေတဲ့ နေရာမှာ မနေနိုင်ပါဘူး ဒီတော့ လူသတ်တရားခံဟာ ဒေါ်ပန်းမမ မဟုတ်ခဲ့ပါဘူး တရားသူကြီးမင်း ဦးမင်းပိုင်တို့ လင်မယားသာ ဖြစ်ပါတယ် ဒေါ်ပန်းမမ လျှပ်စစ်မီးခလုတ်ကို မပိတ်ခင်ကတည်းကပင် နေရန်နိုင်ဟာ သေပြီးသား လူတယောက်ဖြစ်နေခဲ့တာပါ ဒီ့အတွက်ကြောင့် လူသေကို သတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား တရားသူကြီးမင်း ”

ဒီလိုနဲ့ ကျွန်မ တော်တော်လေး ကျော်ကြားလာခဲ့တယ် သတင်းစာတွေ ရုပ်မြင်သံကြားတို့က ကျွန်မကို ပိုက်ဆံပေးကာ ကျွန်မ ဇာတ်ကြောင်းကို ပြောပြဖို့ ကမ်းလှမ်းလာခဲ့တယ် ကွန်မရဲ့ ရှေ့နေက ကျွန်မကို အဲဒါတွေ မလုပ်ဖို့တားမြစ်ခဲ့တယ်
အို... ဘယ်လိုပဲဖြစ်ဖြစ်လေ ကျွန်မရဲ့ နောက်ဆုံး တရားခွင်ကို သွားပြီးရင် ကျွန်မလွတ်မှာပဲ ကျွန်မမှာမှ အပြစ်မှမရှိပဲ ချမ်းချမ်းသာသာနဲ့ ကျွန်မ လွတ်မှာပဲ

ဒီနေ့တော့ ကျွန်မရဲ့ ရှေ့နေက ကျွန်မကို အားလုံးရှေ့မှာ မေးခွန်းတွေ မေးခဲ့သည် ထို့နောက် ရဲဘက်က ရှေ့နေက မေးမြန်းရန် မတ်တပ်ရပ်လိုက်သည်
ရဲဘက်က ရှေ့နေက အမျိုးသမီးပါ ထက်ထက်မြက်မြက်နဲ့ ပါးနပ်ပုံရှိသည် ဒါတွေ ကျွန်မ ဂရုမစိုက်ပါဘူး အဲဒီရှေ့နေမတို့ ဘက်က Cryonics ဆိုတာဖြစ်နိုင်တယ် ဆိုပြီး သက်သေ သရကာတွေနဲ့ ဆရာဝန်တယောက်ကို ခေါ်ကာ မေးမြန်းခဲ့တယ် ဒါပေမယ့် ကျွန်မတို့ဘက်က မဖြစ်နိုင်ဘူး ဆိုတဲ့ ဆရာဝန် ၄ ယောက်နဲ့ မေးမြန်းခဲ့တာပဲ ဒီတော့ စိုးရိမ်စရာမရှိပါဘူး ကျွန်မ ရှေ့နေ ပြောသလိုပဲ ကျွန်မက လူသေကို သတ်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ

