ကျွန်မတို့ ၄ , ၅ နှစ်အရွယ် (၁၉၃၀ ခုနှစ်လောက်) တွင် တညသော ဆောင်းရာသီကာလ သန်းခေါင်ကြက်များ တွန်ကြသည့် ဆယ့်နှစ်နာရီ အချိန်တွင်
" အမလေး ကယ်ကြပါဦး လာကြပါဦး " ဟူသော အော်သံကြီး တခုကြောင့် အိပ်မောကျနေသူများ လန့်နိုးကုန်ကြရာ အော်သံကြားရာသို့ အပြေးအလွှားရောက်သွားကုန်ကြသည် ကျွန်မတို့ မိသားစုများလဲ နိုးကုန်ကြသည် သို့ပါသော်လည်း ကျွန်မ မိဘ နှစ်ပါးသည် မီးအိမ်မှန်ကို မီးစာမြှင့်ကာ ဘာဖြစ်တာပါလိမ့်ဟု အိမ်တံခါးကို မဖွင့်ဘဲ နားစွင့်လျှက်သာ ထိုင်နေကြသည်
အချိန်သိပ်မကြာလှပါ မိနစ်နှစ်ဆယ်လောက်သာ ကြာမည် ထင်ပါသည်
" ဆရာ ဆရာ " ဟူသော အသံနှင့်အတူ ကျွန်မတို့အိမ်တံခါးကို လာခေါက်ကြသော အသံများ ကြား၍ ကျွန်မ ဘဘ က တံခါးကို သွားဖွင့်ပေးပါသည် (ကျွန်မတို့က အဖေကို ဘဘ လို့ခေါ်ပါတယ် ) ကျွန်မ ဘဘ သည် ဗန္ဓောဆေးဆရာလဲ ဟုတ်သည် ပယောဂများကို ကုပေးသည့် မနောစိတ္တုပါဒ် ဂိုဏ်းဝင် ဆရာတယောက်လည်း ဖြစ်သည် တံခါး ပွင့်သွားသောအခါ
" ဦးလေး ဒေါ်လှမြ ငတိုးတယောက် ဘာဖြစ်တယ် မသိဘူး သင်္ချိုင်းမှာ လဲနေတာ တွေ့လို့ သူ့အမေကြိးအော်ခေါ်အကူအညီတောင်းတာနဲ့ ကျွန်တော်တို့ သွားထမ်းခေါ်ခဲ့ကြတယ် အခုထိ သတိမရသေးဘူး ဦးလေး လိုက်ကြည့်ပေးပါဦး " ဟုပြော၏
ကျွန်မတို့ ဘဘ သည် ငွေကြေးများ ယူ၍ကုသပေးနေသည့် ဆရာမဟုတ်ပါ သူဝါသနာပါ၍လိုက်စားထားသော ပညာရပ်များနှင့် စေတနာ သန့်သန့် ထားပြီး ကုပေးနေသည့် ဆရာဖြစ်လေသည် ဘဘကုသပေး၍ ပျောက်သွားကြသော လူနာများကလဲ ကွမ်းဆေး ဖယောင်းတိုင် စသည်မျှနှင့် ဖန်ခွက်ထဲသို့ ထည့်ကာ လာရောက် ကန်တော့ ကြလျှင်လဲ ကျေနပ်နေသူ ဖြစ်သည် သူတို့လာခေါ်သော မလှမြင့် အိမ်က ကျွန်မတို့အိမ်နှင့် အတန်ငယ် လှမ်းပါသည် သူတို့အိမ်သည် ကျွန်မတို့ ရွာ၏ သုသာန် နှင့် ဝါးသုံးတန် လောက် ဝေးသော နေရာတွင် ရှိလေသည်
ထိုည က ဘဘသည် မနက် ၃ နာရီလောက်မှ ပြန်ရောက်လာသည် မေမေက
" ငတိုးဘာဖြစ်တာလဲ အခုတလော သင်္ချိုင်းမှာ သိပ်အခြောက်အလှန့် များနေတယ်လို့ ဈေးထဲမှာ ပြောသံကြားတယ် ငတိုးက ဘာကိစ္စနဲ့ သင်္ချိုင်းကို သွားရတာလဲတဲ့ " ဟုမေးပါသည် ဘဘက သူယူသွားသော ဆေးအိတ်ကို ဗီဒိုပေါ်သို့ တင်ရင်း
" ဟာ ဒီကောင် လူရှုပ် မဟုတ်မဟတ်တွေ လျှောက်လုပ်လာတာ မသေကောင်းမပျောက်ကောင်း ရတနာ သုံးပါ ဂုဏ်ကျေးဇူးကြောင့် အသက် ချမ်းသာရာ ရလာတာ " ဟုပြောလေသည် မနက်မိုးလင်း၍ ဒေါ်လှမြင့် အိမ်သို့ မေမေ သတင်းသွားရောက် မေးသောအခါ မှ အဖြစ်မှန်ကို သိရလေသည်
