Friday, 12 November 2010

သုံးပွင့်ဆိုင် .....

“ ပိုး ခွင့်ရတယ် ကိုကို မြန်မာနိုင်ငံပြန်မလားလို့ ” ပြောတော့ ကိုကိုက
“ ဘယ်တော့လောက်ဖြစ်မလဲ ” ဟု မေးလေသည်
“ နောက်လ လောက်ဖြစ်မယ် ဘာလို့လဲ ”
“ ဒါဆို အတော်ပဲ ကိုကိုလဲ ဒီက အလုပ်တွေ လက်စသတ်ပြီး holiday ယူပြီး ပြန်လာခဲ့မယ်လေ တွေ့ကြတာပေါ့ ” ပိုးရင်ထဲ အတိုင်းမသိ ကြည်နူးသွားလေသည် ဒါဆို ပိုးက ကိုကိုနဲ့ အပြင်မှာတွေ့တော့မှာပေါ့ နော်

******

၁၀ နှစ်ကျော်လောက် ခွဲခွာခဲ့တဲ့ မြန်မာနိုင်ငံကို ပိုး အလည်ပြန်လာခဲ့လေသည်
၁၀ တန်းပြီးကတည်းက စင်ကာပူကို ထွက်သွားခဲ့သည် အဲဒီမှာပင် ကျောင်းတက်ပြီးတော့ ခု အလုပ်ရကာ နိုင်ငံသားပင် ဖြစ်နေလေသည် ကိုကိုနဲ့ ပိုး တွေ့ခဲ့ကြတာ မဆန်းပါဘူး ရိုးရိုးလေးပါ ကိုကိုက ဘန်ကောက်ကပါ ပိုးက စင်ကာပူက ဒီလိုပဲ အင်တာနက်ထဲကနေ တွေ့ခဲ့ကြတာပါ
ပိုးမှာ ဖျက်မရတဲ့ အတိတ်ရှိခဲ့လေသည် ထို အတိတ်ကို ရှောင်ဖယ်ရန်အတွက် မြန်မာနိုင်ငံမှ စွန့်ခွာခဲ့ခြင်းဖြစ်သည်

*******

“ ပိုး ရေ ... ကိုကို ရန်ကုန်ရောက်နေပြီ ဒီတပတ် စနေနေ့ ကိုကိုတို့ ရန်ကင်းစင်တာ မှာ တွေ့ကြရအောင် ” ဆိုပြီး messagae ပို့ထားတာကို ပိုး မေးလ် စစ်လိုက်တော့တွေ့လေသည်
“ တွေ့မယ်လေ ” ဟု reply ပြန်ခဲ့သည်
ကိုကို့ကို တွေ့ရမယ်ဆိုတော့ ပိုး စိတ်လှုပ်ရှားနေမိသည် ကိုကိုက အပြင်မှာ ပိုး ကို တွေ့လျှင် ဘယ်လိုနေမလဲ
ပိုး ရင်တွေ အရမ်းခုန်နေလေသည်
ချိန်းထားတဲ့ ဆိုင်ထဲသို့ ပိုး ဝင်လိုက်တော့ ပိုးကို ပြုံးပြီး လက်ပြနေလေရဲ့ ထိုသူက ပိုးရဲ့ချစ်သူ ကိုကို လေ
ပိုးလဲ ပြန်လက်ပြပြီးတော့ ပြုံးပြုံးကြီး ကိုကို့ ထံသို့လမ်းလျှောက်သွားလေသည်
“ ပိုး ” ဟု ကိုကို က ခေါ်လိုက်သည်
ပိုး ဘယ်လိုနေရမည်နည်း မျက်နှာမှာတော့ပြုံးစိစိဖြင့် ပြီးတော့စပ်ဖြီးဖြီးရယ်နေသည် အတောမသတ်နိုင် အောင် ရယ်နေမိသည် ကိုကိုက
“ မရယ်နဲ့ ပိုး ”
“ ဟင် ဘာလို့လဲ ရယ်တာတောင် ကိုကို့ ဆီက ပါမစ်တောင်းရဦးမယ်လား ” ဆိုတော့
“ တောင်းသင့်တောင်းရမယ် ”
ပိုး နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိလေသည်
ထို့နောက် ကိုကို နဲ့ အတူ လျှောက်လည်ကြလေသည်
“ ပိုး ကိုယ့်မေမေ နဲ့လိုက်တွေ့ပါလားဟင် ” လို့ ပြောလာတဲ့ ကိုကို့ စကားကို ပိုး မလွန်ဆန်နိုင်ခဲ့ပါ ဒါနဲ့ ချိန်းပြီးတော့ကိုကို့မေမေ နဲ့လိုက်တွေ့ခဲ့သည်

