ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံအားဖြင့်စောင့်ထိန်းကျင့်သုံးအပ်သည့် သီလများကို
“ စာရိတ္တသီလ ” နှင့် “ ၀ါရိတ္တသီလ ”ဟူ၍ နှစ်မျိုးခွဲခြားထားသည်။
စာရိတ္တသီလဟူသည်မှာ ပြုရမည့်ဝတ္တရားအသွယ်သွယ်ကို မငြင်းမပယ်ပြုကျင့်လိုက်နာခြင်းဖြစ်သည်။ ၀ါရိတ္တသီလဟူသည်မှာ မသင့်လျော်မမှန်ကန်သဖြင့်
တားမြစ်ထားသောအရာများကို မပြုလုပ်ဘဲရှောင်လွှဲနေခြင်းဖြစ်သည်။
ရှောင်ကျဉ်အပ်သော အရာများကို 'ဒုစရိုက်'ဟုခေါ်ပါသည်။ဒုစရိုက်၏တခုခြင်းအဓိပ္ပာယ်မှာ
(ဒု= မကောင်းသော။ စရိုက်/စာရိတ္တ=အကျင့်) ဟုဆိုလိုပါသည်။
ဒုစရိုက် (၁၀)မျိုးရှိပါသည်။ ယင်းတို့မှာ ကိုယ်ဖြင့်ပြုသော ဒုစရိုက်(ကာယကံ) (၃)ခု၊ နှုတ်ဖြင့်ပြုသော
ဒုစရိုက်(၀စီကံ) (၄)ခု၊ စိတ်ဖြင့်ပြုသော ဒုစရိုက်(မနောကံ) (၃)ခုတို့ဖြစ်ပါသည်။
စကားပြောခြင်းဟူသည်မှာ နှုတ်မှ(၀စီကံ)တွင် အကျုံးဝင်ပါသည်။ ၀စီကံဒုစရိုက်(၄)ခုမှာအောက်ပါအတိုင်း
ဖြစ်သည်။။
(၁) မဟုတ်မမှန်ပြောဆိုခြင်း (မုသာဝါဒ)
(၂) ကုန်းချော၊ ကုန်းတိုက် ပြောခြင်း (ပိသုဏ၀ါစာ)
(၃) ကြမ်းတမ်းစွာပြောခြင်း (ဖရုဿဝါစာ)
(၄) အကျိုးမဲ့ ၊အချည်းနှီး ပြိန်ဖျင်းစကားပြောခြင်း (သမ္ဖပ္ပလာပ၀ါစာ)
ကာယသုစရိုက် သုံးပါး
သတ်သတ်ခိုးခြင်း မှားယွင်းကာမ ဤသုံးဝ မှတ်ကြ ကာယကံ
ဝစီဒုစရိုက် လေးပါး
မုသားကုန်းတိုက် ရိုင်းမိုက်ကြမ်းညစ် အနှစ်မပါ
ပြောဆိုကာ လေးဖြာ ဝစီကံ
မနောဒုစရိုက် သုံးပါး
သူ့ပစ္စည်းကို ရလိုတွေးကြံ သူပျက်ရန်ကို ကြံစည်စဉ်းစား
အယူမှား သုံးပါးမနောကံ။
ကိုယ်သုံးနှုတ်လေး စိတ်တွေးသုံးသာ ဤဆယ်ဖြာ မှတ်ပါ ဒုစရိုက်။
ဒုစရိုက်တရား ပြုသူများ လားရ ပယ်လေးတန် သုစရိုက်တရားကျင့်သူများ လားရ နတ်နိဗ္ဗာန်
(ချမ်းမြေ့ဆရာတော်)
လူသားတွေအတွက် အပြောကတော့ အရေးကြီးဆုံးပါပဲ
“ နှုတ်ကြောင့်သေ လက်ကြောင့် ကြေ ” ဆိုသလိုပါပဲ
မြတ်စွာဘုရားက ရှင်ရာဟုလာကို ဒီလိုလေး ဟောကြားခဲ့ပါတယ်
အပြော (၀စီကံ)
ပြောမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
ကာယ နဲ့ မနော လဲ ဒီတိုင်းပါပဲ