“ ဒေါ်ပန်းမမ ရှင့်ရဲ့မောင် နေရန်နိုင်ကို ရှင်ချစ်သလား ” ဟု ရှေ့နေမ က ကျွန်မကို မေးခဲ့သည်
“ ဟင့်အင်း မချစ်ဘူး ”
“ အို... ဘာအတွက်ကြောင့်ပါလဲ ”
ဒါနဲ့ ကျွန်မလဲ ကျွန်မ ငယ်စဉ်က အကြောင်းတွေ သူက ကျွန်မဆီက အားလုံးလုယူသွားတဲ့အကြောင်း ပြီးတော့ သူချမ်းသာပေမယ့် ကျွန်မကို ဘာမှမပေးဘဲ သန့်ရှင်းရေး လုပ်တဲ့လူတယောက်အဖြစ်သာ ဆက်ဆံကြောင်း အားလုံးကိုပြောပြသည် ကျွန်မ ရှေ့နေကတော့ မျက်နှာပျက်နေသည် ဟုတ်တယ်လေ အမှန်ဆို အဲလို လျှောက်လို့မှ မကောင်းဘဲ ဒါပေမယ့် ကိစ္စမရှိပါဘူး ကျွန်မက နောက်တပတ်ဆို လွတ်တော့မှာပဲ ကျွန်မမှာမှ အပြစ်မှ မရှိဘဲ
“ ရှင့်ရဲ့ မောင် မှာ AIDS ရောဂါ စွဲနေတာ ရှင်သိမှာပေါ့နော် ”
“ အင်း... ဦးမင်းပိုင် တို့ ပြောလို့သိရပါတယ် အရင်က မသိဘူး ”
“ ဟုတ်ပြီလေ ဒါပေမယ့် ရှင်က ရှင့်ရဲ့မောင်ကို ဆေးတွေယူပေးခဲ့တယ် ဟုတ်တယ်မလား ” ဟု ရှေ့နေမက မေးသည်
“ ဟုတ်တယ် ဘာလို့လဲ ”
“ ဘာဖြစ်လို့ ဆရာဝန် နဲ့ မတိုင်ပင် မပြသလဲ ” ဟု ထပ်ဆင့်မေးပြန်သည်
“ ဘာလို့လဲ ဆိုတော့ ကျွန်မက သူနာပြုတယောက် ပြီးတော့ သူ့ရဲ့အမ သူက ကျွန်မ ကို ယုံတယ်လေ ”
“ သိပ်မှန်တာပေါ့ သူက ရှင့်ကိုယုံတယ်လေ သူ့ရဲ့အမ တယောက်အနေနဲ့ပေါ့ ”
အဲဒီနောက်မှာ တရားခွင်တခုလုံး တိတ်ဆိတ်သွားခဲ့သည် ရှေ့နေမက သူ့ရဲ့ အိတ်ထဲကနေ ဆေးထိုးပြွန်တချောင်းကို ထုတ်လိုက်သည် ပြီးတော့ကျွန်မ ကို ပြလေသည်
“ ဒီဆေးထိုးပြွန်ကို မြင်ဖူးလား ဒေါ်ပန်းမမ သေချာကြည့်ပါ ”
“ မသိဘူး မြင်ဖူးမယ် ထင်တယ် ”
“ ထင်တယ်လို့ရှင်ပြောတယ်နော် ဒီဆေးထိုးပြွန်မှာ ရှင့်ရဲ့လက်ဗွေရာတွေ ပါနေတယ် ဒေါ်ပန်းမမ ဒီဆေးထိုးပြွန်က ဆေးရုံကယူလာတာလေ ဒီဟာကို ကျွန်မတို့ နေရန်နိုင်ရဲ့ အိပ်ယာဘေးကနေတခြား ဆေးထိုးပြွန် ၂ ခုနဲ့အတူတွေ့တာပဲ ရှင် ဆေးရုံက ခိုးလာပြီးတော့ ရှင့်မောင်ကို ပေးခဲ့တယ် ဟုတ်တယ်မလား ”
ကျွန်မ ဘာပြန်ပြောရမယ်မှန်းမသိခဲ့ဘူး တော်တော်ကြာတော့မှ
“ အင်း........ ဟုတ်တယ် ”
“ ဘာလို့ ဒါတွေကို ဆေးရုံကနေ ခိုးခဲ့တာလဲ ” ဟု ရှေ့နေမက မေးသည်
“ နေရန်နိုင့်ကို ကူညီချင်လို့လေ သူ သီချင်းကောင်းကောင်း ဆိုနိုင်အောင်လို့ ပြီးတော့ တခြားက ရှာဝယ်ရင် အန္တရယ်ရှိလို့ သူ့ကို လုံခြုံစိတ်ချ သန့်ရှင်းတဲ့ ဆေး တွေပေးခဲ့တာပဲ ” ဟုလျှောက်လဲချက်ပေးသည်
“ သန့်ရှင်းတဲ့ဆေးလို့ ရှင်ပြောခဲ့တယ်နော် ဒီ ဆေးထိုးပြွန်ထဲမှာ ဘာတွေ ပါလဲ ရှင်သိလား ”
“ စိတ်ချ ရတဲ့ ဆေး သူလိုချင်တဲ့ သန့်စင်တဲ့ ဆေး တွေပါတာပေါ့ ”