******

“ သမီးအကြောင်းကို သားက ခုမှ ပြောပြတယ် အန်တီတောင် အံ့သြတယ် သားကလေ ဆိုးတယ်သမီးရယ် သမီးကိုအားတောင် နာတယ် ” တဲ့ ကိုကို့မေမေက တကယ့်ကို တိုင်းရင်းသူမ ရုပ်ကြီး မျက်နှာက ခပ်ဝိုင်းဝိုင်းနဲ့ ကရင်တွေဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့လို့ စိတ်ထဲက တွေးလိုက်မိသည် ကိုကိုကတော့ တိုင်းရင်းသားရုပ် တစက်မှ မပေါက် သူ့မေမေနဲ့ မမ က အသားဖြူသလောက် သူကတော့ ခပ်ညိုညိုရယ် နံမည်ကိုလဲ ကြည့်ဦး “ နောင် ” တဲ့ တလုံးတည်းရယ် ကိုကို့ မမ က ကိုကို့ကို နောင်လေး လို့ခေါ်တယ်
ပိုးကိုလဲ တအိမ်လုံးက ဂရုစိုက်ကြသည် ကိုကို့ မမမှာ သားလေး တယောက်ရှိတယ် သူက ပိုး ကို ကွက်ကြည့် ကွက်ကြည့်နဲ့
“ သား ညီလေး လာမယ်ဆို ” ဟု ကိုကို့မေမေက ပြောလေသည်
“ ဟုတ် ညီက လာမယ်ပြောနေတာ ပိုးရ ကိုကို့ ချစ်သူဆိုတာ တွေ့ချင်လို့တဲ့ ” ဟု ကိုကို က ရှင်းပြလေသည် ပိုးပြုံးရုံသာ ပြုံးနေလိုက်သည် ကိုကိုက ဆက်ပြီးတော့
“ ညီ တဝမ်းကွဲလေ ပိုးရဲ့ မေမေ့မောင်ရဲ့သား ကိုယ့်ထက် ၆ နှစ်လောက်ငယ်ပေမယ့် သူငယ်ချင်းလိုပဲ ပေါင်းကြတာလေ အင်း ပိုးနဲ့ ရွယ်တူလောက်ထင်တယ် သူအံ့သြသွားအောင်ပြီးတော့ ပိုး ဘယ်လောက် လှတယ်ဆိုတာ သူ့ကို ပြချင်လို့ ကိုကို သူ့ကို ပိုး ဓာတ်ပုံတောင် ပြမထားဘူး သိလား ” ဟု ကိုကိုက မတွေ့ရသေးတဲ့ သူ့ညီနဲ့ မိတ်ဆက်ပေးနေလေသည်
“ ကိုကို ရေ ညီ လာပြီ ” ဟု ဆိုသောအသံနှင့်အတူ ကိုကို့ ညီ ဆိုသူ ရောက်လာခဲ့လေသည်
ပိုးလဲ လှည့်ပြီး ကြည့်လိုက် တဲ့ အခိုက်
“ ပိုး ”
ဆိုပြီး ရင်းရင်းနှီးနှီး ခေါ်လိုက်တဲ့အသံကြောင့် ပိုး တယောက် တခြားကမ္ဘာကြီးတခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်
သူ...... သူ ...... သူ
ပိုးရဲ့ ငယ်ချစ်ဦး သူ... စောလုံပါလား
ဖြစ်သွားတဲ့အခြေအနေတွေကို ပိုးခဏချင်းထိန်းလိုက်နိုင်ပါတယ် ပျက်သွားတဲ့ မျက်နှာကို ပြင်ကာ
“ စောလုံ ဟယ် နင့်မတွေ့ရတာကြာပေါ့ နေကောင်းလား မထင်မိဘူးဟယ် ဒီလိုပြန်တွေ့လိမ့်မယ်လို့ ”
ပိုး ပါးစပ်က ဒီလိုသာ ပြောနေပေမယ့် ပိုး ရင်ထဲတွင်တော့ ဗလောင်ဆူနေလေသည် ဗုံ ၁၀ လုံးလောက် တီးသလို တဒုန်းဒုန်းဖြင့် ရင်ခုန်နေလေသည်
သူ ... သူ ... အခုချိန်ထိ ပိုး ကို စိုးမိုးထားတုံးပါပဲလား ဟု တကိုယ်တည်း တွေးမိလေသည်
စောလုံကတော့ မျက်နှာတွေ ပျက်ကာ
“ ပိုး နင်က ကိုကိုရဲ့ ချစ်သူလား ” ဟု မေးသည်
ကိုကိုက “ ပိုးတို့က တယောက်နဲ့ တယောက်သိကြတယ်လား ” ဟု ဝင်မေးလေသည်
သူက “ ကိုကို သူကလေ ညီ ပြောတဲ့ .......”
“ သူငယ်ချင်းလေ ကိုကို ရဲ့ ပိုးတို့က ငယ်ငယ်က ကျူရှင်တူကြတယ်လေ ဟုတ်တယ်မလား စောလုံ ” ဟု ပိုးက ဖြတ်၍ ပြောလိုက်လေသည်
ကိုကိုက ပိုးတို့ ၂ ယောက်ကိုကြည့်ကာ “ ဒါဆို ကောင်းတာပေါ့ မင်းတို့ ပြန်တွေ့ကြတာ ဝမ်းသာစရာပဲပေါ့ ” ဟု အရိုးသားဆုံးပြောလေသည်
“ ဝမ်းမသာပါဘူး ကိုကိုရယ် ပိုးရင်ထဲမှာ မွန်းကျပ်နေတယ် အဲဒါကို ကိုကိုသိလား သူ... ကရော သိနိုင်ပါ့မလား ” ဟု နွမ်းလျစွာ စိတ်ထဲ တီးတိုးပြောမိလေသည်

********

“ ပိုး နင် ရက်စက်တယ်ဟာ ” ဟု စောလုံကပြောသည် စောလုံသည် ပိုးကို သူနဲ့တွေ့ရန် ၂ ယောက်တည်း သီးသန့်ချိန်းခဲ့လေသည်
“ နင်က ဘာကို ဆိုလိုတာလဲ စောလုံ ”
“ ငါနင့်ကို လိုက်ရှာခဲ့တာ နင်သိလား ”
“ ဘာအတွက်လဲ ငါ့ကို နင် ဘာအတွက် လိုက်ရှာခဲ့တာလဲ ငါက နင် မိန်းမ ရနေပြီလို့တောင် ထင်နေတာ ”
“ ငါက ဘယ်သူနဲ့ ရရ မှာလဲ ပိုး နင်မဟုတ်တာမပြောနဲ့ ”
“ ဖူးနဲ့လေ နင်နဲ့ ဖူးနဲ့ အဆင်ပြေနေပြီ ငါထင်တာပေါ့ ဘယ်လိုလဲ အဆင်ပြေရဲ့လား ”
“ ငါ အဲဒီ ကိစကို မျိုးအောင်ဆီက သိတယ် ဒါနဲ့ နင့်ကို ဖြေရှင်းပြချင်လို့ နင့်ကို ငါ လိုက်ရှာခဲ့တာ နင်သိလား ”
“ မသိဘူး ” ဟုဆိုကာ ပိုး ခေါင်းကို ဖြေးလေးစွာ ခါလိုက်သည်
“ ပိုး နင် ငါ့ကိုမသနားဘူးလား ဟင် ”
ပိုးလဲ စောလုံကို လိုက်ရှာခဲ့ပါတယ် ဆိုတာကိုတော့ မပြောပြဖြစ်ခဲ့ပါ ခုချိန်မှာ အရာအားလုံးဟာ နောက်ကျသွားခဲ့ပါပြီ ပိုးမေ့နေတဲ့အချိန်တွေမှာ စောလုံက အိမ်မက်ထဲ ရောက်ရောက်လာတာ ပြီးတော့အရင်က အဖြစ်အပျက်တွေကို ပိုး သတိရနေသေးတာ မနေ့တနေ့လိုပဲ စိတ်ထဲ ထင်နေမိတာတွေကိုတော့ စောလုံကို ပိုးမပြောပြဖြစ်ခဲ့ပါ ပြောလဲ အရာအားလုံးဟာ ပြောင်းလဲလာမှာမို့လား ပြီးတော့ ပိုးရဲ့ချစ်သူ ကိုကို့ကိုလဲ ပိုးငဲ့ရဦးမယ်လေ ကိုကိုက ပိုးကိုသိပ်ချစ်တာ ပိုးလဲ ကိုကို့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ပြီး ချစ်ခဲ့တာလေ ..
“ ပြောလေ ပိုး နင် နင် ငါ့အပေါ်အရမ်းရက်စက်တယ်ဟာ နင် ငါ့ကိုမချစ်ဘူးလား ဟင် ”
“ နင် ငါ့ကို ဘယ်တုံးက ချစ်တယ် ပြောဖူးလို့လဲ စောလုံ နင် စဉ်းစားကြည့်ပါ ”
“ နင် ကိုကို့အကြောင်းကို သိလို့လား ဘယ်လောက်သိလဲ နင်ပြောစမ်းပါ သူ ရည်းစားများတာ နင်သိလား သူဘယ်လောက်ပွေလဲ နင်သိလား သူ ရန်တွေဖြစ်တာ နင်သိလား ”
“ နင် ငါ့ချစ်သူကို အဲဒီလိုမပြောသင့်ဘူး စောလုံ ပြီးတော့ သူက နင့်ရဲ့အကို တဝမ်းကွဲ နင် ပိုပြီးတော့တောင် မကောင်းမပြောသင့်သေးတယ် ”
“ ဟုတ်ပြီလေ ဒါဆို ငါ မေးမယ် နင်သူနဲ့နေရင် ပျော်မယ် နင်ထင်သလား ”
“ ကိုကိုက ငါ့ကိုချစ်တာပဲ ငါ ပျော်မှာပေါ့ ”
“ ငါကတော့ မပျော်ဘူး ရှင်းရှင်းပဲ ငါ့ရဲ့ ငယ်ချစ်ဦးကို ငါ့ရဲ့မရီးအဖြစ်နဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူး အဲဒါပဲ ”
“ တော်တော့ စောလုံ နင့်ရဲ့ငယ်ချစ်လို့ ပြောရအောင် နင်နဲ့ငါနဲ့က သမီးရည်းစားဖြစ်ခဲ့လို့လား ”
“ ပိုး ရယ် အရာအားလုံး တစ် ကနေ ပြန်စရအောင်နော် ငါလေ နင့်ကို နေရာအနှံ့လိုက်ရှာခဲ့တာပါဟာ အဲဒါလေးကိုတော့ ထောက်ပါနော် ”
“ တော်ပါတော့ စောလုံရယ် မဖြစ်နိုင်တာကို ဘာလို့ပြောနေတာလဲ ကိုကို သိရင်စိတ်မကောင်းဖြစ်မယ် ”
“ ပိုး ရယ် ငါလေ နင့်ကို အရမ်းချစ်ပါတယ် ”
ဒီစကားဟာ ခုချိန်မှာတော့ ပိုးအတွက်အသုံးမဝင်တော့ပါ ဟိုးးးးးအရင် ၁၀ နှစ်လောက်ကသာ ပြောဖြစ်ခဲ့မယ် ဆိုလျှင်တော့ ...........
ပိုး ခေါင်းကိုခါယမ်းကာ “ စောလုံ ငါနင့်ကို တောင်းပန်ပါတယ် ငါတို့ သူငယ်ချင်း သံယောဇဉ်ကို ထောက်ပြီးတော့ ကိုကို့ကိုလဲ မသိပါစေနဲ့ လူကြီးတွေကိုလဲ စိတ်အနှောင့်ယှက်ဖြစ်အောင်မလုပ်ပါနဲ့နော် ”
“ ပိုး နင့်ကို ငါချစ်တယ် နင့်ကို ဒီတခါ လက်လွှတ် ဆုံးရှုံးမခံနိုင်တော့ဘူးဟာ ”
“ နင် အဲလိုလုပ်နေရင် ငါ အားလုံးကို ကျောခိုင်းပြီး နင်တို့နဲ့ဝေးရာ ငါ ထွက်သွားလိုက်မှာနော် စောလုံ ”
“ မရဘူး ပိုး ငါ့ကို သနားရင် အဲဒီလိုမလုပ်ပါနဲ့ဟာ ငါလေ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မချစ်ခဲ့ပါဘူး နင့်ကို တနေ့ပြန်တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့ ဒါပေမယ့်ဒီလိုမျိုးကြီး ပြန်တွေ့ရလိမ့်မယ်လို့တော့ ငါ မထင်မိဘူးဟာ ”
“ တခါတလေမှာမထင်မှတ်တာတွေက ဖြစ်လာတတ်ပါတယ် ” ဟု ပိုး ပြန်ပြောလိုက်လေသည်