ဤ၀စီဒုစရိုက်(၄)မျိုးတို့ကို ကျွန်ုပ်တို့သည် တစ်ခုမဟုတ်တစ်ခု နေ့စဉ်နှင့်အမျှကျူးလွန်မိလျက်သားဖြစ်နေ
ကြလေသည်။ ၀စီဒုစရိုက်လေးမျိုးကို ရှောင်ကြဉ်အပ်သည်ဟုသိထားကြသောဗုဒ္ဓဘာသာဝင်တို့သည်လည်း နေ့စဉ်ဘ၀များတွင် သိလျက်နှင့်ကျူးလွန်မိတက်ကြပါတယ်။
မုသားပြောကြားခြင်းသည် အလွန်အန္တရာယ်ကြီးပါတယ်။ လူအချင်းချင်းတို့သည် စကားကိုအားကိုးပြီးယုံထိုက်မယုံထိုက် ဆုံးဖြတ်ကာဆက်ဆံရခြင်းဖြစ်ရာ မမှန်သောစကားကိုအားကိုးက
လောကသည် လိမ်လည်မှုအမှားများဖြင့် အတိပြီးကာ ကမောက်ကမဖြစ်သွားပါလိမ့်မယ်။ မုသားဆိုရာတွင်
အရာဝတ္တုက ဟုတ်မှန်ပါလျက်မဟုတ်ဟုပြောခြင်းသည်လည်းကောင်း၊ အရာဝတ္တုကမဟုတ်မှန်ပါလျက်နှင့်
ဟုတ်မှန်ပါသည်ဟု ပြောဆိုခြင်းသည်လည်းကောင်းနှစ်မျိုးစလုံးမုသားထိုက်ပေသည်။
မုသားမြောက်ခြင်းအင်္ဂါလေးရပ်ရှိပါတယ်...ယင်းတို့မှာ..
(၁) မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊
(၂) မဟုတ်မမှန်ပြောဆိုခြင်းဖြင့် သူတစ်ပါးအားအမှားသိစေလိုသောစိတ်ဆန္ဒရှိခြင်း။
(၃) ထိုစိတ်ဆန္ဒအတိုင်း ကိုယ်နှုတ်လုံ့လပြုခြင်း၊
(၄) တစ်ဖက်သားကလည်းအမှားကိုသိသွားခြင်းတို့ဖြစ်သည်
'မုသားပြောသောပုဂ္ဂိုလ်မှာ မလုပ်ရဲတဲ့အကုသိုလ်ဘာမှမရှိတော့'ဟုဆိုပါသည်။ (ဤတွင် မှတ်သားစရာကောင်းလှသော ဗုဒ္ဓသြ၀ါဒတစ်ရပ်ရှိပါသည်။ မမှန်သောစကားကိုပြောခြင်းသည် အပြစ်ဖြစ်သည်ဆိုလျှင် အမှန်ကိုမပြောဘဲတိတ်ဆိတ်စွာနေခြင်းသည်ကော အပြစ်မြောက်ပါသလားဟူသောအချက်ဖြစ်သည်။ မြတ်စွာဘုရားရှင်က နှစ်မျိုးခွဲပြ၍မိန့်ကြားတော်မှုခဲ့ပါသည်။
အကျိုးမရှိလျှင် ဘာမျှမပြောသော်လည်းပြောသင့်၍ ပြောခြင်းသည်မေတ္တာပင်ဖြစ်သည်။ ပြောသင့်ပါလျက်
မပြောခြင်းသည် တာဝန်မကျေမှုပင်ဖြစ်၍ အပြစ်ထိုက်ပါသည်။မုသာဝါဒ ပြောဆိုခြင်း၏ အပြစ်ကို ချမ်းမြေ့ဆရာတော်က
မုသာဝါဒီ ထိုသူသည်ကား
ပလီပလာ သစ္စာမတည် ပြောတတ်သည်မို့
မပီစကား မညီသွားနှင့် ပုပ်ညား ပါးစပ်
ကိုယ်ခြောက်ကပ်လျှက်
ညစ်ထပ်အိနြေ္ဒ ကိုယ်နေမလှ
သြဇာကျ၏ နှုတ်ကကြမ်းထော်
စိတ်လက်ပေါ်၍ သေသော် ဒုက္ခတိ
လားရဘိသည် ရ၏ ဆိုးကျိုးများစွာတည်း ။