“ မဟုတ်ဘူး ဒေါ်ပန်းမမ ဒီဆေးတွေက စိတ်မချရသလို ရှင်ပေးတဲ့ဆေးထိုးပြွန်တွေထဲမှာလဲ ဘက်တီးရီးယားတွေရှိတယ် အဲဒီ ဘက်တီးရီးယား ပိုးတွေက ကျန်းမာနေတဲ့ လူတယောက်ကိုတောင် သေစေနိုင်လောက်အောင် အစွမ်းရှိတယ်လေ AIDS ရှိတဲ့ လူတယောက် ဆို ပြောမနေနဲ့တော့ပေါ့ ဒီတော့ရှင်က ဆေးထိုးပြွန်ကို ဆေးရုံကနေ ယူလာပြီးတော့ ရှင့်ရဲ့မောင်ကို ပေးတယ် ဆိုလိုတာက ဆေးထိုးပြွန်တွေက အသစ်တွေ မဟုတ်ဘူးပေါ့ သူများသုံးပြီးသားတွေလေ အဲဒီဆေးထိုးပြွန်ကနေ တဆင့် ရှင့်မောင်က AIDS ဆိုတဲ့ရောဂါကို ရတာပဲ ”
ရှေ့နေမက ဆေးထိုးပြွန်ကို စားပွဲပေါ်တင်ပြီးတော့ ကျွန်မကို တချက်ကြည့်လိုက်သည် ထို့နောက်
“ ကျွန်မတို့ ရှင့်မောင်ရဲ့ အိပ်ယာဘေးကနေ ဒီဆေးထိုးပြွန် ၃ ချောင်းကို တွေ့တယ် ရှင့်လက်ဗွေရာတွေပါ ပါတယ် ဒီ ဆေးထိုးပြွန်ထဲမှာဘာလို့ ဒီလိုကြောက်မက်ဖွယ် ဘက်တီးရီးယားတွေ ပါနေတာလဲ ရှင်သိလား ”
“ ဟင့်အင်း ... မသိဘူး ”
“ မသိဘူး ဟုတ်လား ဒေါ်ပန်းမမ ရယ် ထူးဆန်းလိုက်တာရှင် ကျွန်မတောင် ဘာလို့လဲ ဆိုတာ သိသေးတာပဲ ဒီတရားရုံးမှာ လာနာကြားတဲ့ ပရိတ်သတ်တွေလဲ သိမှာပဲလေ ဘာလို့လဲဆိုတော့ ရှင်က ရှင့်မောင်ကို မုန်းတယ် သူက ချမ်းသာတယ် ရှင်က ဘာမှမရှိဘူး သူက ရှင့်ကို ဘာမှမပေးဘူး သူ့ကို ရှင်က ဆေးရုံကနေ ဆေးတွေခိုးယူပေးတယ် ဆေးထိုးပြွန်ရောပေါ့ သူက ရှင့်ကိုယုံတယ်လေ အမ တယောက်အနေနဲ့ရော သူနာပြုတယောက် အနေနဲ့ပေါ့ ”
ရှေ့နေမက ပြုံးကာ ဆက်ပြောလေသည်
“ အဲလို ရှင့်ကို ယုံတာ နေရန်နိုင်ရဲ့ အကြီးမားဆုံး အမှားကြီးတခုပဲပေါ့ ဟုတ်တယ်မလား ဒေါ်ပန်းမမ ရှင်က သူ့ကို သေစေချင်တာလေ ဘာလို့လဲဆိုတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ရှင်လိုချင်တာလေ ဦးမင်းပိုင်တို့လိုပေါ့ ဒါကြောင့် ရှင်က ဘက်တီးရိးယား ပါတဲ့ ဆေးထိုးပြွန်တွေကို သူ့ကိုပေးပြီးတော့ ရှင်တဖြေးဖြေးချင်းသတ်ခဲ့တာပဲလေ ”
တရားခွင်ရှိ လူအားလုံးက ကျွန်မကို ကြည့်နေကြသည် ကျွန်မမှာ ပြောစရာ စကားတလုံးမှ မရှိခဲ့ပါ ဘာလို့လဲဆိုတော့ အဲဒါတွေ အားလုံးက အမှန်တွေချည်းဖြစ်နေလို့ပေါ့
“ ဒေါ်ပန်းမမ ရှင် ပလပ်ပေါက် ကိုဖြုတ်လိုက်တာ ရှင့်ရဲ့မောင်ကို သတ်တာမဟုတ်ဘူးဆိုတာ ကျွန်မတို့အားလုံးသိတယ် ဒါပေမယ့် ရှင်က နေရန်နိုင့်ကို သတ်ဖို့ကြိုးစားနေခဲ့တာလေ တဖြေးဖြေးချင်းပေါ့ ဘက်တီးရီးယားပါတဲ့ ဆေးထိုးအပ်တွေကို ပေးသုံးပြီးတော့ ဖြေးဖြေးချင်း ရှင်က နေရန်နိုင့်ကို သတ်ခဲ့တာပဲ ဒီတရားရုံးက ရှင့်ကို လူသတ်မှုနဲ့ ထောင်ချလိမ့်မယ်လို့ ကျွန်မ ယုံတယ် ” ဟု ရှေ့နေမ က နောက်ဆုံး အပြီးသတ်လျှောက်လဲ ချက်ပေးခဲ့သည်

