သူ အံဆွဲကို ဖွင့်လိုက်သောအခါ ....
zippo မီးခြစ်လေး တလုံးရယ် သောက်လက်စ ကျန်တဲ့ စီးကရက်ဘူး တဘူးရယ်ကို တွေ့လိုက်သည်။ သူ သက်ပြင်းကို ဖြေးဖြေးလေး ချ မိသည်။ စီးကရက်မသောက်တာ တော်တော် တောင် ကြာပြီပဲ ဟု ကိုယ့်ကိုယ်ကို ပြောလိုက်မိသည်။ ဘေးနားတွင် mp3 လေးကလဲ ငြိမ်သက်စွာ လဲလျောင်းနေလေသည်။ သူ့ကိုသုံးမယ့်သူမရှိတော့သဖြင့် သူလဲ ဘာတာဝန်ကိုမှ လုပ်စရာ မရှိတော့ပေ။ သူသည် ဒုတိယမ္ပိ သက်ပြင်းချလိုက်မိသည်။
ထို့နောက်ဖြေးလေးစွာပဲ အံဆွဲကို ပြန်ပိတ်လိုက်သည်။ အခန်းနံရံတွင် သူဆွဲထားသော ကောင်မလေး ပုံတူ ပန်းချီကားလေးက သူ့ကို ပြုံးပြနေလေသည်။ ရယ်ပြနေသည်ဆို ပိုမှန်ပါလိမ့်မည် ။ ကောင်မလေးက ဘယ်တော့မှ လှလှပပ မပြုံးတတ်ပေ။
“ ကောင်မလေးရေ..... မင်း ဘယ်ရောက်နေလဲ ဒီပုံလေးကို မင်း သိပ်လိုချင်တယ်ဆို ” ဟု ရင်ထဲတွင် တီးတိုးပြောမိလေသည်။
ထိုပန်းချီကားလေးသည် ......
ကောင်မလေး ဓာတ်ပုံ သူ့ထံတွင် မရှိပါဘဲနှင့် သူ့စိတ်ကူးထဲက အတိုင်း ရေးဆွဲထားခြင်းဖြစ်လေသည်။
“ မတိုမရှည် ဆံပင်လေးများ လေထဲတွင် ဝဲကာ ပြုံးရွှင်နေသော ကောင်မလေး တယောက် ”
မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ဝေ့သီကာ သူ တတိယအကြိမ် သက်ပြင်းချ လိုက်မိပြန်သည်။
ထို့နောက် သူ့စိတ်အစဉ်သည် ဟိုးးးးးးးး အတိတ်ကာလ တခုဆီသို့...........
********
တရှုံ့ရှုံ့ဖြင့် သူ့ရှေ့တွင် ငိုနေသော ကောင်မလေးကို သူ မကြည့်ရက်ခဲ့ပေ။ ဘာပြောရမှန်းလဲမသိ။
“ မင်းကလဲကွာ တိတ်ပါတော့ မငိုပါနဲ့တော့ ဒါလေး ဖြစ်တာကို ”
“ ခင်ဗျားက မစာမနာ ပြောတတ်လိုက်တာ ကျနော် အရှက်ကွဲတယ်ဗျ ”
“ အေး ငါသာ ဆို မင်းနေရာမှာ ဆရာမ ကို ပြန်ပြောပြီး ထွက်ခဲ့မှာ သိလား ”
“ အော်.. ဒါကတော့ ခင်ဗျား ကိုးး ကျနော်ကကျနော်လေ ”
“ အေးလေ မင်း သတ္တိ မရှိတာကို ပြောတာပဲ ”
ဖြစ်ပုံက ပြည့်ပြည့် က GTC ကျောင်းသူ တယောက်ဖြစ်လေသည် ။ ဆရာမ က ပြည့်ပြည့်ကို စာမေးပွဲခန်းတွင် စကားပြောသည်ကို တတန်းလုံးကြားအောင် အော်ကြီးဟစ်ကျယ်ဖြင့် ပြည့်ပြည့်နံမည် ကိုခေါ်လိုက်ခြင်းဖြစ်သည်။အမှန်မှာလဲ ပြည့်ပြည့် ပြောခြင်းမဟုတ်ပါ။ သူများ လာပြောတာကို သူက ပြန်ဖြေရုံသာ ဖြစ်သည်။ ဒီတော့ ကျောင်းသားတွေရဲ့ မျက်လုံးက ပြည့်ပြည့်ကို ဝိုင်းကြည့်ကြလေသည်။ ထိုအခါ ပြည့်ပြည့်မှာ ကိုယ်လဲမဟုတ်ပဲ ခံရတော့ရှက်လေသည်။ ကျောင်းမှာတော့ ခပ်တည်တည်ဖြင့် ဘာမှဖြစ်မလာပါဘဲ ခုကျမှ သူ နဲ့တွေ့တော့ ငို တော့လေသည်။