(လိုအပ်တာရှိလျှင် ပြန်ရေးသူ အပြစ်ဖြစ်ကြောင်း စာအုပ်မရှိသောကြောင့် ငယ်ငယ်က ရွတ်ခဲ့ရတာကို ပြန်ချရေးလိုက်ရပါသည်)
ကုန်းချော ကုန်းတိုက် ပြောဆိုခြင်းသည်လည်း လွန်စွာအန္တရာယ်ကြီးလှပါသည်။ မှန်ကန်သောဆက်ဆံရေးဖြင့် သင့်မြတ်နေသည့်နှစ်ဦး နှစ်ဖက်ကြား အထင်အမြင်လွဲမှားအောင် သံသယမှ
အာဃာတအထိကြီးထွားအောင် ကုန်းချောစကားပြောခြင်းသည် ပြောသူအတွက်သာမက နာသူအတွက်ပါ
အန္တရာယ်ကြီးမားလှပါတယ်။ ပိသုဏ၀ါစာသည်နားလည်မှု၊ မေတ္တာတရား၊ စာနာခြင်းများနှင့်ငြိမ်းချမ်းရေးကို
ခြိမ်းခြောက်ပျက်စီးစေသော ဧရာမ မကောင်းမှုဒုစရိုက်ပင်ဖြစ်ပါသည်။
သာဓက ပြရသော်.....
ကသပ ဘုရားရှင်လက်ထပ်တော်အခါတုံးက အမျိုးသား ၂ ယောက်တို့သည် ရဟန်းပြုပြီးလျှင် အကျင့်သီလနှင့်ပြည့်စုံ၍ ရွာငယ်တခုတွင် နေထိုင်သီတင်းသုံးကြလေသည် ထိုနေရာသို့ ယုတ်မာသော အလိုဆိုးရှိသော အာဂန္တုရဟန်းတပါး ရောက်လာလေသည် ထိုရဟန်းအား ကျောင်းနေရဟန်းတို့သည် ခရီးဦးကြိုဆိုပြုလျက် နေရာပေးကြလေသည်
၂ ရက်မြောက်နေ့တွင် ထို အာဂန္တုရဟန်းကို ခေါ်၍ ဆွမ်းခံထွက်ကြလေသည် ရွာသူရွာသားတို့ မြောက်မြားစွာသော လှူဖွယ်ဝတ္ထု တို့ကို လောင်းလှူကြသည် အာဂန္တုရဟန်းသည် ရွာသူရွာသားများ၏ စေတနာ သဒ္ဓါတရား ကောင်းခြင်း ကျောင်းသင်္ခမ်း၏ အာဝါသနှင့် ပြည့်စုံခြင်းတို့ကို တပ်မက်၍ ကျောင်းနေ ရဟန်း ၂ ပါးတို့ကို မသင့်မြတ်အောင် ကုန်းတိုက်စကား ပြောကြားလေသည် ပြောစတွင် ရဟန်း ၂ ပါးသည် မယုံကြည်ကြသော်လည်း အကြိမ်ကြိမ်ပြောပါများလာသောအခါတွင် ထို ရဟန်း ၂ ပါးတို့သည် အချင်းချင်း စကားမဆို အရိုအသေမပြုကြတော့ဘဲ ကာလရှည်မြင့်စွာ ဖြစ်သော အချစ်သည် ဖြန်းဖြန်းကွဲ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် အသီးသီး ချမ်းသာရာအရပ်သို့ သွားကြကုန်၏
ကုန်းတိုက်သော ရဟန်းသည် သူတော်ကောင်းရဟန်း ၂ ပါး၏ ချစ်ခြင်းကို ခွဲမိလေပြီဟု နောင်တကြီးစွာရပြီး ဝပ္ပဋိသာရ = စိတ်နှလုံးပူပန်မှု နှိပ်စက်သောကြောင့် စိုးရိမ်ခြင်းအဟုန်ဖြစ်၍ နာမကျန်းဖြစ်လျက် မကြာမီသေလေသည် ထို ကုန်းတိုက်မိသော ပိသုဏဝါစာကံကြောင့် အဝီစိ ငရဲကျနေလသည်