********

ပိုး ရင်ထဲမှာ မွန်းကျပ်နေသည် ပိုးရဲ့စိတ်တွေသည် ဟိုးးးး လွန်ခဲ့သော အတိတ် ၁၀ နှစ်ခန့်ကာလ တခု ဆီသို့...........

၂၀၀၀ ခုနှစ်
သူ့ကို ပိုး စ ပြီးသတိထားမိတဲ့ နေ့
အဲဒီနေ့က ပိုး ကျူရှင်နောက်ကျတယ်လေ သူလဲ အတူတူပဲ သူက
" ဒီနေ့နောက်ကျတယ်နော် " လို့ နှုတ်ဆက်စကား ဆိုလိုက်တယ် ပိုးလဲ သူ့ကို ခေါင်းညိမ့် ပြုံးပြပြီး ဝင်ထိုင်လိုက်တယ် ကျူရှင်ဆရာမက နံမည်ခေါ်တော့ သူ့နံမည်ကို မှတ်ထားလိုက်မိတယ် "စောလုံ "တဲ့ တိုင်းရင်းသားနံမည်လေးပဲ ကရင်ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်မိတယ် ၉ တန်းဆိုတော့ ကျူရှင်က တနေကုန်လေ မိုးလင်းကနေ မိုးချုပ် ထမင်းစားချိန် တွေ break time တွေမှာ တွေ့ရင် ပိုးကို ပြုံးပြတတ်တဲ့ သူ့ကို ခင်နေမိတယ် ပိုးလဲ ပြန်ပြုံးပြပါတယ် ပိုးမှာ သူငယ်ချင်း ၃ ယောက်ရှိတယ် ဖူးဖူး ဆွေဇင် ရယ် ချိုလဲ့ရယ်ပေါ့ ပိုး သူ့ကို ပြုံးပြတာ များလာတော့ ချိုက
" ပိုး နင်သူ့ကို စိတ်ဝင်စားနေလား "
"ဘာလို့လဲ ချို "
" နင် အရင်က အဲဒီလိုမှမဟုတ်တာ ယောက်ျားလေးတွေနဲ့ သိပ်ရောရော နှောနှော မရှိပါဘူး မလိမ်နဲ့နော် နင်သူ့ကို စိတ်ဝင်စားတယ်မလား " ပိုးလဲ ဘာမှမပြောနိုင်ပါဘူး ရယ်ပဲနေလိုက်တယ်
ဘာလို့လဲ သူ့ရဲ့အပြစ်ကင်းလှတဲ့ မျက်လုံးလေးတွေကြောင့်ဖြစ်မယ်ထင်တယ်
ပိုးတို့တွေက ကျောင်းမတူတော့ ကျူရှင်မှာပဲ တွေ့ခွင့်ရှိတယ်လေ