မျက်လုံးနှင့် နှာခေါင်းများလဲ နီရဲနေသည် ပြည့်ပြည့်က
“ ကျနော်က ချာတိတ် မဟုတ်တော့ဘူးဗျ ဒီတော့ ရှက်တာပေါ့ ” ဆိုတော့ သူက
“ အင်းလေ မင်းက ချာတိတ်မှ မဟုတ်တော့ဘဲ ပါတိတ်ပဲ ဟာ ” ဟု အရွှန်းဖောက်လေသည်။
ပြည့်ပြည့်က ငိုနေရင်း ဟက်ခနဲ တချက်ရယ်ကာ
“ ခင်ဗျားနော် စိတ်တိုနေရတဲ့ကြားထဲ ”
“ နားစမ်းပါ အလုပ်မဟုတ်တာ မလုပ်စမ်းပါနဲ့ ငါတောင် လန့်သွားမယ် မင်း ဖုံးဆက်တော့ ဘာများ ဖြစ်ပြီလဲ လို့ ကဲ ကဲ တိတ်တိတ် မငိုနဲ့တော့ ”
စိတ်ထဲတွင် “ ကောင်မလေးရယ် မင်း ငိုတာကို ငါ မမြင်ချင်ဆုံးပါပဲ ” ဟု တီးတိုးပြောလိုက်မိသည်။
“ ကျေးဇူးဗျာ ခင်ဗျား အချိန်တွေအတွက် ”
“ အေး ဒါဆို ရင်ငါ သွားတော့မယ် ” ဟု ဆိုကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေသည်။
ပြည့်ပြည့်သည် သူ့နောက်ကျောကို ကြည့်ကာ ရင်ထဲ အတိုင်းမသိ ကြည်နူးသွားသည်။ ထို့နောက် တဖြေးဖြေးချင်း မျက်ရည်တွေကြားမှ ပြုံးလိုက်လေသည်။
********
“ Happy Birthday pyae sone ”
“ မွေးနေ့မှာ ပျော်ရွှင်ပါစေ ပြည့်ပြည့် ”
ဆိုတဲ့ မေးလ် တွေ ဆုတောင်းသံတွေ ကြားရတော့ ပြည့်ပြည့်တယောက် ပျော်မိသည်။
ဒါပေမယ့် ရင်ထဲမှာ တခုခုလိုနေသလို “ ဟာ ” နေသည် အဲဒါ ဘာလဲ ??
သူ့ ဆီက မွေးနေ့ ဆုတောင်းပေါ့
သူ ဘယ်တော့မှ ပြည့် ကို ဂရုမစိုက်ခဲ့ဘူးလေ။ သူ့အလုပ်တွေနဲ့ ရှုပ်နေခဲ့တာ ပဲလေ။ ပြည့် နားလည်ပါတယ်။ သူက အလုပ်ကလွဲလို့ ဘာကိုမှ ဂရုမထားတာ ဆိုတာ။ ပြည့်ပြောဖူးတယ် ပြည့်မွေးနေ့က ဒီလ ထဲရှိပါတယ် ဆိုတာကို သူ မှတ်မထားဘူး။ ဝမ်းမနည်းဘူး ဆိုပေမယ့် ပြည့် စိတ်မကောင်းဘူး။
ည ရောက်တော့ ပြည့် သူ့ ဆီ ဖုံးဆက်ခဲ့တယ်
“ ဟယ်လို ” အလောတကြီးထူးသံနဲ့အတူ သူ့အသံကို ကြားလိုက်ရတယ်။
“ ဒီနေ့ ကျနော့်မွေးနေ့ သိရဲ့လား လူကြီးရဲ့ ” လို့ အငေါထူးပြီး ပြည့်ပြောလိုက်သည်။
“ ဟုတ်လား ” တဲ့ ဘာမှမထူးခြားသလိုပါပဲ သူ့အသံက
“ သူများတွေအားလုံး Wish လုပ်ပြီးပြီ ခင်ဗျားပဲကျန်တော့တယ် ကဲ ဘယ်လိုလဲ ” သူ့ ဆီက မွေးနေ့ ဆုတောင်းလေး ပြည့်ကြားချင်ခဲ့တာပါ ပြည့် မလွန်ပါဘူးနော်။ သူက
“ ခဏ နော် ငါအလုပ်ရှုပ်နေလို့ ပြီးမှ ပြန်ခေါ်လိုက်မယ် သိလား ” ဆိုပြီး ဖုံးချသွားခဲ့သည်။
ပြည့် မအိပ်ခင် အချိန်ထိ သူ့ဖုံးကို စောင့်နေခဲ့တယ်လေ။ ပြည့်ကို သူလုံးဝ ဂရုမစိုက်ဘူး သိလား ပြည့်အရမ်းလဲ စိတ်မကောင်းဖြစ်မိတယ်။ သူနဲ့သိလာတဲ့တလျှောက်လုံးမှာ ပြည့် သူ့ ဆီက ဘာမှမတောင်းဆိုခဲ့ပါဘူး။ ဒါပေမယ့် မွေးနေ့ ဆုတောင်းလေးတော့ ပေးသင့်တယ်လို့ ထင်တယ်။ ပြည့်စိတ်မကောင်းလွန်းလို့ မျက်ရည်တောင် ဝဲမိတယ်။