ကျွန်မတို့ ရွာသင်္ချိုင်းနှင့် ရွှေဂံတောင် ဟူသော ရွာကလေး၏ သင်္ချိုင်း ၂ ခုသည် နီးစပ်နေကြသည် ထိုသင်္ချိုင်း ၂ ခုကြားတွင် လူတရပ် ကျော်ကျော်ရှိသည့် သစ်ပင်ခြုံနွယ်များလဲ ရှိသည် သို့သော် ရွာချင်းနီးနေကြသည်က တစ်ကြောင်း ထိုရွာမှလူများသည် ကျွန်မတို့ ရွာသို့ ဈေးရောင်း ဈေးဝယ်လာကြသည်က တကြောင်း သင်္ချိုင်းကို ကြောက်စရာမလိုဟု မည်သူကမျှ မသိခဲ့ကြ အကြောင့်ကြမဲ့စွာနှင့်သာ ဖြတ်သန်းသွားလာနေခဲ့ကြသည်
သို့သော် တနေ့သောအခါ သင်္ချိုင်း နှစ်ခု အကြားတွင် တစ္တေခြောက်သည် တစ္တေသည် တခါတရံ ခေါင်းတလားများကို ရွက်ကာ ခြောက်လှန့်သည် တခါတရံများတွင်မူ ခြုံများကြားမှ ဘွားခနဲထွက်ကာကြောက်စရာ အသံနက်ကြီးအော်ဟစ်ခြောက်လှန့်သည်ဟု သတင်းကြီးလာသည် ထို့ကြောင့် ထိုသင်္ချိုင်းများသို့ ခါတိုင်းကဲ့သို့ ဖြတ်သန်းသွားလာမှု မပြုကြတော့ဘဲ ကိစ္စကြီးငယ် ရှိလျှင် လူစုလူဝေးဖြင့်သာ ဖြတ်သန်းသွားလာသည် အထိ ဖြစ်လာကြတော့သည်
ထိုသို့ တစ္တေခြောက်သည်ဟု နံမည်ကြီးနေသော သင်္ချိုင်း ၂ အကြောင်းကို ကြားလျှင် ငတိုးသည် အားရပါးရရယ်လေသည်
" မဟုတ်နိုင်တာကွာ ငါတို့လဲအချိန်မရှိ အချိန်ရှိ ကိစ္စပေါ်ရင် သွားနေရတာပဲ အခြောက်မခံရပါဘူး " ဟုပြောလေသည်
" အခြောက်မခံရရင် တညလောက်သွားကြည့်လေ အဲဒီတော့မှ အမလေး ကြောက်ပါပြီ ဗျလို့ အော်မပြေးနဲ့ " ဟုခြောက်ခံရသူများက ပြောလျှင် ငတိုးသည် မျက်ရည်ထွက်အောင်ရယ်တော့သည်
ငတိုးမှာ အဖေမရှိ ငယ်စဉ်ကတည်းကပင် ဆုံးသွားခဲ့သည် ထို့ကြောင့် မိခင် ဒေါ်လှမြင့်နှင့် သူ့ညီမလေးပဲ ရှိသည် ငတိုးအမေက အိမ်မှာ ကုန်စုံဆိုင်လေး ဖွင့်ထားသည် ငတိုးက နွားလှည်းတစီးဖြင့် အငှားလိုက်သည် ထို့ကြောင့် စီးပွားရေးအခြေအနေဖြင့်မဆိုးလှပါ
တညသောအခါ ည ၁၀ နာရီ ကျော်ကျော် အချိန်တွင် ဒေါ်လှမြင့်တို့သားအမိ အိပ်ယာထဲရောက်နေချိန်မှာ မိန်းမသံဖြင့်
" အဒေါ် အဒေါ် အိမ်တံခါး ဖွင့်ပေးပါ ကိစ္စရှိလို့ " ဟုခေါ်လာသည် ဒေါ်လှမြင့်က တံခါးဖွင့်ပေးလိုက်လျှင် အသက် နှစ်ဆယ် အရွယ် မိန်းကလေးတယောက် အထုပ်တခုကို ရင်မှာပိုက်လျှက် တွေ့ရသည်
" ဘာကိစ္စရှိလို့လဲ ကွယ့် " ဟုဒေါ်လှမြင့်က ကိုင်လာသော မီးအိမ်ကိုမြှင့်၍ မိန်းကလေး၏ မျက်နှာကို မြင်ရရန်အတွက် ကြည့်လေလျှင် မိန်းကလေး ရုပ်ရည်မှာ သနားကမားပါပဲ သူ့ခမျာ ရှက်ရှာသော အမူအရာဖြင့်
" အဒေါ် ကျွန်မကို ကိုငတိုး ခိုးလာတာပါ ကျွန်မက ရွှေဂတောင် ရွာက ဦးဘိုအေး သမီးပါ " ဟုပြောသည်
" ငတိုးအခုဘယ်မှာလဲ " ဟုမေးလျှင်
" သူက ဘာဖြစ်လို့ ကျန်ခဲ့တာလဲမသိဘူး ကျွန်မအိမ်က လိုက်လာလို့ တွေ့သွားရင် ကျွန်မခက်နေမယ် အိမ်ထဲကို ဝင်ပြီး ကိုငတိုး အိပ်ယာထဲမှာ ကျွန်မဝင်နေပါရစေ ဒီအထုပ်လေး အဒေါ်ပဲ သိမ်းထားပေးပါ " ဟု လက်ကိုင်ပုဝါနှင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်ကို လှမ်းပေးသည် ဒေါ်လှမြင့်မှာလဲ သူ့လက်ထဲရောက်လာသော အထုပ်လေးသည် နင့်ခနဲ ရှိလှသည် ဖြစ်ပေ၍ ဧကန္တ မိန်းကလေး ရဲ့ လက်ဝတ်ရတနာတွေပဲ ဖြစ်မှာပဲ ဟု ထင်၍ ယူထားလိုက်ပြီးလျှင်