********

“ မေမေက ပြောတယ် ပိုး ဒီတပတ် တနင်္ဂနွေ အိမ်မှာ ထမင်းလာ စား ပါလားတဲ့ ပိုး ဘယ်လိုသဘောရလဲ ” ဟု ကိုကိုက မေးသောအခါ
“ ဟိ အားနာစရာကြီး ကိုကိုရယ် ဟင်းကောင်းကောင်းချက်ထားပါလို့ ပြောပေးနော် ”
“ အချွဲမလေး ” ဟု ခေါင်းကို မနာအောင် ကိုကို က ထုကာ ပြောလေသည်
ဒီလိုနဲ့ ပိုး ကိုကို့တို့အိမ်မှာ ထမင်းလိုက်စားဖြစ်သည် ကိုကို့မိဘ တွေအတွက် ပိုး လက်ဆောင်ပစ္စည်းတွေ ဝယ်သွားဖြစ်သည်
စောလုံ ကိုလဲ ခေါ်ထားလေသည်
ထမင်းဝိုင်းတွင် စောလုံ မှ တပါး ကျန်တဲ့လူတွေက စကားပြောကာ ရယ်မော ပျော်ရွှင်နေကြသည်
ပိုးလဲ စောလုံ ကို မသိချင်ယောင် ဆောင်နေလိုက်သည် ဟုတ်တယ် အတိတ်ကို ပြန်တူးမဖော်ချင်တော့ဘူး
ပြန်ခါနီးကျတော့ စောလုံက ဘူးလေးတဘူးကို ပါကင်ပိတ်ပြီး ပေးလေသည်
“ ပိုး အိမ်ကျမှ ဖွင့်ကြည့်နော် ” တဲ့
အားလုံးကို နှုတ်ဆက်ပြီး ပိုး ပြန်ခဲ့လေသည်
အိမ်ခန်းထဲတွင် စောလုံ ပေးလိုက်သော ဘူးလေးကို ရင်တခုန်ခုန်ဖြင့် ဖွင့်ကြည့်လိုက်သောအခါ
“ အသဲပုံ ချိုချဉ်လေး တလုံး ”
ပိုး တယောက် အသက်ရှူဖို့ပင် မေ့နေခဲ့လေသည် သူ... သူ.. က ဒီအကြောင်းတွေ မမေ့သေးဘူးလား ......

******

ပိုးအတွက် အမှတ်တရဖြစ်စေခဲ့တဲ့ နေ့တရက်ပေါ့
ပျော်လဲပျော်ခဲ့သလို နဲနဲလဲ စိတ်ကသိကအောက်ဖြစ်ခဲ့ရတယ်
ဒီနေ့ စောပြီး ကျူရှင်ကိုရောက်နေနှင့်တယ် မေမေက သွားစရာရှိလို့ ဝင်ချသွားရင်းနဲ့လေ သူလဲ စောရောက်နေတာကို သတိပြုလိုက်မိတယ် ပိုးလဲ စာဖတ်နေလိုက်တယ် ခဏနေတော့ သူက ပိုးကို ချိုချဉ်လေး တလုံးလာပေးတယ်
“ အသဲပုံချိုချဉ်လေး ”
" ရော့နင်စားဖို့" တဲ့ ပိုးမော့ကြည့်ပြီး သူ့ကို ပြုံးပြလိုက်တယ် ပြီးတော့
"ကျေးဇူးပဲ " လို့ပြောလိုက်တယ် အဲဒီတုံးက အသဲပုံချိုချဉ်လေးတွေခေတ်စားတယ်လေ ချိုချဉ်အခွံမှာ စာလေးတွေရေးထားတာလေ ပိုး ပျော်သွားတယ် သူ့ဘက်က ဇာတ်လမ်းတော့ စ ပြီဆိုပြီးတော့ပေါ့ ပိုးရဲ့ အပျော်တွေ ကြာကြာမခံလိုက်ပါဘူး ဖူးဖူးက တွေ့သွားပုံရတယ် ပိုးရဲ့ ဘေးနားမှာလာထိုင်ပြီးတော့
" ဒီချိုချဉ်ဘယ်သူပေးတာလဲ ပိုး "
" သူပေးတာ" ဆိုပြီး မေးငေါ့ပြလိုက်မိတယ် ဖူးဖူးက
" ဖူး စားချင်တယ် ပိုး " တဲ့ ဟာ ဘလိုင်းကြီးပါလား ဘယ်လိုကြီးလဲ ပိုးကို ပေးတဲ့ချိုချဉ်ကို ဖူး က စားချင်တယ် ဘာကြီးလဲ ပိုးက ဒီချိုချဉ်လေး တလုံးအတွက်နဲ့ ရန်မဖြစ်ချင်ဘူး သူငယ်ချင်း အချင်းချင်း အခင်အမင်လဲ မပျက်ချင်ဘူး နောက်ပြီး ဟင့်အင်းမစားနဲ့ အဲဒါ သူငါ့ကို ပေးတာဆိုပြီး အရှက်မရှိလဲမပြောချင်ဘူး ပိုးထင်တာ ဖူးဖူး စနေတာထင်နေတာနဲ့
" ဖူး စားချင်လဲ စားလေ " လို့ပြောလိုက်မိတယ် ချိုချဉ်ကို ဇာတ်ခနဲ ယူပြီး စားလိုက်တာကို တအံ့တသြ တွေ့လိုက်ရတယ် ပိုးလေ ဖူးဖူးကိုတော်တော် လေး ချဉ်သွားတယ် အဲဒီအကြောင်းတွေကို ဆွေဇင်နဲ့ ချို့ကိုပြောပြတော့ သူတို့က မကျေနပ်ကြဘူး
" ဟာ ဒီဟာမ က ဘလိုင်းကြီး ဘာကြီးလဲဟ စားချင်ရင် သူ့ဟာသူ ဝယ်စားပါလား ပိုး နင်ကလဲဘာလို့ သူ့ကို ပေးစားတာလဲ အတင်းပြန်လုပါလား ငါတို့သာဆိုရင် ပြန်လုမှာ ဟွန်းးးးး " တဲ့ ပိုး လဲ
" မဟုတ်ပါဘူး ဟာ သူငယ်ချင်းအချင်း အခင်အမင်မပျက်ချင်တာရယ်ကြောင့်ပါ ဘာမှတန်ဖိုးမရှိပါဘူး ဒီချိုချဉ်လေးက ဒါပေမယ့် သူ ဒီလိုလုပ်ဖို့တော့မကောင်းဘူးထင်တယ်နော် "
ဒီကိစ္စက ဒီမှာတင်ပဲပြီးသွားလိမ့်မယ်လို့ ပိုး ထင်ထားခဲ့မိတယ် ဒါပေမယ့် မှားသွားခဲ့တယ်