ရဟန်း ၂ ပါးလည်း နောက်ကာလတွင် အကျိုးအကြောင်းကိုသိသဖြင့် အချင်းချင်းမိမိတို့ ကျောင်းသို့ပြန်လာပြီးလျှင် တပါးနှင့်တပါး သည်းခံခွင့်လွှတ်၍ မေတ္တာဗြဟ္မစိုရ်ဖြင့် နေထိုင်ကြလေ၏ ပိသုဏဝါစာကံ (ကုန်းတိုက်ခြင်း) ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သံဝေဂ ယူ၍ ရဟန်းတရား အားထုတ်ကြရာ အရဟတ္တဖိုလ် သို့ ရောက်ကြလေသည်
ထိုကုန်းတိုက်သော ရဟန်းမှာမူ ဘုရားတဆူနှင့် တဆူကြားကြာမြင့်စွာသော ကာလပတ်လုံး ငရဲတွင် ကျခံရပြီး ဂေါတမမြတ်စွာဘုရား လက်ထက်ဝယ် ရာဇဂြိုဟ်ပြည်၏ အနီးတွင် ပူတိမုခပြိတ္တာဖြစ်ရလေသည် ထိုပြိတ္တာ၏ ကိုယ်ကား ရွှေအဆင်းနှင့် တူ၏ ခံတွင်းမှ ပိုးလောက်တို့သည် ထွက်ကုန်သည် ထိုမှ ဤမှ ခံတွင်းကို ခဲကုန်၏ အရပ်ထက်ဝန်းကျင် ပျံ့နှံ့၍ မကောင်းသော အနံ့လှိုင်ပြီးလျှင် မစင်ပုပ်ငရဲတွင် ကာလရှည်မြင့်စွာ ခံရလေသည် ပိသုဏဝါစာ၏ အပြစ်ကား ကြောက်မက်ဖွယ်ကောင်းလှပေသည်
ဖရုဿဝါစာ- ကြမ်းတမ်းစွာပြောဆိုခြင်းသည်ကား ဒေါသကိုအခြေခံလျက်မောဟ (မသိနားမလည်ခြင်း)ဖြင့်
မွမ်းမံကာထွက်ပေါ်လာသော ဆဲရေးတိုင်းထွာ ကျိန်ဆဲအပြစ်တင်ခြင်းပင်ဖြစ်သည်။ ကြမ်းတမ်းရိုင်းပျသောစကားလုံးတို့ကို မည်သူမျှမနှစ်သက်ကြပါ။။ ဖရုဿဝါစာ၏ အကျိုးဆက်မှာ အမုန်းနှင့်
ရန်ဖက်ဖြစ်ခြင်းပင်ဖြစ်ပါသည်။
သမ္ဖပ္ပလာပ၀ါစာ- ပြိန်ဖျင်းသောစကားဟူသည်ကား အနှစ်မဲ့၊ အကျိုးမဲ့သောစကားသွမ်း၊ စကားဖျင်း၊
စကားပေါ့များကိုဆိုလိုပါသည်။ လူမှုဘ၀အတွင်းနေထိုင်ရှင်သန်ရသူများအဖို့ ကြိမ်ဖန်ပေါင်းများစွာ
အမှုအမှတ်မဲ့ပြောဆိုဖြစ်သော စကားမျိုးလည်းဖြစ်သည်။ဤစကားမျိုး ပြောဆိုလေ့အကျင့်စွဲသူများမှာ အသိဥာဏ်အလဟဿ ကုန်ဆုံးခြင်းနှင့်တန်ဖိုးမဲ့ လျှပ်ပေါ်သောဘ၀ကို တည်ဆောက်မိခြင်းစသည့်အပြစ်များကို ခံစားကြရမည်ဖြစ်ပါသည်။
“ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ” လို့ ကိုယ်ကတော့ ယုံတယ်လေ
သူတော်ကောင်းတွေရဲ့ ဂုဏ်ရနံ့ဟာ ကောင်းသတင်းလေညှင်းဆောင်ဆိုသလိုပဲ ဟိုး အထက် ဘဝဂ် ထိအောင် ပျံ့နှံ့တယ်ဆိုတာကို ဆောင်ပုဒ်လေးဖြင့် ဖော်ပြထားပါတယ်
သူတောင်းကောင်း၏ ဂုဏ်ရနံ့
စပယ်ကြက်ရုံး ဂမုန်းနှင်းဆီ ပန်းထွေလီတို့ လေပြေလေညှင်း