" အေး အေး ဟောဒီအခန်း က ငတိုးအခန်းပဲ ဝင်နေချင် နေ " ဟုပြောလိုက်လေသည် မိန်းကလေးသည် ခြင်ထောင်ထဲသို့ ဝင်နေကာ ခြင်ထောင်ကို ကျကျနန ချပြီးသော အခါမှ
" အဒေါ် ကိုငတိုးကို လိုက်ခေါ်ပါဦး ကျွန်မလာတော့ ပိတောက် ငုတ်တိုပင်ကြီးအောက်မှာ ကျန်ခဲ့တယ် " ဟုပြောပြီး အိပ်ယာပေါ်သို့ လှဲချလိုက်သည်
ဒေါ်လှမြသည် လက်မှ မှန်အိမ်ကို ကိုင်၍ သင်္ချိုင်းဖက်သို့ ခြေလှမ်းခပ်သွက်သွက် လှမ်းလာသည် လမ်းမှာ ရွာထဲလှည့်ပတ်နေသည့် ကင်းသမား ၃ ယောက်ကို တွေ့နေရခြင်းက တကြောင်း သားလုပ်ပုံကို မကျေနပ်ခြင်းက တကြောင်း ရွာထဲမှာ တစ္တေခြောက်နေသည် ဟု သတင်းကြီးနေလျှက် ဒေါသဦးဆောင်ကာ ထွက်လာခဲ့ခြင်းဖြစ်သည် သို့သော် ပိတောက်ငုတ်တိုနဲ့ နီကပ်လာသောအခါ သားငတိုးကို မတွေ့ရပဲနဲ့ ညည်းညူသံကြီးကို ကြားလိုက်ရသောကြောင့် ဒေါ်လှမြသည် ကြက်သီးတဖျန်းဖျန်းထကာ နောက်လှည့်ပြေးလေသည်
သို့သော် လသာရက်ဖြစ်၍ ကြောက်စိတ်နှင့်ပြေးရင်းမှ နောက်သို့ပြန်ပြီး လှည့်ကြည့်မိလေလျှင် ညည်းညူသံကြားရသော နေရာမှ လူတယောက်လူးလိမ့်နေသလိုမျိုးကို သူမြင်မိလေလျှင် သားငတိုးများ ဖြစ်နေမလား သူခိုးလာသော ကလေးမ ဘက်ကလူများ က သူ့ကို ရိုက်နှက်သွားကြလေသလား ဟု စိတ်ထင်ကာ ပူပန်စိတ်ဖြင့် အနီးကပ် ပြေးသွားကြည့်လျှင် အမှန်ပဲ သူ့သားဖြစ်နေလေသည်
" ငတိုး ငတိုး " ဟုခေါ်ကြည့်သောအခါ လုံးဝ ပြန်ထူးသံမကြားရချေ ထိုအခါမှ သူလဲ
" လာကြပါဦး ကယ်ကြပါဦး " ဟုအော်တော့သည်
ငတိုးကို ယောက်ျားကြီး ၄ ယောက်ထမ်းခေါ်လာစဉ် ၂ ယောက် ၃ ယောက်လောက်က ကျွန်မ ဘဘ ကိုလာခေါ်ခြင်းဖြစ်သည် အားလုံး၏စိတ်တွင် ငတိုးသည် သင်္ချိုင်းတွင်ခြောက်လှန့်နေသော သရဲနှင့်တွေ့ကာ ခြောက်လှန့်ခံရ၍ အပမှီနေခြင်းဖြစ်သည် ဟု ထင်ကြလေသည် ကျွန်မ ဘဘ ရောက်သွားသောအခါ သေချာ စစ်ဆေးကြည့်လျှင် အပမှီနေခြင်းမဟုတ် ငတိုးအကြောက်လွန်နေခြင်းဖြစ်သည် ဟု သိရှိကာ ဘဘ သည် ဘုရားစင် ရှေ့တွင် ရေတဖလားနှင့် အဓဌာန်ပြုကာ ပူဇော်ရွတ်ဆိုပြီးလျှင် ထိုရေဖြင့် ငတိုးတကိုယ်လုံးကို တောက်ဖြန်းသည် မျက်နှာပေါ်သို့ တောက်ဖြန်းပေးပြီးမှ ငတိုးကို ပုတ်ကာ
" ငတိုး ငတိုး ငတိုး မင်းနေကောင်းသွားပြီ ထစမ်း " ဟု ထိုင်ခိုင်းလိုက်၏
ထိုအခါ ငတိုး မျက်လုံးများ ပွင့်လာသည် ဟိုကြည့် ဒီကြည့်ဖြင့် ကြည့်နေရာမှ ကျွန်မ ဘဘ ကိုမြင်လျှင်
" ဘကြီး ကျွန်တော် ဘယ်ရောက်နေတာလဲ " ဟုမေးလေသည် ဒေါ်လှမြက ထိုအခါ
" ဟဲ့သား ဒါနင့်အိမ်လေ သေချာကြည့်ပါဦး " ဟုဝင်ပြောကာမှ ငတိုးသည် သက်ပြင်းကြီးချကာ