ပြည့် ဒီနေ့ နေ့စွဲနဲ့ အသံသွင်းထားလိုက်မိတယ်။
*****
“ ခရစ်စမတ် လက်ဆောင် ခင်ဗျားကို ဘာပေးရင်ကောင်းမလဲ ခင်ဗျား ဘာလိုချင်လဲ ” လို့ ပြည့်ကမေးသည်။
“ ငါလား zippo မီးခြစ် လိုချင်တယ် အဟ ”
“ ဟာ.. ဗျာာ.. ခင်ဗျားကလဲ အဲဒါက ဈေးကြီးတယ်ဗျ တခြားဟာရော ကျနော်က ယောက်ျားလေးတွေကို တခါမှမပေးဖူးတော့ မသိဘူးဗျ ”
“ ဟားဟားးးး ဒါဆို မင်းရော ဘာလိုချင်လဲ ပြောကြည့်လေ ”
“ မသိဘူးဗျ ”
ဒီလိုနဲ့ ပြည့် ဒီနေ့ ဈေးဝယ်ထွက်ဖြစ်သည်။ zippo မီးခြစ်လိုချင်တယ် ဆိုတော့ ဈေးလဲ ကြည့်ရင်းနဲ့ ကောင်းမယ့်ဟာလေး လိုက်ရွေးမိသည်။
ဆေးလိပ်သောက်တာကို ပြည့်မကြိုက်ပေမယ့် သူက အဲဒီမီးခြစ်လိုချင်တယ်ဆိုတော့လဲ ပြည့် သူ့ကို လက်ဆောင်ပေးချင်တယ်။ ဈေးကြီးပေမယ့် ပြည့်ဝယ်ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိသည်။
ပြည့်က သူ့ကို ချစ်နေမိတာကိုး
ပြည့် သူ့ကိုချစ်တယ်ဆိုတာလေးကို အသံသွင်းထားလိုက်သည်။ တနေ့တော့ ပြည့် သူ့ဆီက ကြားရလိမ့်မယ်လို့ မျှော်လင့်သည်။
******
ပြည့်နဲ့ သူနဲ့ ဘယ်လိုစ သိခဲ့လဲ ?? ဒါကတော့ ရိုးပါတယ်။ ပြည့်တို့ရပ်ကွက်ထဲကို သူပြောင်းလာခဲ့တယ်။ ပြည့်ကျောင်းသွားတဲ့အချိန် ကားစောင့်ရင်း သူကလဲ ရုံးသွားဖို့ ကားစောင့်တာနဲ့ ဆုံနေတတ်တယ်။ သူက
“ ချာတိတ် မင်းက ငါတို့ရပ်ကွက်ထဲကပဲ ဟုတ်တယ်မလား ”
“ ဟုတ်တယ်ဗျ ” ဟု ဖြေမိသည်
“ ငါ မင်းကို သတိထားမိပါတယ် မင်း ယောက်ျားလေးတွေနဲ့ ဘောလုံးကန်တာ ငါတွေ့သားပဲ ”
အဲလိုပြောတော့လဲ ပြည့်ရှက်သွားသည်။ မိန်းကလေးတန်မဲ့ ပြည့်ကလဲ ဘောလုံးကန်မိတာကိုး
“ ခင်ဗျားက တယောက်တည်းနေတာလား ”
“ အေးပေါ့ မဟုတ်ရင် ငါ့အိမ်မှာ လူတွေ တွေ့မှာပေါ့ ကွ ”
“ ပြောင်းလာတာ မကြာသေးဘူးနဲ့တူတယ် အရင်က ဘယ်မှာနေတာလဲ ခင်ဗျားက ”
“ မင်းကလဲကွာ စပ်စုလိုက်တာ ” ဟု သူပြောတော့ ပြည့်တင်းသွားသည်
“ မဖြေချင်လဲ နေပေါ့ဗျာ မမေးဘူးပေါ့ ” ဟု နှုတ်ခမ်းစူကာ ပြောလိုက်သည်။ ဒါကို သူက
“ ဟားဟားးးးးး မင်းက တကယ့်ကလေးပဲ ” ဟု မှတ်ချက်ချသည်။
ပြည့်က ပြည့်ကို ကလေးလို့ပြောတာ နဲနဲမှမကျေနပ်
“ မဟုတ်ဘူးဗျ ကျနော် ကလေးမဟုတ်တော့ဘူး ”
“ ဟားဟားးးးး ချာတိတ် မင်းနဲ့စကားပြောရတာ တကယ်ရယ်ရတယ် ငါတော့ မိတ်ဆွေအသစ်ရတာပေါ့ ငါ့နံမည်မှတ်ထားနော် ကိုလင်းအောင် တဲ့မင်းနံမည်ရော ”
“ ပြည့်စုံ သူငယ်ချင်းတွေက ပြည့်ပြည့်လို့ခေါ်တယ် ”