သူဆောင်ကြဉ်း၍ ပျံ့သင်းမွှေးကြိုင် လေအောင်လှိုင်လည်း မလှိုင်လေညာ
မမွှေးသာဘူး ဆယ်ဖြာသုစရိုက် စုံညီပြည့်မူ ထိုသည့်သူ၏
မွှေးကြူသင်းပျံ့ ဂုဏ်ရနံ့ကား ပျံ့နှံ့အောက်ထက် လေဆန်တက်၍
ဘဝဂ်တိုင်ထိ ပျံ့လှိုင်ဘိသည် သူ၏သီလ ဖြူသောကြောင့်။
(ချမ်းမြေ့ဆရာတော်)
ခုခေတ်မှာတော့ ကိုယ်တို့တွေက စကားကို သိပ်များများစားစား ပြောလေ့မရှိတော့ပါဘူး များသောအားဖြင့် တခုခုဆို Blog ပေါ်တင်လိုက်တာပဲလေ အဲလိုပဲ ဘလော့ဂ်ပေါ်ကနေ စာရေးခြင်းဖြင့် ကုန်းတိုက်ခြင်းများသည်လဲ ဝစီကံမြောက်တယ်လို့ ကိုယ်ကတော့ ထင်တာပဲလေ (ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်).......
အချုပ်ဆိုရသော် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကာယကံ၊ ၀စီကံ၊မနောကံ တည်းဟူသောကံသုံးပါးမှ
ဝစီကံဒုစရိုက် (၄)ပါးကိုအတက်နိုင်ဆုံးစောင့်ထိန်းလျှက်..ကုသိုလ်ဘာဝနာများတိုးပွားကျင့်ကြံအားထုတ်ပြီး
သီလ သမာဓိ ပညာပြည့်စုံကြွယ်ဝကြလျှက် ..ရှေ့ဆက်လျှောက်မည့်ဘ၀လမ်းတိုင်းတွင်
အမှားအယွင်းမရှိစေဘဲ ..မိမိတို့အလိုချင်ဆုံးအတမ်းတဆုံး နိဗ္ဗာန်ခရီးလမ်းကိုတက်လမ်းကြပါစို့လို့
တိုက်တွန်းပြောကြားလိုက်ရပါတော့သည်။ ။ ။
မတည်မြဲခြင်း အနစ္စ ဆင်းရဲခြင်း ဒုက္ခ ပုဂ္ဂိုလ်သတ္တဝါ အတ္တ ငါမဟုတ်ခြင်း အနတ္တသဘောတို့ကို နစ်နောသက်ဝင် အမှန်မြင်လျှက် ခင်မင်မှု သမုဒယ ပယ်နိုင်ကြ၍ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ ချမ်းသာစစ် ချမ်းသာမှန် မြတ်နိဗ္ဗာန်ကို ဧကန်မုချ ရောက်နိုင်ကြရန် သတိပဌာန်လေးပါး မြတ်တရားကို ပွားများအားထုတ်ကြပါစို့။ ။ ။
Credit to : http://nyeinayetun.blogspot.com/2008/10/blog-post_09.html
ပုံပြင်သာဓကလေး ရှာပေးတဲ့ စိုင်း အတ္တ၏ ဒဏ်ရာများ ကို ကျေးဇူးတင်ပါသည်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 months ago



18 comments:
သိပ်တော်တဲ့ သာမီးလေး
ဘယ်သူပေါက်ပေါက် မပေါက်ပေါက် ပါးပါးတော့ သဘောပေါက်လယ်ကွယ်
အနီရောင်ကြီးနဲ့တော့ မလုပ်နဲ့လေး)
ဝက်....ပျောက်လှချည့်လား
စာမေးပွဲရှိလား...