" အင်း မသေကောင်းမပျောက်ကောင်းဖြစ်ရတာပဲ ဒီလိုဖြစ်ရတာ ကျွန်တော့ အပြစ်ပါ " ဟု လေသံလေးလေးကြီးဖြင့်ပြောလျှင် အားလုံးက ဝိုင်းမေးကြလေသည်
" ငတိုး နင်ဘယ်လိုအခြောက်ခံရလို့ အခုလိုဖြစ်သွားတာလဲ တို့ကိုပြောပြစမ်း သူများတွေပြောတုံးက မင်း မျက်ရည်ထွက်အောင် ရယ်တယ်လေ သရဲအခြောက်ခံရတာ ကြောက်စရာလားလို့ မင်းမေးတယ်လေ အခုတော့ သတိမရလောက်အောင် ဘယ်လိုများ ခြောက်ခံရလဲ " ဟု ဝိုင်းမေးကြလေသည် ထိုအခါ ငတိုးသည်
" ပြောပါ့မယ် " ဟု လေသံငယ်လေးဖြင့် သူ့ညီမထံမှ ရေတခွက်တောင်းသောက်ကာ အကြောင်းစုံ ရှင်းပြလေသည်
"အစကတာ့ အပျော်သဘောနဲ့ သင်္ချိုင်း နှစ်ခုကြားမှာ သွားလာနေတဲ့လူတွေကို ကျွန်တော့်ကိုယ်ကျွန်တော် ရုပ်ဖျက်ပြီး ခေါင်းတလားတွေကို ထမ်းလိုထမ်း လူသေတဲ့ဝါးလုံးစင်တွေကို ကိုင်လိုကိုင်ပြီးမှောင်ပြီဆိုတာ နဲ့ တွေ့ရာလူကို လိုက်ခြောက်တော့ လန့်အော် ထွက်ပြေးကြတာကိုမြင်တော့ ကျွန်တော်သိပ်ပျော်သွားတယ် ကျွန်တော့်အတွက် ကစားစရာ အဖြစ်နဲ့ ဆက်ပြီးခြောက်လှန့်လာခဲ့တယ် အဲလိုခြောက်လှန့်လာခဲ့တာ ၂ လလောက်ကြာတော့ တညမှာ အမှောင်ထဲကနေပြီး မိန်းမတယောက်ထွက်လာတယ် အထုပ်လေး တထုပ် ခေါင်းပေါ်ရွက်ပြီး ကျွန်တော် ပုန်းနေတဲ့ ပိစပ်ပင် အကြားကို လျှောက်လာတော့ ကျွန်တော်လဲ ခါတိုင်းလူတွေကို ခြောက်သလို သူ့နောက်ကို ခြေသံတဖုတ်ဖုတ် အသံပေးပြီးလိုက်တာပေါ့ ဒါပေမယ့် ကျွန်တော်ပြေးလာတာကို ဆက်မပြေးပဲ သူခြေအစုံရပ်ပြီး ကျွန်တော့်ကို စိန်းစိန်းကြီးစိုက်ကြည့်နေတယ် ကျွန်တော့်စိတ်ထဲမှာ သူများတွေ ပြောတာကြားဖူးတာက တစ္တေခြောက်ရင် ဆက်မပြေးဘဲ ခြေစုံရပ်ပြီး ဆက်နေ တစ္တေက မခြောက်ပဲ လှည့်ပြန်သွားလိမ့်မယ် လို့ကြားဖူးတာကို အမှတ်ရပြီး ဒီမိန်းမ ငါခြောက်တာကို မကြောက်ဘူးဆိုပြီး အတင်းနပန်းဝင်လုံးတော့ သူကပြန်လုံးတယ် သန်လိုက်တာလဲမပြောနဲ့တော့ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်နေအောင် ထွက်လာတာတောင် နောက်တော့ မြေကြီးပေါ် ကျွန်တော် ပက်လက်လဲကျသွားတော့ သူက ငါမှန်းသိပြီလားဟဲ့ နင်က လူပါးဝ ပြီးငါ့နယ်ထဲ လာကျယ်နေတယ် နောက်ထပ် လုပ်ဝံ့ရင် အသေကိုက်သတ်ပစ်မယ် ပြောပြီး ရင်ဝကို ဖနောင်နဲ့ပေါက်လိုက်တာ သုံးလေးချက်ပဲ ဒီတော့မှ သူဟာ လူမဟုတ်ပါလား ဆိုပြီး ကျွန်တော်လဲ ကြောက်ကြောက်နဲ့ ဘုရားကယ်တော်မူပါ တရားကယ်တော်မူပါ သံဃာအရှင်မြတ်ကြီးများ ကယ်တော်မူပါ ဆံတော်ကျိတ် ဒေးယုံဘုရားကြီးကယ်တော်မူပါ ဘုရား လို့ လက်အုပ်ချီပြီး ကန်တော့လိုက်တော့မှ အဲဒီမိန်းမ ထွက်ပြေးသွားတာကို မြင်လိုက်ရပြီး ကျွန်တော်လဲ သတိလစ်သွားတော့တယ် အင်းးးးး တကယ်တော့ ကျွန်တော့် အဖြစ်က ကိုယ့်ရှူးကိုယ်ပတ်တဲ့အဖြစ်ပဲ " ဟု ငတိုးက နောင်တရစွာဖြင့် ပြောရှာလေသည်