ဒီလိုနဲ့ သူနဲ့ခင်မိသွားသည်။ မသိမသာ တယောက်နဲ့တယောက်သံယောဇဉ်တွယ်မိသည်။ ဒါကို သိပေမယ့်လဲ စည်းခြားနေလေသည်။ အသက်အရွယ် မတူဘူးဆိုသည့် စည်းက သူတို့ကြားထဲတွင် ခြားခဲ့လေသည်။ ၈ နှစ်လောက်ငယ်သည့် ပြည့်ကို သူကလဲ ကလေးလိုပဲ သဘောထားမိသည်။ ဒါပေမယ့် ချစ်သည် ကလေးကို မုန့်ပေးကြိုက်သည် ပြောခံရမှာလဲ မလိုချင်။ ဒီလိုနဲ့ သူတို့ကြားတွင် အီလည်လည် ဇတ်ကြီးမျောခဲ့သည်။
****
“ ကျနော့်သူငယ်ချင်းတွေက ဆံပင်ရှည်ထားကြတယ်ဗျ ကျနော်လဲ ထားရင်ကောင်းမလား စဉ်းစားနေတာ ”
“ ဘာလုပ်မှာလဲ နောက်ပြီး မင်း စဉ်းစားကြည့် ဆံပင်ရှည်တော့ အဲဒီ ဆံပင်ကို သ နေရမှာ ဘာမှ အလုပ်မဖြစ်ဘူး ပြီးတော့ ဆံပင်ရှည်နဲ့ ရုပ်ရင့်တယ်ကွ ”
အင်းနော် ပြည့်လဲ သူ ပြောတာနဲ့တင် ဆံပင်ရှည်မထားတော့ဘူးလို့ ဆုံးဖြတ် ချက် ချလိုက်တယ်။
အဲလိုပဲ တခါတလေမှာ ပြည့် တို့တွေ အတွေးက တိုက်ဆိုင်နေတတ်တယ်။
“ ချစ်တယ် ခင်ဗျားကို ” ဆိုပြီးတော့ ပြည့် အသံသွင်းထားလိုက်သည်။
*****
“ ခင်ဗျား ဟိုးနေ့က ပန်းချီပြခန်း သွားတယ်ဆို ”
“ အင်းလေ ဟုတ်တယ် ဘာလို့လဲ ”
“ ခင်ဗျားက နားလည်လို့လား ပန်းချီအကြောင်း ”
“ ဟားဟားးးးးးးးးးးး ငါက ငယ်ငယ်လေးကတည်းက ပန်းချီဆွဲလာတာကွ ခုမှသာ ငါ စွန့်လွှတ်ထားတာ ငါ ငယ်ငယ်က ပန်းချီဆရာ သိပ်ဖြစ်ချင်ခဲ့ မင်း သိလား လူပုံဆိုရင် ၈ ချိုးနဲ့ဆွဲတာ ရှိတယ် ၃ ချိုးနဲ့ ဆွဲတာ ၅ ချိုးနဲ့ ဆွဲတာရှိတယ်ကွ မော်ဒန် ပန်းချီ တွေ စ ပေါ်တုံးက ဆို ........... ”
သူ ပြောတာကို ပြည့် စိတ်ဝင်တစား နားထောင်နေမိတယ်။
“ ဒါဆို ခင်ဗျားက ပန်းချီ ဆွဲတတ်တယ်ပေါ့ ဟုတ်စ ”
“ သိပ်ဟုတ်တာပေါ့ ငါတို့မော်ဒန်ပန်းချီတွေဆိုက စိတ်ထဲ ပေါ်တာကို ဆွဲတာများ ကွ ဥပမာကွာ လူပုံ ဆိုရင် မျက်လုံး တို့နှာခေါင်းတို့ တပ်ပြီးတော့ ဆံပင်နေရာမှာ ကြိုးတွေ ဘာတွေ တပ်ချင် တပ်မယ် အဲလိုမျိုးကွ ပြီးတော့ လူပုံဆိုရင် အရင်ဆုံး ကောက်ကြောင်း ချရတယ်ကွာ ဒီတော့ အဲဒါတွေက မော်ဒန်မှာ ဒုက္ခရောက်တယ် မော်ဒန် ဆိုတာက ကိုယ့်စိတ်ထဲ ရှိတာကို ချ ပြနိုင်ဖို့ပဲ ဘာမှန်းလဲ ပုံဖော်လို့မရဘူး ငါတို့က အဲဒီကောက်ကြောင်းတွေ ချနေတာနဲ့တင်ပဲ စိတ်ထဲက ဖီလင်က ကုန်သွားရောကွ ငါ မော်ဒန် ပန်းချီစ ဆွဲ တုံးကဆို အရင်က သိပြီးသား basic တွေအကုန်မေ့ပစ်ရတာကွ ၁ လကျော်ကျော်လောက် ကြာတယ် ....... ”
စသည်ဖြင့် သူ ရှင်းပြသည်
“ ဒါဆို ကျနော့် ပုံ ဆွဲပေးမလား ” ဟု ပြည့် မေးလိုက်သည်။
“ အာ....... မင်းကလဲ ငါ မဆွဲတာကြာပေါ့ စက္ကူတွေ စုတ်တံတွေ ဝယ်ရမှာကွ ငါ ခု အလုပ်အရမ်း ရှုပ်နေတာ ”