*********

" ကိုကို ဗေဒင် မေးကြည့်ရအောင်လား ပိုး တို့ ၂ ယောက် အကြောင်းကိုလေ ” လို့ပြောတော့ ကိုကိုက မျက်မှောင်ကြုံ့ကာ
“ ဘာလုပ်ဖို့လဲ ပိုး ရ ”
ဒီလိုအဖြေရမယ် ဆိုတာ ကြိုသိပြီးသား ကိုကို ဗေဒင် မယုံတာ ပိုးသိသားပဲ ပိုးကတော့ တခုခုဆို ဗေဒင်မေးလိုက်ရမှ စာမေးပွဲဖြေမယ် ဘာအရောင်လေး ဝတ်သွားရမလဲက အစ
ကိုကို ကျ အဲလိုမဟုတ်ဘူး ကိုကို နဲ့ ပိုးနဲ့က ပြဒါး တလမ်း သံတလမ်း တယောက်နဲ့တယောက် ချစ်လွန်းလို့သာ အကြိုက်ချင်းကနဲနဲမှမတူ ကိုကိုက သီချင်းဆို Rock ကြိုက်တာ ပိုးက POP ကြိုက်တာ ပြီးတော့ အကြောင်းရာတခုခုကို ပိုးက ရိုးရိုးလေးပဲ တွေးတတ်ပေမယ့် ကိုကိုကတော့ ရှည်လျားထွေပြား ဆန်းပြား ရှုတ်ထွေးစွာ တွေးတတ်တယ် ခဏခဏ ရန်ဖြစ်ရတယ် ရန်ဖြစ်တိုင်းလဲ ပိုး ချည်းပဲ ရှုံးတယ် ကိုကိုက ချက်ကျ လက်ကျနဲ့ ပြန်ပြောတတ်သည် နောက်ဆုံး ပိုးက မနိုင်တော့လျှင် ဘာပြောလဲ ဆိုတော့
“ လူ့ဂွစာဂျီး ” ဆိုပြီး ပြောတတ်သည် ထိုအခါကျလျှင် ကိုကို သည် တဟားဟားးးးးးးးး နဲ့ ရယ်တတ်လေသည် ပိုး ရှုံးလျှင် သူ ပျော်သည် ပိုး ဒေါသထွက်လျှင် သူ ပျော်လေသည် ပိုးကို စ နေရင်ကို သူ ပျော်သည် ပိုးမျက်မှောင်ကြုံ့လျှင်သူပျော်သည် အဲလို အမြင်ကတ်ဖို့ ကောင်းပါတယ်
“ လူဆိုတာ မသိခြင်းတွေနဲ့တည်ဆောက်ထားတဲ့သတ္တဝါလေပိုးရဲ့ ကိုကိုကိုယ်တိုင်တောင် ရာနှုန်းပြည့်မသိတာ အဲဒီ ဗေဒင်တွေ အကြားအမြင်တွေ လက္ခဏာတွေက ဘာများပိုသိနိုင်မှာလဲ ကိုကို က တော့ဘယ်တော့မှ အဲဒါတွေကို ယုံတယ်မယုံဘူးဆိုတာထက် အဲဒါတွေကို ဘယ်တုန်းကမှ ကိုယ့်အတွက် အရေးကြီးတယ်လို့ မသတ်မှတ်ဘူးဘူး ဂရုလည်းမစိုက်ဘူး အရေးလဲမလုပ်ဘူး ”
ကဲ ကြည့် တွေ့လား ပြောတာကို ပိုးကပဲ အရည်မရ အဖတ်မရ လုပ်နေသလိုလို စိတ်ကိုတိုတယ် မျက်မှောင်ကြုံ့ကာ သူ့ကို ဘာမှပြန်မပြောပဲ နှုတ်ဆိတ်နေလိုက်လေသည် ဒီတော့လဲ ကိုကို က
“ ဘာလဲ ဒါက ကောက်တာလား ” ဟု မေးလေသည် ဒီလိုမေးတော့လဲ ဟုတ်တယ်လို့ မဖြေချင်
“ ကောက်ပါဘူး ဘယ်သူက ကောက်နေလို့လဲ အားအား ရှိကောက်ရ အောင် ပိုးက အာဖရိက တိုက်က ကပ္ပလီမ ဆံပင်များ မှတ်နေလား ” ဟု ဘုတောပြီးပြန်မေးသောအခါ တဟားဟားးးးးးးး နဲ့ ရယ်ကာ
“ ကြည့်လေ အဲဒါ ကောက်တာမဟုတ်လို့ ဘာလဲ ကဲ ကဲ ဒီလောက် မေးချင်သပ ဆိုလဲ ကိုကို မတားဘူး မေး ဒါပေမယ့် ကိုကို မလိုက်ဘူးနော် ပိုး တယောက်တည်းပဲ သွား ”
“ မမေးတော့ဘူး ” ဟုတ်တယ်လေ ၂ ယောက်တူတူ ဗေဒင်မေးပါတယ်ဆိုမှ သူက မလိုက်ဘူးဆိုတော့ ပိုးလဲ မမေးချင်တော့ဘူးပေါ့
“ ဟောဗျာာာာ ”
“ မဟောတတ်ဘူး ပိုး က ဗေဒင်ဆရာမ မှ မဟုတ်ဖဲ ” ဟု ဆောင့်အောင့်ပြီးဖြေသောအခါ ကိုကိုက ရယ်လေသည်

*******

သူမ သာရှိခဲ့ လျှင်

သူမ သာရှိခဲ့ လျှင်
ကြယ်တွေကြွေတိုင်း
ရရှိခဲ့ တဲ့ ဒဏ်ရာတွေဟာ
ပြောပျောက်သွားမှာ…

သူမ သာရှိခဲ့ လျှင်
အိပ်စက်ချိန်တိုင်း
ခေါင်းအုံးသဖွယ်
ဖြည့် ဆည်းပေးနေမှာ..

သူမ သာရှိခဲ့ လျှင်
အားငယ်ချိန်တိုင်း
ခေါင်းတိုးဝင်နိုင်တဲ့ 
ရင်ခွင်တစ်ခုဟာ
နွေးထွေးစွာ စောင့်ကြိုနေမှာ…

သူမ သာရှိခဲ့ လျှင်
ဖျားနာချိန်တိုင်း
အနီးအနားမှာ
စောင့်ရှောက်နေမှာပေါ့။

သူမ သာရှိခဲ့ လျှင်
ဂတိစကားတွေလည်း
ခဏခဏ ခိုင်မြဲနေမှာ။

သူမ သာရှိခဲ့ လျှင်
အပြစ်တွေ မဆို
မရေရာလည်း
ငို နေအုံးမှာပါ။

သူမ သာရှိခဲ့ လျှင်…
သူမ သာရှိခဲ့ လျှင်..
သူမ သာရှိခဲ့ လျှင်….

အရင်လို အခန်းထဲမှာ
အဏုမြူ ကြယ်လေးတွေဟာ
လင်းလက်နေအုံးမှာပါ။

“ နင်နဲ့ ဝေးကွာနေတဲ့အချိန်တွေတုံးက ငါရေးထားခဲ့တာတွေပါ ပိုး ရယ် ”
ဆိုတဲ့စာလေးနဲ့အတူ ပန်းစည်း ကဒ်လေးကို ပိုး မေးလ် ဖွင့်တော့ ရရှိခဲ့လေသည်
ပေးပို့သူက “စောလုံ” တဲ့
အရင်က ကဗျာ မရေးတတ်တဲ့ သူက ခုတော့ ကဗျာတွေ ရေးတတ်နေပြီတဲ့လား .... ကွယ်
ပိုး သက်ပြင်းရှည်ကြီး ချ မိလေသည် ..... စိတ်ထဲမှာလဲ ညစ်ညူးနေသည်