နားထောင်သူအချို့က ရယ်သူရယ် ပြုံးသူပြုံး
" အင်း မင်းအဖြစ်ကလဲ ဘုရားကိုယ်တော် မြတ်ကယ်ပေလို့သာပေါ့ မဟုတ်ရင် မတွေးရဲစရာပါပဲ " ဟု ဆိုကြသည် ထိုအခါမှ ငတိုးအမေ ဒေါ်လှမြင့်မှာ သူခိုးယူလာသော မိန်းကလေးအကြောင်းမေးချင်ပါသော်လည်း အိမ်မှာလူမစဲသေးသဖြင့် ခေတ္တစောင့်ကာ သူ့စကားအဆုံးသတ်တော့မှ
" ကဲ ငါ့သားပင်ပန်းပြီ စောင်ထူထူခြုံပြီး ဝင်အိပ်လိုက်ဦး မိုးလင်းဖို့ အများကြီးလိုသေးတယ် အိပ်လိုက်ဦး " ဟု ဆိုသဖြင့် ဧည့်သည်တွေ ပြန်သွားမှ သူ့သားလက်ကို ဆွဲပြီး
" နင် ဘယ်လိုလုပ်တာလဲ ငတိုး ငါ့မှာ နင်လွှတ်လိုက်တဲ့ မိန်းကလေးကိုအခန်းထဲသွင်းပြီး ခြင်ထောင်ထဲမှာ သိပ်ခဲ့ရတယ် ဘယ်ကမိန်းကလေးလဲ အခုဟာကလဲ နင့်ကို တစ္တေရိုက်တာမှ ဟုတ်ရဲ့လား မိန်းကလေး အမျိုးတွေက နင့်ကို ရိုက်တာမလား ရိုက်လို့အားရမှ သေပြီဆိုပြီး နင့်ကို ထားခဲ့တာဖြစ်မှာပေါ့ ငတိုးရယ် နင်လုပ်လိုက်မှဖြင့် အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ " ဟု မြည်တွန်တောက်တီးလေသည် ငတိုးမှ ဘာမှနားမလည်ဟန်ဖြင့်
" အမေ ဘာတွေ လျှောက်ပြောနေတာလဲ ဘယ်မိန်းမကိုမှ ကျွန်တော် မလွှတ်ဘူး ဘယ်မှာလဲ အဲဒီမိန်းမ " ဟုဆိုကာ သူ့အမေနှင့်အတူ သူ့အိမ်ခန်းတံခါးကို ဖွင့်လိုက်လျှင် ခြင်ထောင်ထဲမှာ ဘယ်သူမှမရှိ ဖျာစုတ်တခုနှင့် လူသေများကို အသက်သေပြီးစတွင် တင်ထားလေ့ရှိသည့် ဝါးကပ်စင်တခုကိုသာတွေ့ရလေသည် ဒေါ်လှမြမှာ
" ဟင် ဒီလိုဆိုရင် ငါ့ကို အပ်သွားတဲ့အထုပ်ဆိုတာ ဘာအထုပ်များ ဖြစ်နေမလဲမသိဘူး ဖြေကြည့်ရအောင် သမီးသွားယူခဲ့" ဟု ဆိုလျှင် ငတိုးမှာ
" ဟင် ဘာအထုပ်လဲ ဘာအပ်သွားတာလဲ " ဟု အငမ်းမရ သူ့အမေကို မေးနေစဉ် မည်းညစ်နေသည့် ပိတ်စ တခုဖြင့် ထုပ်ထားသည့် အထုပ်တခုကို သူ့ညီမက ယူလာကာ အမေ့လက်ထဲသို့ထည့်လျှင် သူတို့သားအမိတွေ ရင်တဒိတ်ဒိတ်ဖြင့် ဖွင့်ကြည့်ကြလေသည် လူအရိုးများဟု ထင်ရသည့် လူ၏လက်ချောင်းများကို ချိုးဖဲ့ကာ ထည့်ထားသည့် အဖြစ်အားမြင်လိုက်ရလျှင် ဒေါ်လှမြသည်
" အမလေး " ဟုအော်ကာ ပုံလဲကျသွားလေတော့သည်
နောက်နှစ်ရက်ခန့်ကြာသောအခါ ဒေါ်လှမြသည် ကျွန်မ ဘဘ ထံသို့ရောက်လာသည် သူ့အိမ်မှာ ဘာမှအခြောက်အလှန့်မရှိပါသော်လည်း ဖြစ်သမျှအားလုံးကို မျက်စိထဲတွင် မြင်နေကာ မအိပ်ဝံ့မနေဝံ့ ဖြစ်နေပါသည် မီးထွန်းချိန်ရောက်လျှင် ခြေလက်များ တုန်တုန်ယင်ယင်ဖြစ်လာတော့သည် သူဘာလုပ်ရရင်ကောင်းမည်နည်း ဟု လာမေးခြင်းဖြစ်သည်