“ အွန့် ခင်ဗျားကလဲ နေပေါ့ မဆွဲပေးလဲ ” ဟုဆိုကာ ပြည့် ခြေဆောင့်ကာ ထွက်ခဲ့သည်။
သူ ပြုံးမိသည် “ ကောင်မလေးရယ် ဆွဲစရာမလိုပါဘူး ငါ့ရင်ဘတ်ထဲမှာ မင်းပုံတွေ အပြည့်ရှိပါတယ် ” ဟု တီးတိုးပြောမိလေသည်။
*****
“ အန်တီနေကောင်းလား ဈေးလာတာလား ” ဟု သူ က ပြည့်မေမေကို နှုတ်ဆက်လိုက်လေသည်။
“ အေး ဟုတ်တယ် ”
ပြည့်မေမေက ဆက်ပြီးတော့
“ အတော်ပဲ မောင်လင်းအောင် နဲ့ အန်တီ စကားနဲနဲပြောစရာရှိတယ် အချိန်ရလား ” ဟု မေးလိုက်သည်။
“ ဟုတ်ကဲ့ ရပါတယ် ပြောပါ အန်တီ ”
“ ပြည့်အကြောင်း ပြောချင်လို့ပါ သမီးကလေ ငယ်သေးတော့ အမှားအမှန်လဲ သိပ်ပိုင်းခြားနိုင်မယ် မထင်ဘူး မင်းက သူ့ထက်အသက်ကြီးတော့ အများကြီး စဉ်းစားမိမှာပါ ”
ဘာကို ဆိုလိုတာလဲ ဆိုတာကို သူ သဘောပေါက်လိုက်ပါတယ်။
“ သမီးက ငယ်သေးတယ် ဒီတော့ အချစ်တွေဘာတွေလဲ သိဦးမှာမဟုတ်ဘူး ရပ်ကွက်ထဲမှာ မင်းတို့ ၂ ယောက်တွဲသွား တွဲလာ လုပ်နေတာ အားလုံးကလဲသိကြပါတယ် မင်း အန်တီ့တို့ သမီးလေးကို တင့်တောင်းတင့်တယ် နဲ့ ထားနိုင်ပြီဆိုရင် အန်တီတို့သဘောတူပေးမှာပါ ခုဟာက..... ” ဆိုပြီး စကားဆက်မပြောတော့ပါ။
သူ ခေါင်းကိုသာ တွင်တွင်ငုံ့ထားလိုက်မိသည် “ အန်တီ ဘာကို ဆိုလိုတာလဲ ဆိုတာ ကျွန်တော် နားလည်ပါတယ် စိတ်ချပါ အန်တီ ” ဟုပဲ ပြန်ပြောလိုက်မိသည်။
သူ့စိတ်ထဲတွင် ညစ်ညူးနေလေသည်။ ပြည့်မေမေ ပြောတာလဲ မှန်တာပဲလေ။ သူက ခု အိမ်ငှားနေတယ်လေ။ ကုမ္ပဏီမှာ အလုပ်လုပ်တာလဲ အရမ်းကြီးရတာမှမဟုတ်ပဲ။ တလ တလ ဒီလိုပဲ စားလိုက်သုံးလိုက်နဲ့ပဲ ပိုက်ဆံက မစုမိဘူးလေ။ အိမ်ထောင်တခုကို သူဘယ်လို တည်ဆောက်မလဲ။ ခုနေ ပြည့်နဲ့ သူနဲ့ ယူပါပြီရဲ့ပြည့်ကလဲ ကျောင်းမပြီးသေးဘူးလေ။ သူ သက်ပြင်းကို ဖြေးလေးစွာ ချမိလေသည်။ ထို့နောက် စီးကရက်တလိပ်ကို မီးညှိကာ ရှိုက်ဖွာလိုက်သည်။
************
အလုပ်က ပြန်လာတဲ့တနေ့ လမ်းပေါ်တွင် ချာတိတ်တသိုက် လမ်းလျှောက်လာသည်ကိုတွေ့လိုက်ရသည်။ အနီးရောက်မှ သေချာကြည့်လိုက်တော့ ထို အုပ်စုထဲတွင် ကောင်မလေး ပါနေလေသည်။
ပြည့်က သူ့ကိုတွေ့တော့
“ ဟေ့လူကြီး အခုမှအလုပ်က ပြန်လာတာလား ” ဟု နှုတ်ဆက်လေသည်။ သူ မျက်မှောင်ကြုံ့မိသည်။ ဘာလို့လဲ ဆိုတော့ ထိုအုပ်စုထဲတွင် မိန်းကလေးက ပြည့်အပါဝင်မှ ၂ ယောက်တည်းရယ် ကျန်တာတွေက ယောက်ျားလေးတွေဖြစ်နေသောကြောင့် ပင်။
ပြည့်ကပင် ဆက်ပြီးတော့ “ ဟေ့ရောင်တွေ သွားတော့ ကွာ တာ့တာ ငါ မလိုက်တော့ဘူး ” ဟု သူ့ဘော်ဒါတွေကို လမ်းခွဲလိုက်လေသည်။ သူ နဲ့ ပြည့်၂ ယောက်တည်း ကျန်ခဲ့တော့မှ ပြည့်က