*******

အဲဒီတနေ့ကို ပိုး ဘယ်လိုမှမေ့မရခဲ့ဘူး
ဖူးဖူးက ဝမ်းသာအားရ ပိုးဆီလာပြီးတော့
" ပိုးရေ ဒီမှာ ကြည့်စမ်း စောလုံ ငါ့ကို စာပေးတယ် " လူကို ဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး ဖူးဖူးက ဖတ်ပြတယ် ကဗျာလေးပါ ဘယ်လိုလဲဆိုတာ ပိုး မမှတ်မိတော့ဘူး ဒါပေမယ့် ပိုး သိလိုက်တဲ့ ကဗျာရဲ့ အဓိပ္ပါယ်က သူ့ကို လွမ်းရင် လမင်းကြီးကို မော့ကြည့်ပါ သူကလဲ ဖူးကိုလွမ်းရင် လမင်းကြီးကို မော့ကြည့်မယ် တို့နှစ်ယောက်ရဲ့ အကြည့်တွေက လမင်းကြီးဆီမှာ ဆုံကြမယ် တဲ့ ပိုးရဲ့မာနကို အချိုးခံလိုက်ရသလိုပါပဲ ဒါဆိုသူက ငါ့ကို ကြိုက်တာမဟုတ်ဘူးပေါ့ ဒါဆိုရင် သူငါ့ကို ဘာလို့ကြည့်သေးလဲ ငါ့ကို ဘာလို့ချိုချဉ်ပေးသေးလဲ စတဲ့အတွေးပေါင်းများစွာနဲ့ ရင်ထဲမှာ ဗလောင်ဆူနေခဲ့တယ် ဒီအကြောင်းကို ချိုတို့ကို ပြောပြတော့ သူတို့က
" ငါတို့မယုံဘူး စောလုံကို နင်မေးကြည့်ပါလား ပိုး "
" ဘယ်တော့မှမမေးဘူး ငါအောက်တယ် ပြီးတော့ တကယ်လို့ ဟုတ်ပါတယ် ငါဖူးဖူး ကို စာပေးတာ ဟုတ်တယ်လို့ ပြောလိုက်မှာကို ငါမကြားချင်ဘူး နင်တို့လဲ မေးဖို့မကြိုးစားနဲ့ ငါ ရင်ထဲမှာ သူ မရှိတော့ဘူး အခုချိန်က စ ပြီးတော့ ဒါပဲ ငါ့ကို သူ့အကြောင်းမပြောနဲ့တော့ ဟာ ဒီနေ့က စပြီးတော့ "
အဲဒီနေ့က စ ပြီး ပိုး သူ့ကိုတွေ့ရင် ခပ်တည်တည်ပဲ ပြုံးလဲမပြတော့ဘူး သူ ပြုံးပြလဲ မျက်နှာလွှဲနေလိုက်တယ် ဒီလိုနဲ့ အတန်းတင်စာမေးပွဲကြီး ဖြေဆိုမယ့်အချိန်ကိုရောက်လာခဲ့တယ် ကျူရှင်တွေလဲပိတ်ပြီး သူနဲ့ မတွေ့ရတော့ဘူး
နွေရာသီဟာ ပိုးအတွက် တော်တော်လေးကို ပူလောင်ခဲ့ပါတယ် ပိုးရဲ့ရင်ထဲမှာ နွေဆယ်စင်း ပူနေသလို ခံစားခဲ့ရတယ် အပြင်မှာ ပူတာထက် ပိုးရဲ့ ရင်ထဲမှာ ပိုပြီးပူနေခဲ့တယ် သူ့အကြောင်းကို မတွေးဘူးလို့ဆုံးဖြတ်ထားပေမယ့် ရောက်ရောက်လာခဲ့တယ် စဉ်းစားလိုက်တိုင်း ပိုးရဲ့မာန ကို ရိုက်ချိုးလိုက်သလို ခံစားရတယ် မေမေက
" သမီး ဒီကျူရှင်ပဲ ဆက်တက်မလား " တဲ့ ပိုး သူနဲ့မတွေ့ချင်တော့ဘူး ဒါနဲ့
" အဲဒီကျူရှင် က အိမ်နဲ့ဝေးတယ်မေမေ သွားရလာရနဲ့ အိမ်နဲ့နီးနီးနားနား ကျူရှင်ပဲ တက်ချင်တယ် စာကျက်ချိန်ရအောင်လို့ " ဆိုတဲ့အကြောင်းပြပြီး အိမ်နားက ကျူရှင်မှာပဲ ပိုး တက်ခဲ့တယ် ဆွေဇင်နဲ့ ချိုလဲ့က တော့ အဲဒီကျူရှင်ပဲဆက်တက်ခဲ့ကြတယ် သူတို့ပြောပြချက်အရ စောလုံလဲ ကျူရှင်မတက်တော့ဘူးဆိုပဲ
သူ့သူ ဘာပဲဖြစ်နေနေ ပိုး နဲ့ မဆိုင်ဘူး မသိချင်ဘူး သွား .........

********

ဒီလိုနဲ့ ၁၀ ကျောင်းတွေပြန်ဖွင့်ခဲ့ပြီ အစပိုင်းတော့ တက်လိုက်နဲ့ နှစ်လယ်လောက်ရောက်တော့ ပျက်လိုက်ပေါ့ ဒီလိုနဲ့တနေ့ ချို့နဲ့ ဆွေဇင် ဆီက မမျှော်လင့်တဲ့ စကားကို ကြားလိုက်ရတယ် အဲဒီအချိန်မှာ ပိုး အရာအားလုံးနောက်ကျသွားခဲ့ပြီဆိုတာကို သိလိုက်ရတယ်
" ပိုး သေချာနားထောင်နော် ငါတို့ မနေ့က မျိုးဇင်နဲ့ စကားပြောဖြစ်တယ် " ပိုး မျက်နှာ ပျက်သွားမှန်း သူတို့ သိတယ် မျိုးဇင်ဆိုတာ စောလုံရဲ့ အခင်ဆုံးသူငယ်ချင်းလေ အမြဲတမ်း တတွဲတွဲပေါ့ ဒါနဲ့
" ငါတို့ ဆက်ပြောမယ် နင်သေချာနားထောင် ငါတို့မျိုးဇင်ကိုမေးတယ် စောလုံရောဆိုတော့ မသိဘူးတဲ့ ကျောင်းပြောင်းသွားပြီတဲ့ ဖုံးဆက်တာလဲ မရဘူးတဲ့ သူတို့ဒီလောက်ခင်တာကို သူ့ကိုတောင် ပြောမသွားလို့ သူတောင် တင်းနေတယ် ဒါနဲ့ သူကပြောပြတယ် စောလုံက ပိုးကိုကြိုက်နေတာ နင်တို့ သိလားတဲ့ ဒါနဲ့ ငါတို့က ဘာမှအပိုတွေလာပြောမနေနဲ့ နင့်စောလုံက ဖူးဖူး ကိုစာပေးတယ်ဆို အဲဒီကိစ္စကြောင့် ပိုး က စောလုံကို တင်းနေတာဆိုတော့ မျိုးဇင်က ဘာရယ် ဘာစာလဲ ဘာစာမှ စောလုံမပေးဖူးဘူး ဘယ်လိုမျိုးစာလဲ ဟိုလေ ကဗျာလေဟာ ဆိုတော့ သေပါလား စောလုံကဗျာလုံးဝမရေးတတ်တာ ငါအသိ နင်တို့ကို ဖူးဖူး နှပ်လိုက်ပြီနေမှာပေါ့ သူတကယ်ချစ်တာ ပိုး ပါဟာ ငါအသိဆုံးပါ တဲ့ "
အဲဒီစကားတွေကြားပြီး ပိုးဘယ်အချိန်ကတည်းက မျက်ရည်တွေ ကျနေမှန်းမသိဘူး ချိုနဲ့ ဆွေဇင်ကို ဖက်ပြီး ငိုမိသည်။