" နင်တို့ စိတ်ထဲရှင်းသွားအော် အိမ်မှာကိုးကွယ်တဲ့ ဘုရားကို သံဃာတော်တွေ ပင့်ဖိတ်ပြီး အနေကဇာတင် ပရိတ်တော်များ ရွတ်ဖတ် ဆွမ်း ပန်း ကပ်လှူ လိုက်ပေါ့ စိတ်လဲရှင်း အိမ်လဲရှင်း အားလုံး ရှင်းသွားမှာပါ သင်္ချိုင်းဆိုတာတွေက အစောင့်တွေရှိတာချည်းပဲ တို့ရွာသင်္ချိုင်းစောင့်တဲ့ ပြိတ္တာမက စိတ်ပြင်းထန်တယ်ထင်ပါရဲ့ ငတိုးလုပ်ပုံက သူ့သင်္ချိုင်း နံမည်ပျက်စရာဖြစ်တာကိုး တော်ပါသေးရဲ့ကွာ ဟိုဘက်ရွာက သင်္ချိုင်းစောင့်နဲ့ပေါင်းပြီးမလုပ်တာဘဲ တော်ပါသေးရဲ့ ဟားးးးးးးးဟားးးးးးးးးးး " ဟု အားရပါးရ ရယ်တော့
" အခုတော့ ခြေငြိမ်သွားပါပြီ ဦးလေးရဲ့ လှည်းတိုက်ပြီးပြန်လာရင်ဘယ်မှမထွက်တော့ဘူး သူလဲ တော်တော်လန့်သွားပုံရတယ် " ဟု ဒေါ်လှမြ က ပြောလေသည်
စာရေးဆရာမကြီး ကြည်ဦးရဲ့ ထူးဆန်းအံ့ဖွယ် ပရလောကနယ် စာအုပ်ထဲက ထုတ်ယူဖော်ပြခြင်းဖြစ်ပါတယ် ကိုသားကြီးက တစ္တေတမ်းချင်းမလာသေးဘူးလားတဲ့ ပြီးတော့ စာဖတ်ပရိတ်သတ်ကလဲ ပြောတယ် ငှက် ဇာတ်လမ်းက ကြောက်စရာလဲမကောင်းဘူးဆိုတာနဲ့ ကဲ ကြောက်စရာတင်ပေးလိုက်တယ်နော် အားလုံး ဖတ်ချင်ရင် ဒီမှာ ဒေါင်းချလိုက်နော် ညီမကတော့ အရမ်းကြိုက်တယ် အဲဒီစာအုပ်ကို အထူးသဖြင့် ကိုသားကြီးလို သရဲ တစ္တေ ကြိုက်သူများ ဖတ်နိုင်အောင်ပါ ဟီးးးး



26 comments:
ဝေး...၁၁၁၁၁၁၁၁၁ကွ...
အောင်မလေးဗျာ.. ကြောက်စရာကြီးပါလား။ အီး.ငှက်ကလေးက တစ်ယောက်ထဲ ဖတ်တာလား။ ... နောက်တစ်ခေါက်ကျရင် ကျွန်တော်ကိုယ်တွေ့ သရဲဇာတ်လမ်း တင်ပေးမယ်။ ကိုယ်တွေ့နော်..သူများတွေလို ဆားချက်တာမဟုတ်ဘူး.. အဟီး။
yu ya
တကယ်ဝန်ခံမယ် ဖတ်ရင်းနဲ့ ကြက်သီးတွေ ထကုန်လို့ ကုတင်ပေါ်တက် စောင်ခြုံပြီးဖတ်လိုက်ရတယ်..။
တိုက်ဆိုင်တာပြောရအုံးမယ် ငါလည်း နောက်တရက် နှစ်ရက်လောက်နေရင် သင်္ချိုင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တပုဒ်တင်မလို့ဟ...။ရေးလို့တော့ပြီးပါပြီ မတင်သေးဘဲ ထားထားတာလေ...။
အဲဒီပို့စ်ကြမှငှက်ကလေးလည်း အမွှေးအတောင်တွေ ပြန်ထောင်ကြသေးတာပေါ့
(ပိုင်တယ်နော် ကြော်ငြာပါတခါတည်းဝင်သွားတယ် )
ဒီနေ့ တော့ တနေ့တည်း ငှက်အိမ်ကို နှစ်ခါရောက်ပြီ။ ခေါင်းစဉ်တွေ့ရုံ နဲ့ စိတ်ဝင်စားလို့ ချက်ချင်းလာဖတ်တာ။ ကြောက်တော့ ကြောက်ပါဘူ၊ အစ်ကိုလည်း အပြင်မှာ လုံးဖူးသားပဲ ... လို့တော့ မထင်ပါနဲ့လို့။ ဟီးဟီး
ပျံပြီ အဲ မှားလို့ ပြန်ပြီ
ငှက်ကလေး မကောင်းဘူးးးးးးးး
ငှက်ကလေး မကောင်းဘူးးးးးးးး
ငှက်ကလေး မကောင်းဘူးးးးးးးး
ကိုယ့်အိမ်မှာလေ ပြီးခဲ့တဲ့နှစ်ရက်ကလူသေတယ်ဟ ကိုယ့်အခန်းဘေးကတရုတ်အဖိုးကြီးလေ
ခေါင်းမူးပါတယ်ဆိုပြီး ပြောလို့ သူဋ္ဌေးက အိမ်ပြန်ခဏနားခိုင်းတာ နေ့လည်လောက်ကျတော့ ကိုလည်းပြန်လာပြီး ခဏအွန်လိုင်းတက်တယ် ဘေးခန်းအဖိုးကြီးက တံခါးကြီးဟပြီး အိပ် နေတာ
ဟောက်လိုက်တာမှ ခလူး ခလောနဲ့ ကိုကလည်းခပ်တည်တည်ပဲအွန်လိုင်းမှာဘလော့လိုက်လည်
နေလိုက်တယ် တစ်အောင့်လောက်ကြာတော့