“ ဟေ့ မေးနေတယ်လေ ဘာလဲ နားမပါဘူး လား ပြန်လာတာ နောက်ကျတယ်လို့ ဆိုနေ ” ဟု မေးသောအခါ သူက
“ အင်း ” ဟု တလုံးသာ ဖြေလေသည်။
“ ဘာလဲ မေးတာတောင် မဖြေချင်ဘူးပေါ့လေ ဟုတ်လား ”
“ မဟုတ်ပါဘူး ဒါနဲ့ မင်းသူငယ်ချင်းတွေက ယောက်ျားလေးတွေ များလှချည်လား ”
“ ဟဲဟဲ ကျနော်က ပေါင်းတာ ယောကျာ်းလေးတွေနဲ့ပဲပေါင်းတယ်လေ ခင်ဗျားလဲသိပါတယ် ရပ်ကွက်ထဲက ကလေးတွေနဲ့တောင် ကျနော် ဘောလုံးကန်သေးတာပဲ ” ဟု ပြန်ပြောလေသည်။
“ တူမလား ရပ်ကွက်ထဲကယောက်ျားလေးတွေက ကလေး တွေ ဒီလို ဆယ်ကျော်သက် မင်းနဲ့ရွယ်တူတွေ မဟုတ်ဘူး ” ဟု စိတ်ထဲမှ ပြန်ပြောလိုက်မိသည်။ အပြင်မှာတော့ထုတ်မပြောဖြစ်။ ဒါပေမယ့်စိတ်ထဲတွင်လဲ ဘဝင် မကျလှ။
“ အေးကွာ ငါ သွားတော့မယ် ” ဟု နှုတ်ဆက်ကာ ထွက်သွားလေသည်။
ပြည့် တယောက် သူ့ကျောပြင်ကို ကြည့်ကာ တယောက်တည်းကြိတ်ပြုံးလိုက်လေသည်။
“ အလကား လူဂျီး ကြိုက်ရင်လဲ ကြိုက်တယ်ပေါ့ ဖွင့်ပြောပေါ့ ဟွင့် ခုတော့ မြုံစိစိနဲ့အညင်ကိုကတ်တယ် ဟိဟိ ” ဟု တယောက်တည်း အူမြူးနေလေသည်။
*******
“ မေမေ ပြည့်သူငယ်ချင်းတွေနဲ့ ပဲခူးမှာ ဘုရားဖူးလိုက်သွားချင်တယ် ၂ ညအိပ်ခရီးတည်း ရယ်ပါ ” ဟု မိခင်ကို ခွင့်တောင်းသလိုပြောလေသည်။
“ သမီး ကိုယ့်ကိုယ် ဂရုစိုက်နော် ” ဟု မိခင်ဖြစ်သူက မှာလေသည်။
“ စိတ်ချ မေမေ ဘာမှမဖြစ်စေရဘူး ဒီကအပြန်ကျမှ ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲဦးမယ် ဟိဟိ ” ဟု တယောက်တည်း ပျော်ရွှင်နေလေသည်။
ပြည့်မေမေက ပြည့်ကို အဝတ်စားတွေ ဝိုင်းကူထည့်ပေးလေသည်။
ပြည့်ကတော့ စိတ်ကူးထဲတွင် ပြန်လာရင် သူ့ကို zippo မီးခြစ်နဲ့ ပဲခူးကလက်ဆောင်တခုခု ကို ခရစ်စမတ်လက်ဆောင်အဖြစ်ပေးမယ်လို့ တွေးရင်း ကြည်နူးနေမိသည်။
ည အိပ်ခါနီးတော့ အသံသွင်းပြီးတော့ အံဆွဲထဲတွင် zippo မီးခြစ်နဲ့အတူ mp3 လေးကို ထည့်ထားလိုက်သည်။
ထိုခရီးသည် ပြည့်အတွက် ပြန်လမ်းမရှိတော့ပြီကို ပြည့်လဲ မသိခဲ့သလို ဘယ်သူမှလဲ မသိခဲ့ပါ။
*******
ပြည့် တယောက်ပဲခူးက အပြန် ကားမှောက်လို့ ဆိုတဲ့သတင်းကြားလိုက်ရတော့ သူ ဘာပြောရမယ်မှန်းမသိအောင် ဆွံ့အ သွားခဲ့သည်။
ရင်ထဲမှာ ဖော်မပြတတ်တဲ့ ဝေဒနာ တခုက တိုးဝင်လာခဲ့သည်။ လည်ချောင်းတွင် တခုခုက ဆို့နေခဲ့သည် မျက်ရည်ကျတာလဲ မဟုတ်ပါဘဲနဲ့ အမြင်တွေဝါးနေခဲ့သည်။ သူ့ရင်တွေလဲ တဒိတ်ဒိတ်ဖြင့် ခုန်နေလေသည်။ သူ သည် တံတွေးတချက်ကို ခက်ခက်ခဲခဲ မြိုချကာ ပြည့်တို့ အိမ်ဖက်သို့ တလှမ်းချင်း လျှောက်သွားခဲ့လေသည်။
ပြည့်အိမ်ရောက်တော့ သူ့တွင် ဘာစကားမှ ပြောစရာမရှိခဲ့ပါ။