*********

ပိုး ဖြတ်ခနဲလန့်နိုးလာသည် ချွေးများလဲ ရွှဲစိုနေလေသည် သူ.... သူ ... ခုထက်ထိတောင် ပိုးကို စိုးမိုးထားတုန်းပါပဲလား
“ ကိုကို့ကို အားနာပါတယ် ကိုကိုရယ် ” ဟို တီးတိုးပြောကာ ပိုး တယောက်ရှိုက် ငိုမိလေသည်
“ ပိုး ဘာလုပ်သင့်လဲ ကိုကို ပိုးကို ပြောပါဦးလား ကိုကိုရယ် ပိုး ကိုကို့အပေါ်မှာ မရက်စက်ချင်ဘူး ကိုကို့ကိုလဲ ချစ်တယ် စောလုံကိုလဲ ..... ”
ဒါပေမယ့် ပိုး ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင်နိုင်နိုင် ချ လိုက်လေသည်

*******

ပိုး တယောက် ကိုကိုနဲ့ တရားရုံးတွင် လက်မှတ်ထိုးခဲ့လေသည်
မင်္ဂလာပွဲကို ဘုန်းကြီးကျောင်းတွင်ပဲ ဆွမ်းကပ်ကာ အကျဉ်းရုံးပဲ လုပ်ခဲ့လေသည်
ပိုး သူငယ်ချင်းများ နဲ့ ကိုကို့သူငယ်ချင်းတွေကို dinner ကျွေးခဲ့လေသည် ထိုပွဲတွင် စောလုံကိုလဲ ဖိတ်ခဲ့လေသည် သို့ပေမယ့် စောလုံ ရောက်မလာခဲ့ပါ
ထို့နောက်တွင် မိဘမဲ့ကလေးများနှင့် ဘိုးဘွားရိပ်သာသို့ အလှူငွေများ လှူဒါန်းခဲ့လေသည်
ထို့နောက် ထို့နောက် ထို့နောက်တွင်ကား ............


ပိုးသည် ကိုကို့ကို စင်ကာပူသို့အပြီးတိုင် ခေါ်သွားခဲ့လေသည်

*******

ရင်တွင်

အဝေး
တိမ်တိုက်တွေရဲ့ 
လှုပ်ရှားမှုတိုင်းဟာ
မင်းအငွေ့ အသက်တွေလို…။

တောင်ပေါ်မှာ
မြုတွေဆိုင်းတိုင်း
ငါခပ်ရင့်ရင့် လွမ်းခဲ့ ရတာ
နင်မရှိတော့ ပေ့ မယ်လည်း
နွေးထွေးဆဲ…။

စိတ်အစဉ်ကို
လွင့်ပစ်လိုက်တိုင်း
ရွာတွေရွာတွေ..
တောင်တွေ တောင်တွေ
မြို့ တွေမြို့ တွေရဲ့ 
အထက်ကနေ
မြင်ကွင်းကျယ်တစ်ဆုံး
ငါလွင့်တတ်သွားချင်တာ..
တွေ့ နိုင်ပါ့မလား ဆိုတဲ့ 
အတွေးတွေနဲ့ ။

ကော်ဖီတစ်ခွက်နဲ့ 
နှင်းဆီရနံ့ တွေကြား
ငါရူးသွပ်ခဲ့ တာ
တော်တော်လည်း ကြာခဲ့ ပါပြီ။

ပြီးဆုံးခဲ့ ပေ့ မယ်..
ဆက်လက် အသက်ရှင်နေသော
ဇာတ်လမ်းတစ်ပုဒ် အစား
ငါ ဂစ်တာ တစ်လက်နဲ့ 
သံစဉ် တစ်ပုဒ်ကို
တစ်ချက်လောက် တီး ပါရစေ။

နံရံတွေ ပေါ်မှာလား?
ငါကိုယ်တိုင်
မင်းအရုပ်တွေ ရေးခြစ်
ဒသာန မြစ်တွေနဲ့ 
ကွေ့ ဝိုက် စီးဆင်းဖူးတယ်။

အရင်လမ်းတွေလည်း
ငါ ခဏခဏလျှောက်တယ်
မင်းခြေရာတွေလည်း
လိုက်ရှာရတာ အမော..
သဘာဝတရားက
မင်းကို တင်မဟုတ်ဘူး
ခြေရာတွေကိုပါ
ပျောက်ကွယ်စေခဲ့ ပါတယ်။

မင်းလည်း ငါကို ဆုံးရှုံး…
ငါလည်း မင်းကို ဆုံးရှုံး…

ချစ်သူ….
တို့ လက်တွေ ခိုင်မြဲစွာ
တွဲထားသော်လည်း..
ကွဲခဲ့ လေပြီ…
ရင်တွင်..မချိပါဘိ။

ထိုကဗျာလေးကို စာရွက်ပေါ်တွင် စောလုံ တယောက် ချ ရေးလိုက်လေသည် သို့ပေမယ့်လဲ မည်သူ့ကိုမှ ပေးဖို့ မရည်ရွယ်တော့ပါ ပိုင်ရှင်မဲ့နေသော ကဗျာလေးကို တချက်ကြည့်လိုက်လေသည် ထို့နောက် စာအုပ်လေးကို ပိတ်ကာ အဝေးတနေရာသို့ ငေးကြည့်နေမိပါတော့သည်

****

စာရေးသူ ၏ comment : သုံးပွင့်ဆိုင်ဆိုလျှင် ကိုယ်က သေသေချာချာ ဆုံးဖြတ်ဖို့ လိုပါတယ် (ဝက်တို့ကတော့ ၃ ပွင့်ဆိုင်မကဘူးနော် ဟဲဟဲ သိတယ်မလား မသိရင် ပို့စ်အဟောင်းပြန်ဖတ်ပါရန် ဟက်ဟက်) အီးညှောင့်အီးညှောင့်နဲ့ ဟိုလူ ရွေးရမလို ဒီလူ့ရွေးရမလို ဖြစ်ရင်တော့ ကိုယ် ငတ်ပဲ ကိုယ်ကတော့ ကိုယ်ဖန်တီးတဲ့လူမလို့လားမသိဘူး ပိုး ဆုံးဖြတ်တာကို သဘောကျတယ် ပြီးတော့ စောလုံ နဲ့တွေ့ရင် အရင်အကြောင်းတွေ သတိရနေမှာဆိုတော့ အဲဒီလိုလုပ်လိုက်တာ ကောင်းတယ်လို့ ထင်ပါတယ် ကဲ စာဖတ်သူများရော ဘယ်လိုမြင်ပါသလဲ ????
မှတ်ချက်။ ။ ။ ဘာရယ်မဟုတ်ပါ ရေးထားပြီးသား ဇာတ်လမ်းတခုအား ပြန်ပြီး modify လုပ်ပါသည် (ဤကား စကားချပ်) အစက တော့ ပိုး ကို အားလုံးနဲ့ဝေးရာ ထွက်ခိုင်းထားပါတယ် နောက် ပြန်စဉ်းစားတော့ ငါ့ ဇာတ်လမ်းတွေက ဖန်တရာတေ ပေါင်းတဲ့ဇာတ်လဲ မရှိဘူး ဆိုတာနဲ့ ပေးပေါင်းလိုက်တာ ဟဲဟဲ ငါ့လက်ထဲမှာ အားလုံးရှိတယ်ဆိုတော့ သေဆိုသေ ရှင်ဆိုရှင်ပေါ့နော် သနားလိုက်ထျာာာ ငါ့ဇာတ်ကောင်တွေရယ် ဂျွတ်ဂျွတ် ဟဟ
အော် ပြောတာနဲ့ credit ပေးဖို့ မေ့နေတာ ကဗျာ ၂ ပုဒ်က ဇူးဇူးအောင် ဆီက ယူပါသည်

ဆက်လက်၍ကြိုးစားပါဦးမယ် နောင်ထွန်းလွင် ညီညီထွန်းလွင်
အဲလေ ယောင်လို့ “ ဝက်ဝံလေး ”း)

13 comments:

rose of sharon said...