အဖိုးကြီးဟောက်သံတွေပျောက်သွားတယ်
အေးအေးဆေးဆေးအိပ်ပျော်သွားပြီလို့ကိုကထင်နေတာပေါ့
ညနေကျတော့ အဖိုးကြီးသူဋ္ဌေးတက်လာတယ် ပြီးလည်းပြီးရော အော်လိုက်တာ အသံအကျယ်ကြီးပဲ အဖိုးကြီးသေနေပြီတဲ့ ကို့မှာ ထခုန်မိမတတ်လန့်တော့တာပေါ့
စောစောကပဲဟောက်နေတဲ့လူ ခုတော့သေပြီဆိုတော့ တစ်ကယ်က ဟောက်နေတာမဟုတ်ဘူးဟ အသက်ငင်နေတာ ကိုက မသိဘူးလေ
ခုပြန်စဉ်းစားကြက်သီးတောင်ထတယ်
အခန်းမှာလည်း ကိုက တစ်ယောက်တည်းနေတာလေ
အရင်ကဆို ညနက်ရင်သရဲကားအမြဲကြည့်တယ်
ခု မကြည့်ရဲတော့ဘူးဟ အီးးးးး
နောက်ပြီးခုတလောလေ အိမ်ထဲမှာ ဘာမှန်းမသိတဲ့အနံ့တစ်ခုထွက်နေတယ်
ကယ်တော်မူကြပါဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒါနဲ့များတောင် သရဲပိုစ်တင်နေတယ်
မကျေနပ်ဘူးးးးးးးး
ပြောသာပြောရတာ
အစအဆုံးပဲ ဖတ်လိုက်မိတယ် အီးးး
ဒီညအိပ်မပျော်ရင် အဲဒါငှက်ကလေးကြောင့်ပဲ
ခုတော့ကိုတရားစွဲလှည့်ပဲ ဟွန်းးးးးးးးးးးးး
ဪ ...သားကြီးရဲ့ ငယ်နာမည်က ငတိုး တဲ့လား။။
မိန်းမ ခိုးလာတာလဲ ကြည့်ကျက်ခိုးမှပေါ့ သားကြီးရယ် ။
အထုတ်လေးလေးတွေ့ တာ နဲ့ အပိုင်ကို ကြံတော့ ခံရတာပေါ့ ..ဟားဟား။
ဒါနဲ့ နေပါအုံး ငှက်ရ ..
ငတိုး နပန်းလုံးခဲ့တာ က ပြိတ္တာ လား ၊ သူရဲ မ လား ။။။
ထင်တာကတော့ လင်ဆာကားကြီးစီးတဲ့ သူရဲမကြီး နေမှာနော် ...
ကောင်းတယ်ဟေ့ ... ဆက်သာခြောက် ပေးး
သိပီ ... သိပီ.. ငတိုးကို သွားတိုင်ပြောမယ် .. အဲ့ဒီညက ငတိုးကို ချောက်တာ ငှက်လေး လို့ .. ဘာလို့လဲဆိုတော့ ငတိုးရဲ့  အိမ်ခန်းထဲမှာ ငှက်လေးရဲ့ အတောင်ပံ တွေ ကို အနော်တွေ့လိုက်တယ်လေ ... ဟုတ်တယ်မို့လား ?
အီးးးးးးးးဟီးးးးးးးးဟီးးးးးးးးးးးး
လန့်သွားတာပဲ...ကြောက်လိုက်တာ
သရဲမလေး...
ဟင့်။။။ ကြောက်အောင် ခြောက်တယ်နော်။
ခုတရားစွဲမှာက ငါ့အလှည့်ဟေ့။
လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားအောင် ခြောက်လှန့်မှု...ဟင်းးးးး ရှေ့နေငှားပေတော့။ ဒါပဲပြောမယ်။။။။
ညီမလေးတပင်တပန်းရိုက်ထားတာလေး ဖတ်သွားတယ် ညီမလေးရေ...
သရဲ ၀ိညာဉ် မှင်စာ ပြိတ္တာ စုံအောင်ကို ရေးနေတော့တာပဲ နော်..ငှက်ငယ်လေးတို့က...
ဟားဟား
ငှက်ကလေးရေ အရောက်နောက်ကျ ခွင့်လွှတ်ပါ...နောက်များကြုံရင် သူများတွေလို တစ်ချင်ပါတယ်...နံပါတ်ကို ပြောတာနော်...တလွဲမတွေးနဲ့ ...
ငှက်...အဲ့ဒီစာအုပ်ထဲက စာတွေကို နဲနဲချင်း ရေးပြနော်.. နောင့် အရမ်း ကြိုက်ပဲ... နောင့် ကသရဲဆိုလဲ အသေကြောက် ပြီးတော့ သရဲအကြောင်းတို့ စာတို့ ဆိုရင် လဲ ကြိုက်မှကြိုက်... ဟိဟိ မကြုံဖူးပဲနဲ့ အဲ့ဒီလိုတွေ ဖတ်လိုက်နားထောင်လိုက်နဲ့ ကြောက် နေတာလေ.... ရုံးမှာ ဖတ်နေတာတောင်... ကြောက်လို့.... ဟီးးးးးးးးးး..