ပြည့် မေမေ ရဲ့မျက်လုံးတွေနီပြီးဖောင်းအစ်နေသည်။ တမိသားစုလုံး ပြည့်ကိုချစ်ကြသည်။ ခုလို ပြည့်တယောက် ကောက်ကာ ငင်ကာဆုံးသွားသည့်အတွက်လဲ ယူကြုံးမရဖြစ်ရရှာလေသည်။
သူက
“ အန်တီ ကျနော် ပြည့်အခန်းထဲ ဝင်ကြည့်လို့ရမလား ” ဟု တောင်းဆိုသလို မေးလေသည်။
ပြည့်မေမေက ခေါင်းပဲငြိမ့်ပြသည်။ စကားမပြောပါ ငိုမိမှာစိုးလို့နဲ့တူသည်။
သူ ပြည့်အခန်းထဲဝင်လာခဲ့သည်။ ပြည့်အခန်းထဲတွင် စာကြည့်စားပွဲ အိပ်ယာ ဘီဒို မှန်တင်ခုံ များဖြင့် အခန်းက သပ်ရပ်သန့်ရှင်းနေသည်။
စာကြည့်စားပွဲတွင် သူ ထိုင်လိုက်သည်။ စားပွဲပေါ်တွင် laptop တင်ထားသည်။ စာအုပ်တွေကို လှန်လှောကြည့်သည်။ သူနဲ့ ပတ်သက်တဲ့ တစုံတခုများ တွေ့လိုတွေ့ငြားပေါ့ ။ ဘာမှထွေထွေထူးထူးမရှိခဲ့ပါ။ အံဆွဲကိုဖွင့်ကြည့်လိုက်သည်။ mp3 နဲ့အတူ zippo မီးခြစ်တလုံးကို တွေ့ရသောအခါ သူ့စိတ်ထဲ တမျိုးဖြစ်သွားသည်။ mp3 ကို ကွန်ပြူတာဖြင့် ချိတ်ဆက်ပြီး ဖိုင်တွေကိုရှာသည်။ ဘာမှထွေထွေထူးထူး မရှိခဲ့ပါ။ သီချင်းတွေကို သူ တွေ့သည်။ တနေရာမှာ recording ဆိုတဲ့ ဖိုင်လေးကို သူ တွေ့လိုက်သည်။စိတ်ဝင်တစား ကလစ် လုပ်ကြည့်သည်။ record လုပ်ထားတဲ့ ဖိုင်တွေထွက်လာသည်။ ပထမဆုံး တခုကို သူနှိပ်ပြီး ဖွင့်လိုက်သည်။
ပြည့်အသံထွက်လာသည်...
“ အလကား လူကြီး အမြင်ကတ်တယ် အရူးကြီး ခင်ဗျား ဘာလို့ ကျနော့်ကိုရှောင်နေတာလဲ ကျနော်ဖုံးဆက်တိုင်းလဲ မကိုင်ဘူး ကျနော်ခင်ဗျား ကို အရမ်းတွေ့ချင်တယ်သိလား မနက်ဖြန် သူငယ်ချင်းတွေနဲ့ ပဲခူးကို ဘုရားဖူးသွားမလို့ အဲဒါ ခင်ဗျား ဘာမှာဦးမလဲ ဆိုပြီး ဖုံးဆက်တာ ခင်ဗျားက ဖုံးလဲမကိုင်ဘူး ရှိလဲမရှိဘူးနဲ့တူတယ် ကျနော် လက်ဆောင် တခုခုဝယ်ခဲ့မယ် သိလား ဗျ ” ဆိုတာ ပြည့် နောက်ဆုံးသွင်းသွားခဲ့တာလေးပဲဖြစ်သည်။
ပြည့် အနေနဲ့လဲ သူမ ဒီကိုဘယ်တော့မှပြန်မလာနိုင်တော့ဘူးဆိုတာ အဲဒီတုံးက မသိခဲ့ပါ။
သူ နားထောင်နိုင်စွမ်း မရှိတော့ပြီ မျက်လုံးကို မှိတ်ကာ အသာအယာသက်ပြင်းချမိသည်။
ကောင်မလေးရယ် ....
birthday ဆိုတဲ့ ဖိုင်လေးကို တွေ့သောအခါ သူ ကလစ်လုပ်ပြီး နားထောင်မိလေသည်။
“ ခင်ဗျား ဆီက မွေးနေ့ဆုတောင်းလေး လိုချင်နေခဲ့တာပါ ကျနော်လွန်လား ဗျာ သူများတွေ အားလုံး ပြောပြီးခဲ့တဲ့အချိန်ထိ ကျနော့်ကို တခွန်းမှ မပြောသေးတဲ့ ခင်ဗျား အလုပ်တွေရှုပ်နေတာနားလည်ပါတယ် ဒါပေမယ့် အိပ်ခါနီးလေးတောင် မွေးနေ့မှာ ပျော်ရွှင်ပါစေ တခွန်းပြောသွားးရင် ကျနော်ကျေနပ်ပါတယ် ခုတော့ ....