သုံးပွင့်ဆိုင်လေးက လွမ်းစရာကွယ်... ဝက်ဝံလေးကရေးတတ်လိုက်တာ... တော်တယ် ငါ့ညီမလေး...

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့ မင်းသမီးခမြာ လင်ရသွားလို့..
ဒါတောင်...ပိုး မို့လို့ရတာ..ဝက် ဆိုရမှာမဟုတ်ဘူး

ကိုဇော် said...

အဟောင်းလို့သာ ဆိုတယ် ၊ မဖတ်ရသေးတော့ အသစ်ပါပဲ။ ရေးထားလေးက ခပ်သွက်သွက်လေးနဲ့ ဖတ်လို့ ကောင်းတယ်။ ထပ်ရေးပါဦး။

အွန်လိုင်းဇာတ်လမ်းတွေ ဖတ်ရရင် ရင်နာတယ်ကွာ။ ဒါပဲ။

သော်ဇင်စိုး said...

ပိုးဆိုတဲ့ ကောင်မလေးက စောလုံရဲ့ အမှတ်တရတွေ အားလုံး မေ့လိုက်နိုင်ရင်တော့ကောင်းမယ်.. ၀ိုင်းတ၀ါးလေး သတိရနေသေးတယ်ဆိုရင်တော့.. ဇာတ်လမ်း ထပ်ဆက်လို့ရသေးတယ်.. :P

မောင်မိုး said...

ဦးမိုးတို့က ဘာဇာတ်လမ်းဖတ်ဖတ်...မင်းသမီးလင်ရမှ ကျေနပ်တာမျိုးကလား...။ခစ်...ခစ်...

ဝက်ဝံလေး said...

Thank မရို့စ်

အောင်မာ အဘောက်ကျ များတို့က များလွန်းလို့ ခါချနေရတာ မသိဘူးလား ဟွင့် ဟွင့်

ကိုဇော်ရယ် ရင်နာတာ မှောက်အိပ်လို့လေ မှောက်မအိပ်နဲ့ ဒီတခါ ဟားဟားးးးးးးးးး

ဇာတ်လမ်း ထပ်ဆက်မယ်ဆိုရင်တော့ ပိုးတို့မွေးလာတဲ့ ကလေးနဲ့ စောလုံကို ပေးရဖို့ပဲရှိတော့တယ် ကိုသော်ဇင် သမူးနဲ့အီးပေါ့ ဟိဟိ စောလုံက ပိုးရဲ့ကိုယ်ပွားလေးဆိုပြီးတော့ ခစ်ခစ် မပြောမရှိနဲ့နော် ဆက်လိုက်ရမလား ဇာတ်လမ်းကို ဟားဟားးးးးးးးးးး

အဲဒါမှ ဒွက်ခ ဦးမိုးရေ သမီးက ကွဲတဲ့ဇာတ်လမ်းတွေပဲ ရေးတတ်တာတော့ ဒါကြောင့်လဲ ဝက်တကောင် အပျိုကြီးဖြစ်နေတာ ဟားဟားးးးးးးးးးးးးး

အားလုံး ကျေးဇူး အထူးတင်ပါတယ် ဒန်တန်တန်

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် နောက်ဆုံးတော့ ဆံထုံးနောက်ကို ယောင်က ပါသွားတာကိုး
ဝက်က အတည်အခံ့တွေရေးတော့လည်း အဟုတ်သားနော်
တော်လိုက်တဲ့ ၀က်
ချီးကျွေး အဲလေ ချီးကျုးသွားတယ် ဟိဟိ

မယ့်ကိုး said...

ညီမလေး က တကယ့်ကို စာအရှည်ကြီး ရေးထားတာပဲး)

sosegado said...

ဘာတွေ မော်ဒီဖိုင်းလုပ်လိုက်သလဲ၊ အဟောင်းထက်ကောင်းမယ်ထင်ပါတယ်၊
မဖတ်ရသေးတဲ့အတွက် အသစ်ပါ၊ လေးပွင့် ငါပွင့်ဆိုင်ရေးနိုင်ပါစေ ပြောထားသည့်အတိုင်း။

ဝက်ဝံလေး said...

ဒေါ်ချော ချီးလာကျွေး အဲလေ ချီးကျူးသွားတယ်နော် လေလာလည်လိုက်မယ် နော် အိမ်မှာ ဟွင့် အနံ့ပေါင်းစုံထွက်သွားမယ် ဘာမှတ်လဲ ဟွင်းးးးး

အယ် မမကိုး ကဗျာတွေနဲ့ စာမျက်နှာ တဝက်ယူထားတာ မမက နောက်တယ်တော့

ကိုစိုးစိ လေးပွင့်ဆိုင် ငါးပွင့် အင်းးး ပရိတ်သတ်ကတောင်းဆိုတော့လဲ လုပ်ရတော့ပေါ့လေ(ဝက်တို့က အပြောကိုမခံတာ ဟဟဟဟ) လာမည် ကြာမယ်ပေါ့လေ မပြောမရှိနဲ့နော် လုပ်ပလိုက်မယ် ဘာမှတ်လဲ ဟဲဟဲ ဒါပေမယ့် အိုင်ဒီယာထွက်မှ ဖြစ်မယ်လေ စကားလုံးတွေ ရှာရမယ်လေ ဟိဟိဟိ

အားလုံး ရှဲရှဲ

မြစ်ကျိုးအင်း said...

အဟောင်းတွေ အစုတ်ဖြစ်ရပြီ
နာမည်ပေးစရာရှားလို့ သာမီးလေးရယ်

သာမီးလေးက ၃ ပွင့်ဆိုင် ဆိုလို့ အားကျမခံ ငါက ၁၁ ပွင့်ဆိုင် ပြန်ရေးအုံးမယ်။
ဝတ္ထုနာမည်က ကျွန်တော်နှင့်၁၁ မီး ဆိုပြီး။
မကျေနပ်ရင် ကျွန်မနှင့် ၃၇ နတ်မင်း ဆိုပြီး
ပြန်ရေးချင်ရေးပေါ့
စာရေးတာကို အားပေးတယ် ဆက်ရေး

အဖြူရောင်နတ်သမီး said...

ကိုဇော်ပြောသလိုပဲ..
အမအတွက်တော့ အသစ်ပဲ..
ဖတ်သွား၏..ကောင်းမှကောင်းးးးးးးးးး

ngenge said...

nice story, sis!
keep on writing...
looking forward to reading more stories.. :)