ဝက်မြူးနေတာမတွေ့လို့
ဘလော့ရေးပြီး ကုန်းတိုက်ခြင်း ကင်းဝေးကြပါစေလို့ သံပေါက်လေးနဲ့ ဆိုကြည့်ပါလား
တော်လိုက်တာ ဝက်ကလေးရေ။
ညီမ ပြောသလို ကင်းရှင်းစေချင်တာတော့ အမှန်ပဲ။
မထိ တထိပဲ ဆိုဆို ၊ ထိထိ မိမိပဲ ဆိုဆိုပေါ့။
ပါးပါး သမီးပဲ တော်မှာပေါ့ ဟက်ဟက်
ဝက် မမြူးအားသေးပါဘူး ဘကျောက်ရယ် စာမေးပွဲတော့မရှိဖူးရယ် ဒါပေသိ ကျောင်းပိတ်တော့မယ်လေ assignment တွေတင်ဖို့ရှိလို့ပါ
ဒါရိုက်တာကွက်စ် များကို သူများမုန်းအောင် လုပ်နေလား ဟွင့်
အော်.. ခုပဲ စာပြန်တုံးရှိသေးတယ် ကိုဇော်က ဘယ်ကနေ ဝင်ရေးသွားမှန်းတောင် မသိလိုက်ဖူးရယ်း) ဟီးးးး
ဟုတ်တယ်နော် ကင်းရှင်းရင်တော်တော် စိတ်ချမ်းသာဖို့ ကောင်းမယ်
ကုန်းချော ကုန်းတိုက် ပြောဆိုခြင်းသည်လည်း လွန်စွာအန္တရာယ်ကြီးလှပါသည်။
ဘလော့ဂ်ပေါ်ကနေ စာရေးခြင်းဖြင့် ကုန်းတိုက်ခြင်းများသည်လဲ ဝစီကံမြောက်တယ်လို့…..
ကံသုံးပါးလုံးမြောက်တယ်ထင်ပါသည်၊
ဝက်ကလေးရေ..
ဝစီကံကိုရှောင်ကြဉ်ဖို့ သတိကောင်းလေးပေးလိုက်သလိုပဲ
ဝစီကံက ထိတိုင်းရှတတ်တယ်လို့ ကြားဖူးတယ်..
ခင်မင်စွာ
သဒ္ဓါ
~~မြတ်နိဗ္ဗာန်~~လှမ်းအတူ~~၀က်ကလေးနဲ့ ကွယ်~~
နိဗ္ဗာန်ရောက်ရင် အစားမသောင်းကျန်းရဘူးနော်။။ ဒါဘဲ။
မှန်တယ် မှန်တယ် မှန်တယ်... ဝက်ကလေးရေ.... ပြီးတော့လဲ ရှောင်တယ် ညီမလေးရေ... လုပ်ချင်တဲ့သူတွေ လုပ်ပါစေ... တို့မလုပ်ဘို့ပဲ လိုတယ်နော်....