ကျနော် ခင်ဗျား ကို အရမ်းအမြင်ကတ်တယ် သိလား အရူးကြီး ”
ဆိုတဲ့ ပြည့်အသံကို ကြားသောအခါ သူ့ ခန္ဓာကိုယ်တခုလုံး အားမရှိသလို ပျော့ခွေသွားတော့သည်။
“ ကလေးရယ် ..... ” ဆိုတဲ့ စကားက သူ့လည်ချောင်းထဲကနေ ထွက်မလာနိုင်ခဲ့ပါ။
*****
ပြည့် မေမေဆီက ခွင့်တောင်းပြီးတော့ zippo မီးခြစ်လေးနဲ့ mp3 လေးကို သူ သိမ်းထားလိုက်လေသည်။
ဆေးလိပ်သောက်မယ် ကြံတိုင်း ထုတ်ကြည့်မိတာ zippo မီးခြစ်လေး ပြီးတော့ ပြည့်ပြောခဲ့တဲ့စကား
“ ကျနော်က ဆေးလိပ်ငွေ့မခံနိုင်ဘူးဗျ ကိုယ်တိုင်သောက်တာတော့ မနံပေမယ့် သူများသောက်ရင် နံတယ် ဗျ ” ဆိုတဲ့ စကားသံ
ဒီလိုနဲ့ သူ ဆေးလိပ်ပြတ်သွားခဲ့သည်။
“ ကောင်မလေးရယ် ငါ မင်းကို သိပ်ချစ်ပါတယ် ငါနဲ့ မင်းနဲ့အခြေတူဖို့ ငါလိုက်ညှိနေခဲ့တာပါ ငါ မင်း ကိုအရမ်းချစ်ပါတယ် ကလေးရယ် ....... ”
ဆိုတဲ့စကားသံကို ပြည့်တယောက် အရမ်းကြားချင်ခဲ့တာပါ တမလွန်ဘဝကနေ ကြားရင် ဘယ်လိုများ နေမှာပါလိမ့် ???
သူသည် ပြည့်အတွက် ပုံတူ ပန်းချီကားလေးတချပ် ဆွဲထားပေးလေသည်။ သို့သော်လဲ... ထိုပန်းချီကားလေးကို ပြည့်တယောက် ဘယ်တော့မှ မမြင်နိုင်တော့ဘူးလေ ..............
စာဖတ်ပရိတ်သတ်ကို အစဉ်လေးစားတော့ အားဖြင့်
ဆက်လက်၍ ကြိုးစားပါဦးမည်။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
2 months ago



13 comments:
ဟာတာတာ ရင်ခွင်တစ်စုံ ဖြစ်ကျန်ခဲ့တယ်ဗျာ။
ဇာတ်လမ်းလေးကောင်းတယ် ညီမရေ။
ဖတ်ကောင်းတယ်ညီမလေးရေ။
ဆက်လက်အားပေးနေပါတယ်။
အရမ်း ကောင်းတယ်ဗျာ။ တစ်ခုခု ရင်ဘတ်ထဲမှာ ကျန်ခဲ့တယ်။
ကောင်းလိုက်တဲ့ အရေးအသား . . . ဇာတ်လမ်းကောင်းလေး တပုဒ်ပါပဲ
ဆက်ရေးပါဦး
ခင်မင်စွာဖြင့်
ဗညား
အချိန်တွေက တန်ဖိုးရှိတယ်နော် .. လက်ရှိချိန်လေးကို တန်ဖိုးထား ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ရင် ကောင်းမှာ ..
မိုးခါး
ဇာတ်လမ်းက...တော်တော်ကောင်းတယ်နော်... အရေးအသားကောင်းတယ်ဗျ...ကိုချမ်းလင်းပြောသလို...ဟာတာတာ...ရင်ခွင်တစ်စုံ...ဖြစ်ကျန်ခဲ့တယ်ဗျာ... ရွှင်လန်းချမ်းမြေ့ပါစေနော်...
ဝက်ကလေးအရမ်းတော်လာတယ်
စာတွေ ကောင်းကောင်းရေးလာနိုင်ပြီဘဲ
များများရေးပါလို့ တိုက်တွန်းလိုက်တယ်နော်။
ခုလို ဖတ်ကောင်းတဲ့ တစ်ခုခုရင်ထဲ ထိကျန်ခဲ့တဲ့ စာလေးတွေ ဖတ်ချင်တယ်။
Bravo
ဝက်ကလေးအရမ်းတော်လာတယ်
စာတွေ ကောင်းကောင်းရေးလာနိုင်ပြီဘဲ
များများရေးပါလို့ တိုက်တွန်းလိုက်တယ်နော်။
ခုလို ဖတ်ကောင်းတဲ့ တစ်ခုခုရင်ထဲ ထိကျန်ခဲ့တဲ့ စာလေးတွေ ဖတ်ချင်တယ်။
Bravo
ကောင်းသထက် ကောင်းလာတယ်။
ဘယ်လိုပဲ ပြောပြော ဝက်ရေးဟန်ကတော့ ပျောက်မသွားဘူး။ ဂွတ် . . ။
ဂုဏ်ယူတယ်နော် ဆလူးလေး
ထပ်ရေးအုံး
အားပေးတယ်
စာဆိုတာ ရေးတာများလာလေ ကောင်းလာလေပဲ။
ဝက်ရေ လာဖတ်သွားတယ် အဟင့် ဖတ်ပြီးငိုချင် အဟင့် အရမ်းကောင်းတယ် တစ်ကယ်
daw gyi watt.... ayann kaung par ei....bar lo pay they lite ya tar lel.. pay ma tey ne kwarr....
they lite tot ngo chin twar tar pop lo...
လာလည်တယ် ချစ်ကလေး... ဝက်
Post a Comment