တရားခွင်ရှိ လူအားလုံးမျက်နှာမှာ စက်ဆုပ်ရွံရှာတဲ့ အကြည့်တွေကို ကျွန်မတွေ့ရသည်
ကျွန်မ ကျောရိုးထဲ စိမ့်နေအောင် ခံစားလိုက်ရသည် ကျွန်မ ခန္ဓာကိုယ်တခုလုံး အေးစက်သွားသည် ကျွန်မ freezer ထဲရောက်နေသလို ခံစားလိုက်ရသည်

----------

Death in the freezer by Tim Vicary ကို ဘာသာပြန်ပါသည် မြန်မာ နံမည်များမှလွဲ၍ ဇာတ်လမ်းအားလုံး တူတူပါပဲရှင်

အားပေးမှုကို ကျေးဇူးတင်ပါသည်

ပထမပိုင်းဖတ်ရန် ...

10 comments:

ရွှေရတုမှတ်တမ်း said...

မယ်ဝက်..

ဘယ်ပျောက်နေတာလဲ

sosegado said...

စီတ်ဝင်စားစရာ ဇာတ်လမ်းလေးပါပဲ၊ လောဘနှင့် အမုန်းကိုပြထားတာကို၊

သိင်္ဂါကျော် said...

စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပဲ.. နောက်လည်း လုပ်ပါဦး..။
မအားလို့ ခုမှလာဖြစ်တယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာသာပြန်ကိုး
ပြီးတော့မှ သိတော့တယ်
ဝက်က တော်လာပြီ.. စာရေးကောင်းလာတယ်..
များများရေးနော် ရွှေဝက်... အားပေးတယ်
ညီမလေးက ငယ်ငယ်လေးနဲ့ ဒီလိုရေးလာနိုင်တာ ချီးကျူးပါတယ်.. နောက်ဆို အများကြီးရေးလာနိုင်မှာပေါ့
ကျားယို့း)

မြစ်ကျိုးအင်း said...

မထင်ထားတဲ့လှည့်ကွက်လေး (ရောဂါပိုးတွေရှိတဲ့ဆေးထိုးအပ်ကို ပေးသုံးတာ) နဲ့ အဆုံးသတ်သွားလို့ ဖတ်ကောင်းတယ်။
နောက်ထပ်လည်း ဘာသာပြန်ပဲဖြစ်ဖြစ် ကိုယ်တိုင်ရေးပဲဖြစ်ဖြစ် ထပ်ရေးအုံးး။

kiki said...

ဒို့ ဝက်ကလေး ၊ တော်တယ် ဟေ့ ။ စာဖတ်အား စာရေးအား ကောင်းလာတယ် ။လျှို့ ဝှက်သဲဖို လေးတွေ ဆက်လုပ်ပါအုံး။

Cryosurgery ဆိုတာတော့ ခုလောလောဆယ် ခွဲစိပ်တဲ့နေရာမှာ အသုံးပြုနေကြတာလေ ၊ liquid nitrogen သုံးပြီး ကြွက်နို့ လို ဟာမျိုး အရေပြား ရောဂါတွေ ကို ကုလို့ ရတယ် ။ တချို့  ကင်ဆာလုံးတွေကို ကျူံ့ စေတယ် ။ သွေးမထွက်ဖူးပေါ့ ။

ဝက် ဗမာပြည် ပြန်ရင် အဲ့လို Cryonics Company ဖွင့်ပါလား ဟင် .. ရှယ်ယာ ပါမယ် လေ ။
ဝက်ကို ရေခဲရိုက်ချင်ရင်ရော ဘယ်လောက် ဒီဂရီထားပေးရမလည်း နော်..း))

မကိ

ဝက်ဝံလေး said...

ကျေးဇူး မကိရေ များက Cryonics ဆိုတာ ဘာလဲမသိဘူးဗျ အင်္ဂလိပ် တူ မြန်မာ အဘိဓာန်ထဲမှာ မပါဘူးရယ် ဒါနဲ့ အီးတူအီး ရှာတော့ တွေ့တာ
ခုမှသိတာ အဲဒါကို
“ ဝက်ကို ရေခဲရိုက်ချင်ရင်ရော ဘယ်လောက် ဒီဂရီထားပေးရမလည်း နော်..း))”
မလုပ်ပါနဲ့ မကိရယ် များတို့က အဲလောက် မချမ်းသာပါဘူး အဲဒါ ပိုက်ဆံကုန်တယ်မလား သဘာဝ အတိုင်းပဲ ကောင်းပါတယ် လူဆိုတာ သေမျိုးမလား ခစ်ခစ် လူကြီးကို ဆရာ လုပ်တယ် ငါကွ ဟဟဟဟ

အားပေးတဲ့ ပိတ်သတ်များ အားလုံးကျေးဇူးပါ ရှင် ......

မောင်လေးတော် said...

ဖဘမှာ အားမရလို့ ဒီမှာပါ ထပ်လာဖတ်ပါတယ်
စာပြောတာနော်..စာ..စာ:D

မျက်မှန်လေး said...

ဝံလေးရေ... မန့်ပြီးတော့မှ ဖတ်တော့မယ်။ ဟီးဟီး. ကဲခုစဖတ်ပြီ။။။

မျက်မှန်လေး said...

daw gyi wat.....finally ga daw pann ma ma a phan khan ya larr?? loot twar tar lar?