ကြောက်စရာကောင်းလိုက်တာဟာ။။။
အဲဒီလိုမျိုးဖြစ်ရင်တော့ ဒို့တော့သေမှာဘဲ။။
ငှက်လေးကတော့လုပ်တော့မယ်။
ကျွန်တော်က ကြောက်ရင်ဖက်တတ်တယ်။
နေဦး ငယ်လေးကို ဒီကိုလာဖတ်ခိုင်းလိုက်ဦးမယ်
ဒါမှ ပီားပီား
သူက အရမ်းကြောက်တတ်တာ။
ကြောက်ကြောက်နဲ့ အကုန်ဖတ်သွားတယ် ငှက်ကလေးရေ။
အာာာာ
ဒုက္ခပဲ။ ကျနော်က တစ်ယောက်တည်း ကိုသားကြီးလို အခန်းထဲမှာ နေရတာဗျ။ ခု ဖတ်ရင်းနဲ့ ကြောက်ပြီး ကိုနဲ့တောင် စကားများတဲ့အထိပဲ။ ကို့ကို ကြောက်တယ်လို့ ပြောမိတာကို သူက မကြောက်နဲ့တဲ့ ကိုဘေးမှာရှိတယ် ငုတ်တုတ်ကြီးဆိုပြီး အကောင်းပြောတာကို ကျနော်က တလွဲတွေးပြီးကြောက်ဒူးတွေတုန်လို့ ကုတင်ပေါ်က မဆင်းရဲတော့ဘူး။ တော်ပြီဟာ။ နောက်ဆို ငှက်အိမ်မှာ အဲ့ဟာဆို ကျနော်တစ်ယောက်တည်းရှိတဲ့အချိန်မဖတ်တော့ဘူးနော်။ နောက်မှ ပေါင်းဖတ်မယ်။ဟီး။ =P
မမီးက သရဲးနဲ့ ကုလားဆိုသေလောက်အောင်ကြောက်တယ်
ငှက်ကအသစ်တင်တော့လည်းဖတ်ကဖတ်ချင်နဲ့ ဖတ်ရသေးတယ်
ဟား ဟား ဒါကြောက်စရာလား
ငါ့နဲ့ထိပ်တိုက်တွေ.ရင် သရဲ မေ့လဲသွားမယ်
ငှက်မ နင်ဒါတွေပဲရေးပုံထောက်ရင်
သင်္ချိုင်းမှာ လဒ ငှက်ပဲဖြစ်မယ်းP
ငှက်နော် ကိုသားကြီးနဲ့အိန်ဂျယ်လိုဘဲ ဒီတခါနာ့ တရားစွဲအလှည့်။ ရှေ့နေငှားဖို့သာ ပြင်ထားးးးးးးးးး
ဒါဘဲ။
နာ့လဲ ဒီရောက်မှ တရဲနဲ့ခဏခဏတိုးတယ်အေ့။
ဟိုတလောက ရုံးကတရဲမ ဆို ချောတာဟယ်
ကုလားမသရဲ မွှေးတာလဲ အရမ်းဘဲ။
ငှက်နော် ကိုသားကြီးနဲ့အိန်ဂျယ်လိုဘဲ ဒီတခါနာ့ တရားစွဲအလှည့်။ ရှေ့နေငှားဖို့သာ ပြင်ထားးးးးးးးးး
ဒါဘဲ။
နာ့လဲ ဒီရောက်မှ တရဲနဲ့ခဏခဏတိုးတယ်အေ့။
ဟိုတလောက ရုံးကတရဲမ ဆို ချောတာဟယ်
ကုလားမသရဲ မွှေးတာလဲ အရမ်းဘဲ။
အောင်မလေး... ကြောက်စရာကြီးပါလား... ငှက်ကလေးရယ်....
ငှက် .. နင်မကောင်းဘူးး သရဲ အကြောင်းတွေ ရေးရေးပြီး နာ့ လာလာဖတ်ခိုင်းတယ်... နာ့ အသည်းလေး နုတာ နင် သိသားနဲ့ ... အဟင့် .. ပျော့ကွက်ကိုနင်းးး ဒုတ်နဲ့ ထိုးတယ် ... တော်ပြီ ... နောက် လာဘူးး
ဖတ်နေရင်းကျောချမ်းလိုက်တာ...အဲကွန်းအေးလို့...မဟုတ်
ပရလောကပရလောက ဆိုတော့ ..ဟိုးအရင်က
ပရဆေးရောင်းတဲ့ သူတွေနေတဲ့နေရာကိုပြောတာထင်ခဲ့တာ..
အခုမှ.....ကြောက်ကြောက်...
ဖတ်ဖူးတယ်ဗျ ဒါတော့ ကြာပြီ စာရေးဆရာ ကြည်ဦးရေးထားတာလေးပါ။ ကျနော်လဲ ကြိုက်တယ်ဗျ.. ဒါပေမဲ့ သူ့လိုတော့ အတတ်မဆန်းရဲပါဘူးဗျာ... ဟီး
အဲလို ဇာတ်လမ်းလေးတွေဆို တအားစိတ်ဝင်စားလို့ များများတင်ပေးပါ... :D
Post a Comment