အသိတွေ သတိတွေကို နှိုးဆော်တဲ့ POST ကောင်းလေး
ပါ။ ကံ ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်သူမို့ 
အတတ်နိုင်ဆုံး...အတတ်နိုင်ဆုံး ကံကြီး(၃)ပါးလုံးကို
အထူးစောင့်ထိန်းရင်း ကြိုးစားနေဆဲပါပဲရှင်။ :)
..တကယ့်စွယ်စုံပါပဲလားနော်..စာရေးသူ..:)
..ခင်မင်လျှက်..ခင်မာလာအောင်..:)
ငှက် ...
နည်းနည်းဆရာကြီးလုပ်ဦးမယ်...။ :P
ဖရုသ၀ါစာ ဿမဟုတ်ဘူး ရိုးရိုး(သ) ပဲရေးရမယ်။
သမ္ဖပ္ပလာပ မှာ ၀ါစာမပါရဘူး။
ပမ္ဖပ္ပလာပ ဆိုရင်ရပြီ။
တကယ်ကင်းရှင်းနိုင်ကြရင်အကောင်းဆုံးပေါ့ ကိုယ့်အတွက်လည်း ဘာမှအကျိုးမရှိ။ သူများအတွက်လည်း အကျိုးမရှိ..
ကိုယ့်စာမျက်နှာတွေသာ ညစ်နွမ်းပါတယ်..
ညီမလေးရဲ့ ပိုစ့်လေးက ကောင်းလိုက်တာ..
သီလရှင်များ ၀တ်တော့မလားဟေ.. ၀တ်မယ်ဆိုရင် ၀တ်စုံလှူချင်တယ်ကွယ်း)
ကျေးဇူး စိုင်း မူရင်းအတိုင်း ဖော်ပြလိုက်လို့ဟ သိတယ်မလား အဲဒါ နာရေးတာမဟုတ်ဘူးလေ
ချောနော် ရွှေချော အဲဒါပဲ ပြောမယ် ဘာာာာာာာာာ ဝတ်စုံလှူမှာလဲ နာမယ် ဟွင့်
သာဓု သာဓု သာဓု ပါ မမ၀က်ရေ....
အနော်လဲ ပါးစပ်ကြီးနဲ့ အ၀ါရည်တွေ သောက်တာဆိုတော့ ၀စီကံရော ကာယကံရော ပေါ့နော်.. .ဆင်ခြင်ပါ့မယ်..
ကိုယ့်ဘာသာဆိုရင် ရှာဖတ်ဖြစ်မယ်မထင်လေ...။ ကိစ္စများမြောင် လူတို့ဘောင်နဲ့ကိုး........း)
ညီမလေးရေးထားတာလေးကို ဖတ်ဖြစ်သွားရတာ......ကျေးဇူးပဲ....။
လိမ္မာလိုက်တာဗျာ....။
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
ကောင်းတယ်ဗျာ ... အလုပ်နေအထား အရဆိုတာကို အကြောင်းပြပြီး တဖြေးဖြေး ၀ဇီ ရိုင်းလာမိတာတဲ့ ကျွန်တော်တို့ကို သတိပေး လိုက်တဲ့ စာလေးပဲ .....
ညီမလေးရေ...
အခုမှပဲရောက်တော့တယ်...
ရေးထားတာတွေကိုဖတ်ပြီး ကိုယ့်ကိုယ်ကို သတိပြုမိတယ်..
ဟုတ်တယ်..၊ အလုပ်ထဲမှာ စိတ်တိုရတာ များလာတော့ ပါးစပ်ကပါ ရိုင်းလာရော..
ဖြစ်တတ်တဲ့သဘောလေးတွေပါပဲ..
ထိန်းနေလျှက်နဲ့ ..း(
Post a Comment